မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့စစ်ဆင်ရေးပညာ
အခြေခံမူများကို လိုက်နာပါ
ဆွန်ဇူးက အောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်။

စစ်ပွဲအောင်နိုင်တယ်လို့ ကြိုတင်ပြောနိုင်တဲ့အချက်ငါးချက် ရှိတယ်။
၁။ ဘယ်အခါမှာ တိုက်ရမယ်။ ဘယ်အခါမှာ မတိုက်ရဘူးဆိုတာသိရင် စစ်ပွဲနိုင်မယ်။
၂။ မိမိထက်သာတဲ့ စစ်အင်အားကိုရော မိမိလောက်မတောင့်တင်းတဲ့ စစ်အင်အားကိုပါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နားလည်ရင် စစ်ပွဲနိုင်မယ်။
၃။ တပ်ဖွဲ့ဝင်အားလုံး ရည်မှန်းချက်ချင်းတူညီကြကာ စည်းလုံးနေရင် စစ်ပွဲနိုင်လိမ့်မယ်။
၄။ အသင့်အနေအထားမှာ မရှိသေးတဲ့ ရန်သူကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကောင်းကောင်းပြင်ဆင်ထားပြီး ဖြစ်ရင် စစ်ပွဲနိုင်လိမ့်မယ်။
၅။ ဗိုလ်ချုပ်ကြီးများဟာ စွမ်းရည်လည်းရှိကြမယ်။ နိုင်ငံ့ဥသျောင်ဖြစ်တဲ့ ဘုရင်ရဲ့ ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းလည်း မခံရဘူးဆိုရင် စစ်ပွဲနိုင်မယ်။

အထက်ပါငါးချက်ဟာ စစ်ပွဲအောင်နိုင်ရေးနည်းလမ်းတွေ ဖြစ်တယ်။ ဒါကြောင့် အောက်ပါအတိုင်း ကျွနုပ်ပြောလိုက်ပါတယ်။
- ရန်သူကို သိအောင်ကြိုးစားပါ။ မိမိတို့ကိုယ်ကိုလည်း သိအောင်ကြိုးစားပါ။ အဲဒီလိုကြိုးစားရင် စစ်ပွဲတစ်ရာနွှဲရလည်း အရှုံးမရှိနိုင်ဘူး။
- ရန်သူ့အကြောင်း မသိဘူး။ ဒါပေမဲ့ မိမိအကြောင်းကိုတော့ သိနေတယ်ဆိုရင် စစ်ရှုံးနိမ့်တဲ့ အလားအလာနဲ့ စစ်အောင်နိုင်တဲ့ အလားအလာတွေဟာ အတူဖြစ်တယ်။ အောင်လည်း အောင်နိုင်သလို ရှုံးလည်း ရှုံးနိုင်တယ်။
- ရန်သူအကြောင်းကိုရော မိမိတို့အကြောင်းကိုပါ မသိဘူးဆိုရင်တော့ တိုက်ပွဲတိုင်းမှာ ကျိန်းသေပေါက်ရှုံးသွားမယ်။

ဆွန်ဇူးရဲ့အခြေခံသဘောတရားများကို စီးပွားရေးလုပ်ရာမှာ ဆီလျော်စွာအသုံးချခြင်း
၁။ ဘယ်အခါမှာ (Offensive Action) စတင်လုပ်ကိုင်ရမလဲဆိုတာ သိအောင်လုပ်ပါ
Offensive Action ဆိုတာ စစ်ရေးမှာ မိမိတပ်က စတင်ထိုးစစ်ဆင်တာဖြစ်ပေမယ့်၊ စီးပွားရေးလုပ်ရာမှာတော့ ယှဉ်ပြိုင်ဘက်ရဲ့ စျေးကွက်ဝေစုကို အရယူနိုင်ရေးအတွက် အဲဒီပြိုင်ဘက်ကို ပစ်မှတ်ထားကာ လိုအပ်သလို လုပ်နိုင်ခြင်း ဖြစ်ပါတယ်။ ဘာသာပြန်သူ။ အသုံးတည့်တဲ့ သတင်းအချက်အလက်တွေ ရရှိထားမယ်ဆိုရင် ဘယ်အခါမှာ (Offensive) လုပ်ရမယ်။ ဘယ်အခါမှာမလုပ်ဘဲ နေရမယ်ဆိုတာ သိလာနိုင်တယ်။

