အဓိကကျသော လုပ်ငန်းစွမ်းဆောင်မှု ညွှန်းကိန်း ၅ ခု

အဓိကကျသော လုပ်ငန်းစွမ်းဆောင်မှု ညွှန်းကိန်း ၅ ခု

အဓိကကျသော လုပ်ငန်းစွမ်းဆောင်မှု ညွှန်းကိန်း ၅ ခု


လုပ်ငန်းပိုင်ရှင်တိုင်းဟာ သူတို့ရဲ့လုပ်ငန်းကိုအောင်မြင်ချင်ကြပါတယ်။ ကိုယ့်ကုမ္ပဏီရဲ့ Facebook Page ထဲက Post တိုင်းကို ကိုယ့်ရဲ့အိမ်သားတွေက Like တွေ ပုံမှန်သေသေချာချာပေးကောင်းပေးနေနိုင်သလို ကိုယ်နဲ့လူကိုယ်တိုင်တွေ့ဆုံတဲ့ ဈေးဝယ်သူတွေက ကိုယ်လုပ်တာတွေကို ကြိုက်ချင်ကြိုက်ကြမှာဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း ဘယ်လောက်ကောင်းနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိဖို့ သေသေချာချာစစ်ဆေးပေးတဲ့ အရာတွေ နောက်ထပ်အများကြီးရှိနေပါသေးတယ်။ မှန်ကန်တဲ့လုပ်ငန်းစွမ်းဆောင်မှုအညွှန်းတွေကို သိထားခြင်းဟာ ကိုယ့်ရဲ့လုပ်ငန်းအခြေအနေ ဘယ်လောက်ကောင်းတယ်ဆိုတာ ကိုယ့်ကိုသိစေရုံသာမက အဲဒီအတွက် နောက်ထပ်လုပ်ရမယ့် အကောင်းဆုံးအရာဟာ ဘာလဲဆိုတာကို ဆုံးဖြတ်ဖို့လည်း ကူညီပါလိမ့်မယ်။

မကြာသေးခင်က AccPro Singapore Group က လုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုမှာ လုပ်ငန်းရှင်တိုင်းက ပုံမှန်အနေနဲ့မျက်ခြေမပြတ်ရမယ့် အဓိကကျတဲ့ လုပ်ငန်းစွမ်းဆောင်မှုညွှန်းကိန်း ၅ ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အခု အဲဒီညွှန်းကိန်း ၅ ခုကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အသားတင်ရငွေ
အသားတင်ရငွေဟာ အခြေခံအားဖြင့် လုပ်ငန်းရဲ့ အသက်သွေးကြောဖြစ်ပြီး အဲဒီအသားတင်ရငွေဟာ ဈေးဝယ်သူတွေက ပေးချေတဲ့ငွေတွေ၊ ချေးငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေဆီက လာပါတယ်။ အသားတင်ရငွေဟာ ကိုယ့်ရဲ့ဝန်ထမ်းတွေ၊ ငှားရမ်းခတွေ၊ ပစ္စည်းပေးသွင်းသူတွေရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေလို မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းအသုံးစရိတ်တွေကို ထုတ်ပေးရတဲ့ငွေ (အသားတင်ပေးငွေ) ဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်လိုချင်တဲ့အရာဟာ ကိုယ့်လုပ်ငန်းအတွက် တည်ငြိမ်မြင့်မားပြီး အပေါင်းလက္ခဏာပြတဲ့ အသားတင်ရငွေဖြစ်ပါတယ်။

