သင့်လစာတိုးစေဖို့ အထောက်အကူပြုမယ့် နေ့စဉ်အကျင့် ၁၅ မျိုး

သင့်လစာတိုးစေဖို့ အထောက်အကူပြုမယ့် နေ့စဉ်အကျင့် ၁၅ မျိုး
နေ့စဉ်စားဝတ်နေရေး စရိတ်တွေမြင့်တက်လာတာနဲ့အမျှ သင်ဟာသင့်ရဲ့လစာက ပိုနည်းလာသလို အောက်မေ့ရပါလိမ့်မယ်။ အထူးသဖြင့် နှစ်ပေါင်းအတော်ကြာကြာ သင့်လစာမတိုးဘဲဆက်ပြီး လုပ်ကိုင်နေရရင် ပိုဆိုးပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ စီးပွားရေးကျဆင်းမှုကြုံရတတ်ပြီး သင့်လစာမတိုးတာ အဲဒါကြောင့်ဖြစ်နေရင် ဆက်ပြီးသည်းခံစောင့်ဆိုင်းဖို့ သင့်ဘာသာဆုံးဖြတ်ရမှာပါ။ ဒါမှမဟုတ် လစာမတိုးဘဲ တခြားအခွင့်ထူးတွေကို သင်ခံစားချင်ခံစားနေရလို့လည်း ဖြစ်မယ်။

သင့်လုပ်ဖော်ကိုင်ဖက်တွေက လစာတိုးနေဆဲဖြစ်ပြီး သင်ကလစာမတိုးဘဲနေရင် လစာတိုးအောင် သင်တောင်းဆိုဖို့ အချိန်တန်ပါပြီ။ သင်လစာတိုးဖို့အတွက် အခွင့်အရေးပိုရအောင် လုပ်လို့ရတဲ့ အမူအကျင့်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အလုပ်ကို စောစောရောက်ပါ။

သင်ဟာ အလုပ်ကို အမြဲနောက်ကျရောက်တဲ့အမှုထမ်းဆိုရင် ဘယ်တော့မှ လစာတိုးမှာမဟုတ်ပါဘူး။ အမေရိကန်စိတ်ပညာအသင်းကြီးရဲ့ သုတေသနပြုချက်တစ်ခုအရအလုပ်ကို စောပြီးရောက်သူတွေဟာ ပိုပြီးအသိတရားရှိတယ်လို့ ယူဆခံရသတဲ့။

၂။ ဖိအားဒဏ်ကို ကြော့မော့စွာတောင့်ခံပါ။

ဖိအားရှိတဲ့အခါ သင်ဘယ်လို တုံ့ပြန်သလဲ။ နေ့စဉ်ကြုံရတဲ့ စိတ်ဖိစီးမှုတွေကို အေးအေးဆေးဆေး ရင်ဆိုင်ဖြေရှင်းတဲ့ အမှုထမ်းတွေကို ကြီးကြပ်သူတွေက မျက်နှာသာပေးပါတယ်။

၃။ အပြုသဘောဆောင်တဲ့ စိတ်မွေးပါ။

အလုပ်ရှင်တွေက လုပ်ငန်းခွင်ကိုအပြုသဘောဆောင်ပြီး တက်ကြွတဲ့စိတ်ထားနဲ့ နေ့စဉ်ရောက်လာတဲ့ အမှုထမ်းတွေကို (အထူးသဖြင့်) ညည်းတွားတတ်တဲ့သူတွေထက် ပိုနှစ်သက်ပါတယ်။

၄။ အတင်းအဖျင်းပြောခြင်းကို ရှောင်ကြဉ်ပါ။

သောက်ရေပုံးနားမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆုံပြီး သင်အတင်းပြောချင်စိတ်ရှိပေမယ့် အလုပ်ရှင်က အဲဒါမျိုးကို အာရုံစိုက်နေပါတယ်။ အတင်းပြောတဲ့အုပ်စုထဲပါဝင်ခြင်းကြောင့် သင်ဟာပညာရှင်မဆန်သူလို့ အထင်မှား ခံရနိုင်ပါတယ်။

၅။ ထုတ်လုပ်နိုင်စွမ်းရှိပါစေ။

သင့်ကြီးကြပ်သူက လစာတိုးပေးတဲ့ကိစ္စစဉ်းစားနေရင် နေ့စဉ်သင့်ရဲ့အလုပ်ရလဒ်က အဓိကခြားနားမှုဖြစ်နိုင်ပါ တယ်။ တစ်နေ့လုံး သင်အာရုံစိုက်ရမယ့်နည်းလမ်းကိုရှာပြီး သတ်မှတ်ချိန်ထက် စောပြီးအောင် စဉ်ဆက်မပြတ်လုပ်ပါ။

၆။ ပါဝင်ပတ်သက်ဆောင်ရွက်ပါ။

အကြံဉာဏ်သစ်ထုတ်နေတဲ့အချိန်မှာ၊ ဒါမှမဟုတ် ခရစ္စမတ်ပါတီပွဲမှာ၊ ဒါမှမဟုတ် Networking လုပ်နေတဲ့အခါ မှာ သင်ပါဝင်ရင်တက်ကြွလှုပ်ရှားပါ။ သင့်ကို မန်နေဂျာကအဖွဲ့ထဲမှာ အရေးပါသူအဖြစ်မြင်ရင် လစာတိုးမယ့် အမှုထမ်းစာရင်းမှာ သင်ထိပ်ဆုံးကပါနိုင်ပါတယ်။