၂။ အရင်းအမြစ်များကို လိုအပ်တဲ့နေရာတွေမှာ ခွဲဝေသုံးစွဲပါ
ငွေအား၊ လူအား၊ စက်ကိရိယာအား စတဲ့ အရင်းအမြစ်တွေမှာ မိမိကပြိုင်ဘက်ထက် အားနည်းနေခြင်း၊ ဒါမှမဟုတ် အားသာနေခြင်းအပေါ်လိုက်ပြီး လိုသလိုသုံးစွဲပါ။

၃။ စည်းလုံးညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်သွားနိုင်ရေးအတွက် အစီအစဉ်ရေးဆွဲပါ
ရာထူးတာဝန်အဆင့်အားလုံးမှာ ရှိကြသူတွေအားလုံးကို ရည်မှန်းချက်မှာ ယုံကြည်မှုရလာကြဖို့ ဆောင်ရွက်ပါ။

၄။ အခွင့်အလမ်းတွေ ပေါ်ပေါက်ရေး အကျိုးရှိအောင်သုံးပါ
သူများတွေ အသင့်အနေအထားမှာ မရှိတဲ့အချိန်မှာ မိမိက အသင့်ဖြစ်နေပါစေ။

၅။ ဗဟိုချုပ်ကိုင်မှု မလုပ်ပါနဲ့
လုပ်ငန်းဌာနစုခေါင်းဆောင်တစ်ဦးချင်းဟာ မိမိရဲ့လုပ်ငန်းကို သိထားရမှာဖြစ်တယ်။ သူတို့တစ်ဦးချင်းကို လုပ်ပိုင်ခွင့်လည်း ပေးထားရမယ်။

မန်နေဂျာရှုထောင့်မှ သုံးသပ်ချက်
အောင်မြင်ရေးနည်းလမ်း စည်းကမ်းတွေကို လစ်လျူရှုရင် ဆုံးရှုံးနစ်နာဖို့ အလားအလာသိပ်များပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ အခြေခံမူတွေမှာ အောက်ပါအတိုင်းဖြစ်တယ်။
ထောက်လှမ်းခြင်း၊ စနည်းနာခြင်းများကို အချိတ်အဆက်မိမိဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားပါ
စျေးကွက်ကိုလည်း သိထားရမယ်။ မိမိအကြောင်းလည်း သိထားရမယ်။ ဆုံးဖြတ်ချက်ချရာမှာ ရရှိထားတဲ့ သတင်းအချက်အလက်တွေပေါ်မှာသာ အခြေခံရမယ်။

ရည်မှန်းချက်တွေကို စွဲကိုင်ထားပါ
ပီပြင်တဲ့ ဦးတည်ချက်ချမှတ်ပါ။ ရည်ရွယ်ချက်ကို ငြိမ်အောင်ထိန်းထားပါ။ သွေဖည်မသွားပါစေနဲ့။

ခိုင်မာတဲ့အနေအထားရအောင်လုပ်ပါ
မိမိရဲ့အဓိကကျွမ်းကျင်မှုတွေကို ပိုမိုအားကောင်းလာအောင်လုပ်ပါ။ ပြိုင်ဘက်က အလွယ်တကူယူမသွားနိုင်တဲ့ နေရာကို ရအောင်လုပ်ပါ။

အမြဲယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားပါ
ယှဉ်ပြိုင်နိုင်ဖို့ အမြဲတမ်းရှိနေရင် လုပ်ရကိုင်ရတာ လွတ်လွတ်လပ်လပ် ရှိလာတယ်။ စိတ်အေးလက်အေး နေနိုင်သွားတယ်။