ကိုယ်ကပိုပြီးသေးငယ်တဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အခါ ဒီအရာကို မျက်ခြေမပြတ်အောင်လုပ်ဖို့ လွယ်ကူပါတယ်။ ဒါပေမဲ့ လုပ်ငန်းဟာ ဝန်ထမ်းအဝင်အထွက်များတဲ့ လုပ်ငန်းတစ်ခုအဖြစ် ကျယ်ပြန့်သွားတဲ့အခါ ငွေသားလည်ပတ်မှုကို မျက်ခြေမပြတ်အောင်လုပ်ဖို့ အများကြီး ပိုပြီးခက်ခဲသွားနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာ အသားတင်ငွေသားလည်ပတ်မှုကို ခြေရာခံဖို့ မှန်ကန်တဲ့နည်းလမ်းကတော့ ငွေသားနဲ့ ဘဏ်ကိုင်တွယ်ထိန်းသိမ်းမှုလုပ်ထုံးလုပ်နည်းတွေကို ကိုယ့်အဖွဲ့ထဲမှာရှိတဲ့ လူတွေအားလုံးရဲ့ စိတ်ထဲမှာ စွဲသွားအောင်လုပ်ပေးခြင်းပဲဖြစ် ပါတယ်။ ဒါပေမဲ့ လူတွေရဲ့အမှားကို ရှောင်လွှဲလို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း လုပ်ငန်းရှင်တွေကို ကွန်ပျူတာနဲ့ စာရင်းကိုင်တဲ့စနစ်တွေကို အသုံးပြုဖို့အကြံပေးချင်ပါတယ်။ အဲဒီစနစ်တွေဟာ ငွေသားလည်ပတ်မှုကို စနစ်ကျတဲ့နည်းလမ်းနဲ့ စောင့်ကြည့်စစ်ဆေးဖို့ ကူညီပေးပါတယ်။

၂။ အသားတင်အမြတ်
လုပ်ငန်းပိုင်ရှင်တွေဟာ သူတို့ရဲ့ကြိုးစားအားထုတ်မှုတွေ အများဆုံးကို ကုမ္ပဏီအတွက် ရောင်းအားတက်အောင် လုပ်တဲ့နေရာမှာအာရုံစိုက်ကြတာဟာ ထုံးစံလိုဖြစ်နေပါ တယ်။ ဒါပေမဲ့ အရောင်းဝင်ငွေရဲ့ တိုးတက်မှုအရမ်းကောင်းနေတဲ့အခါ အရောင်းတိုးတက်မှုနဲ့အတူဖြစ်လာနိုင်တဲ့ ကုန်ကျစရိတ်တွေ တိုးလာမှုကို မျက်စိသျှမ်းသွားဖို့ လွယ်ကူပါတယ်။

အိမ်တွင်းဒီဇိုင်းပြင်ဆင်မှုလုပ်ငန်းလုပ်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ တစ်နှစ်ပြီး တစ်နှစ်ဝင်ငွေ အကြီးအကျယ်တိုးတက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းတွေကို ခြေရာခံပြီး အရောင်းကော်မရှင်နဲ့ ရုံးငှားရမ်းခလို ဆက်နွယ်နေတဲ့ လုပ်ငန်းကုန်ကျစရိတ်တွေကိုရှင်းပြဖို့အတွက် သင့်တော်မှန်ကန်တဲ့ စာရင်းကိုင်စနစ် သူ့မှာဘာမှမရှိခဲ့ပါဘူး။ ဒီလိုအခြေအနေမျိုးတွေမှာ လုပ်ငန်းတစ်ခုဟာ အရောင်းတွေပိုပြီးများနေတာတောင်မှ နှစ်ကုန်မှာ အကျိုးအမြတ်ပိုပြီးနည်းနေတာကို တွေ့ရနိုင်ပါတယ်။ အဲဒီအမှားမျိုးကို မလုပ်မိဖို့အတွက် ကိုယ့်ရဲ့အသားတင်အမြတ်ကို သတိထားပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၃။ ဝန်ထမ်းအဝင်အထွက်နှုန်း
ဒါဟာ ပိုပြီးသေးငယ်တဲ့ လုပ်ငန်းပိုင်ရှင်တွေအတွက်ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဝန်ထမ်းတွေဟာ အလွန်တင်းကျပ်တဲ့ အစီအစဉ်တွေနဲ့ လုပ်ငန်းပေါင်းများစွာကို တာဝန်ခံဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ပိုပြီးသေးငယ်တဲ့ လုပ်ငန်းတစ်ခုထဲမှာရှိတဲ့ ဝန်ထမ်းတစ်ဦးချင်းဟာ အမြဲတမ်းလိုလို အလုပ်တစ်မျိုးထက်မကကိုလုပ်နေရတဲ့အတွက် အလုပ်က ဘယ်လိုထွက်ခွာသွားမှုမျိုးမဆို အဖွဲ့ရဲ့စွမ်းအားကို ကြီးမားတဲ့ ထိုးနှက်မှုတစ်ခုဖြစ်သွားနိုင်ပါတယ်။ ကိုယ့်ဝန်ထမ်းတွေရဲ့ အဝင်အထွက်နှုန်းကို နည်းအောင်ထိန်းထားဖို့အတွက် ဝန်ထမ်းတွေအတွက် သူများနဲ့ယှဉ်နိုင်တဲ့ လစာပေးရေးအစီအစဉ်တွေရှိတယ်ဆိုတာကို သေချာအောင်လုပ်ရုံနဲ့ မပြီးပါဘူး။ သူတို့ဘဝအတွက် အရေးပါတယ်လို့ သူတို့ယူဆတဲ့အလုပ်နဲ့ သူတို့ကိုစိတ်ဓာတ်တက်ကြွအောင် လုပ်ပေးတာဟာလည်း ကောင်းမွန်တဲ့ သူတို့ရဲ့ပင်ကိုယ်စွမ်းရည်ကိုထိန်းထားဖို့အတွက် အဓိကကျပါတယ်။

အဲဒါကြောင့် အရင်တုန်းက လက်နဲ့လုပ်ခဲ့တဲ့ ပိုပြီးငြီးငွေ့စရာကောင်းတဲ့ အလုပ်တစ်ခုရဲ့ လုပ်ငန်းစဉ်တွေကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် နည်းပညာကို အကောင်းဆုံးအသုံးချဖို့လုပ်ငန်းရှင်တွေကို တိုက်တွန်းအားပေးချင်ပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့ ဝန်ထမ်းတွေဟာ ဈေးဝယ်သူတွေနဲ့ ဆက်ဆံရေးမှာ၊ ဒါမှမဟုတ် မဟာဗျူဟာကျတဲ့ စီမံကိန်းချမှတ်မှုမှာ အပန်းဖြေချိန်တွေကို ရင်းနှီးမြှုပ်နှံတာမျိုးလုပ်ပြီး လုပ်ငန်းနဲ့ သူတို့ကိုယ်သူတို့ကို တန်ဖိုးတက်အောင်လုပ်ပေးမယ့် အလုပ်အပေါ်မှာ အာရုံစိုက်လို့ ရသွားပါတယ်။

၄။ လက်ငင်းအချိုး
လက်ငင်းရရန်ပိုင်ခွင့်စုစုပေါင်းကို လက်ငင်းပေးရန်တာဝန်စုစုပေါင်းနဲ့စားပြီး လက်ငင်းအချိုးကို တွက်ပါတယ်။ ဒီအချိုးက ကုမ္ပဏီရဲ့ငွေဖြစ်လွယ်မှုနဲ့ လိုအပ်လာရင် သူတို့ရဲ့ မြီရှင်တွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဆောင်ရွက်ပေးနိုင်တဲ့ စွမ်းရည်ကို ညွှန်ပြပါတယ်။ ကောင်းမွန်တဲ့လက်ငင်းအချိုးဟာ လုပ်ငန်းတစ်ခုနဲ့တစ်ခုမှာ ကွာခြားပေမယ့် ပုံမှန်အချိုးကတော့ ၁.၅ နဲ့ ၃ ဆကြားထဲမှာရှိပါတယ်။