ရုတ်တရက် အံ့သြသွားမယ့် အစီအစဉ်တစ်ရပ်ချမှတ်ထားပါ
ဒါက ပြိုင်ဘက်ကို စိတ်ဓာတ်အရ လွှမ်းမိုးသွားအောင်လုပ်ရာမှာ အကောင်းဆုံးနည်းဖြစ်တယ်။ သူတို့မလုပ်ခင် မိမိက မြန်မြန်လုပ်ကြနိုင်ဖို့တော့ လိုတယ်။

ဘယ်လိုလှုပ်ရှားလုပ်ကိုင်မလဲ စဉ်းစားပါ
ပြိုင်ဘက်နဲ့ယှဉ်ရင် မိမိက တစ်ပန်းသာတဲ့ အနေအထားရအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြံဆပါ။ ယှဉ်ပြိုင်ရာမှာ ခုခံမှုသိပ်မရှိတဲ့ နေရာတွေကဘာလဲ၊ ဒါမှမဟုတ် ဘယ်သူမှမရှိသေးတဲ့ နေရာတွေက ဘာလဲဆိုတာတွေ့အောင်ရှာပါ။

အရင်းအမြစ်များကို စုစည်းထားပါ
သူများတွေနဲ့ယှဉ်ရင် မိမိက လုံလုံလောက်လောက်အသာ ရနေတဲ့အင်အားတွေကို ထိရောက်မှုရှိနိုင်တဲ့ နေရာတွေနဲ့ အချိန်အခါတွေမှာ စုစည်းထားပါ။ စစ်ဆင်ရေးမှာ မိမိက စစ်အင်အားမရှိရင် ပြောက်ကျားစစ်ဆင်ရေးနည်းကို သုံးရပါတယ်။ အင်အားအကြီးဆုံးတွေကတော့ ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် အင်အားနည်းသူတွေကို အောင်နိုင်မှာဖြစ်တယ်။

Economy of Force ဆိုတဲ့ စစ်ဆင်ရေးဆိုင်ရာ သဘောတရားအတိုင်း လုပ်ကိုင်ပါ
Economy of Force ဆိုတာ မိမိရဲ့ ရှိရှိသမျှ တိုက်ခိုက်နိုင်စွမ်း အင်အားတွေကို အတတ်နိုင်ဆုံးထိရောက်နိုင်သမျှ ထိရောက်အောင်သုံးစွဲခြင်း ဖြစ်ပါတယ်။

ရိုးရိုးရှင်းရှင်းလုပ်ပါ
ရိုးရှင်းတာဟာ အလုပ်အဖြစ်ဆုံးပါပဲ။ အရှင်းဆုံးအစီအစဉ်တွေတောင် တစ်ခါတစ်ရံအကောင်အထည်ဖော်ရတာ ခက်တတ်တယ်။

အထက်ဖော်ပြပါ စီးပွားရေးဆိုင်ရာ အခြေခံသဘောတရားတွေဟာ အောင်မြင်ရေးလမ်းညွှန်တွေဖြစ်တယ်။ ဒီသဘောတရားတွေကို တစ်ခါတစ်ရံဆန့်ကျင်လုပ်မိကြပေမယ့် အမြဲတမ်းထည့်သွင်းစဉ်းစားသင့်ပါတယ်။ သိတော့သိတယ်။ တလွဲလုပ်နေရင်တော့ အန္တရာယ်ရှိတယ်။ ဒီမူတွေ၊ သဘောတရားတွေကို မျက်ကွယ်ပြုတာဟာ မိုက်မဲရာကျတယ်။ ဆန့်ကျင်သွေဖည်ရင်လည်း ဆန့်ကျင်သွေဖည်နေပါလားဆိုတာ သိသင့်တယ်။ စီးပွားရေးလုပ်ငန်းမန်နေဂျာတွေဟာ လုပ်ငန်းအတွေ့အကြုံကို ရလာလေလေ ဒီသဘောတရားတွေကို သွေဖည်ရင် အန္တရာယ်များတယ်ဆိုတာ သိလာလေလေပါပဲ။ အဲဒီတော့ အကြောင်းပြချက် မခိုင်လုံဘဲနဲ့တော့ သွေဖည်လုပ်ကိုင်ဖို့ နည်းပါတယ်။



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again