လက်ငင်းအချိုးများခြင်းဟာ လုပ်ငန်းတစ်ခုအနေနဲ့ သူ့ရဲ့မြီရှင်တွေကို ပြန်လည်ပေးဆပ်ဖို့အလားအလာ ပိုပြီးရှိတာကို ညွှန်ပြနေတဲ့အတွက်ကြောင့် ပိုပြီးကောင်းတယ်လို့ယူဆပါတယ်။ ဒါပေမဲ့ လက်ငင်းအချိုး များလွန်းနေရင် လုပ်ငန်းဟာ သူ့ရဲ့လက်ငင်းရပိုင်ခွင့်တွေကို ထိရောက်မှုရှိသင့်သလောက်ရှိအောင် မသုံးဘူးဆိုတဲ့ အဓိပ္ပာယ်လည်းထွက်နိုင်ပါတယ်။

လုပ်ငန်းရှင်တချို့ဟာ သူတို့ရဲ့ ဘဏ္ဍာရေးအခြေပြလက်ကျန်ရှင်းတမ်းမှာ ဒါရိုက်တာတွေဆီက ယူထားတဲ့ ချေးငွေတွေ တော်တော်များရှိနေတဲ့အတွက် လက်ငင်းအချိုးတော်တော်နည်းနေပါတယ်။ ဒါဟာ လုပ်ငန်းပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့ပုဂ္ဂလိကပိုင်ငွေတွေကို လုပ်ငန်းထဲမှာထည့်ထားပြီး လိုအပ်တဲ့ အကျိုးအမြတ်တွေပြန်မရကြဘူးဆိုတာကို ရိုးရိုးကလေးပြောပြနေပါတယ်။

၅။ မြီစားများသက်တမ်းရင့်မှုအချိုး
ဒီအချိုးဟာ လုပ်ငန်းက သူ့ရဲ့ကြွေးမြီတွေကို ပြန်ရဖို့ကြာတဲ့အချိန်ကို ညွှန်ပြနေပါတယ်။ ဈေးဝယ်သူတွေဆီက အကြွေးတွေကို စောစောပြန်ပြီးရလေ၊ ကိုယ့်ငွေသားလည်ပတ်မှုပိုပြီးကောင်းလေဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ကိုယ့်ရဲ့ဈေးဝယ်သူတွေက ကိုယ့်ကိုငွေပေးချေတာမှာ အချိန်တွေကြာလွန်းရင် အဲဒါက ကိုယ့်ရဲ့လုပ်ငန်းဆောင်ရွက်မှုတွေကို အများကြီးထိခိုက်စေနိုင်ပါတယ်။

တချို့ဈေးဝယ်သူတွေဟာ ကျင့်ဝတ်သိက္ခာမစောင့်စည်းဘဲ သူတို့ကပေးရမယ့် ငွေတွေကို ကိုယ်ကမေ့နေဖို့ မျှော်လင့်ကောင်းမျှော်လင့်နေနိုင်ပေမယ့် ကိုယ်နဲ့တွေ့တဲ့ ဈေးဝယ်သူအများစုဟာ ကိုယ်ပေးချေထားတဲ့ ငွေတွေကို မျက်စိသျှမ်းတာ၊ ဒါမှမဟုတ် များပြားလွန်းတဲ့ ရုံးလုပ်ငန်းတွေနဲ့ ပိနေတဲ့အတွက် သတ်မှတ်ထားတဲ့ အချိန်မှာ ကိုယ့်ကို ချက်လက်မှတ်တစ်စောင် မပို့နိုင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာတော့ ပေးစရာငွေတွေနဲ့ပတ်သက်ပြီး ဈေးဝယ်သူတွေကို အချိန်မီသတိပေးတဲ့ နောက်ဆက်တွဲအလုပ်လောက်ကိုပဲ လုပ်ဖို့လိုအပ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)

credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again