၇။ ပြဿနာဖြေရှင်းပါ။

ပြဿနာဖြေရှင်းသူတွေဟာ ဘယ်အသင်းအဖွဲ့မှာမဆို အရေးပါပါတယ်။ ဒါအပြင် သင့်အထက်လူကြီးမှာ ပြဿနာရှင်းဖို့ လိုအပ်တိုင်း သင်ကဖြေရှင်းပေးသူဖြစ်အောင်ကြိုးစားပါ။

၈။ တန်ဖိုးဖြည့်စွက်ပေးပါ။

သင်လစာတိုးချင်ရင် သင့်အလုပ်ရှင်ကို သင်ယူဆောင်လာတဲ့တန်ဖိုးထပ်ဖြည့်ပါ။ ကျွမ်းကျင်မှုအသစ်ကို သင်ရယူပါ၊ ဒါမှမဟုတ် အောင်လက်မှတ်တစ်ခုခုထပ်ယူပါ။ ပြီးရင် အလုပ်ရှင်ကို သင့်ရဲ့နောက်ဆုံး ကိုယ်ရေးရာဇဝင်အသစ်တင်ပြပါ။

၉။ အသင်းအဖွဲ့နဲ့ လက်တွဲလုပ်တတ်သူဖြစ်ပါစေ။

သင့်လုပ်ဖော်ကိုင်ဖက်တွေ ဒုက္ခကြုံတဲ့အခါ သင်ဘယ်လောက်အထိကူညီသလဲ။ သူများထက် 'ထူး' ဖို့လိုသလို သင်ဟာအသင်းအဖွဲ့နဲ့ လုပ်ကိုင်တတ်သူအဖြစ် အလုပ်ရှင်တွေကသင့်ကိုမြင်ဖို့လည်း အရေးကြီးပါတယ်။

၁၀။ သင့်အလုပ်ရှင်ကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံပါ။

သင့်ကုမ္ပဏီမှာ သင်ဟာအလုပ်ကြိုးစားဆုံးလူဖြစ်ပေမယ့် အဲဒါကို အလုပ်ရှင်သူဌေးက မသိသေးရင် အဓိပ္ပာယ်မရှိဘူး။ သင့်ရဲ့နောက်ဆုံးအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီ အစီရင်ခံတဲ့အကျင့်မွေးပါ။ အရေးကြီးတဲ့ ရေရှည်စီမံကိန်းတစ်ခုခုကို သင်လုပ်ကိုင်နေရတဲ့အခါမှာ ပိုလုပ်သင့်တယ်။

၁၁။ သူများတွေနဲ့ တည့်အောင်ပေါင်းပါ။

သင့်အဖွဲ့ဝင်တွေကို သင်ကူညီပါ။ ဒါပေမဲ့ ခိုက်ရန်ဖြစ်ပွားမှုကို လုံးဝရှောင်ပါ။ သင်မှန်နေရင်တောင် ရန်မဖြစ်ပါနဲ့။ သူများတွေနဲ့မတည့်ရင် သင့်ကိုသူဌေးကပြဿနာရှာတတ်သူလို့ယူဆပါလိမ့်မယ်။

၁၂။ အသက်မွေးဝမ်းကျောင်းပညာရှင် ပီသစွာဝတ်ဆင်ပါ။

Office Team ရဲ့ ၂၀၁၃ ခုနှစ် စစ်တမ်းတစ်ခုအရ အရာရှိ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက အမှုထမ်းတစ်ဦးရဲ့ ရာထူးတိုးအခွင့်အရေးအပေါ် သူ့ရဲ့ဝတ်စားဆင်ယင်ပုံက သက်ရောက်တယ်လို့ဆိုပါတယ်။ သင်ဟာ အချိန်ပြည့်သပ်ရပ် သန့်ရှင်းကြော့မော့နေပါစေ။

၁၃။ ရာထူးတိုးဖို့ လျောက်ထားပါ။

လစာတိုးဖို့ အကောင်းဆုံးနည်းလမ်းအနက်တစ်ခုက သင်ရာထူးသစ်ရဖို့ပါပဲ။ ရာထူးအသစ်တွေ လစ်လပ်ကြောင်း နားစွင့်ပြီး သင့်အရည်အချင်းပြည့်မီရင် အဲဒီရာထူးကိုလျောက်ကြည့်ပါ။

၁၄။ မေးမြန်းပါ။

သင့်ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအင်အားတောင့်တင်းရင် လစာတိုးခိုင်းဖို့ မတုံ့ဆိုင်းပါနဲ့။ ကုမ္ပဏီအတွက် သင့်တန် ဖိုးကိုပြောပြပြီး ဘာကြောင့်လစာတိုးပေးထိုက်ကြောင်း ခိုင်မာတဲ့ဆင်ခြေတွေတင်ပြပါ။

၁၅။ သင်ဘယ်တော့ အလုပ်ထွက်သင့်သလဲသိပါစေ။

တစ်ခါတလေ သင်ဘယ်လောက်ပဲအားစိုက်စိုက် သင့်လက်ရှိအလုပ်ရှင်နဲ့ လက်တွဲမှုဟာ ဂိတ်ဆုံးရောက်နေ တယ်။ သင့်အတွက် လုံးဝတိုးတက်မှုမရှိတဲ့အလုပ်မှန်း သေချာသိရတဲ့အခါ ပိုကောင်းတဲ့အလုပ်သွားရှာပါ။ လူ တိုင်း လစာတိုးချင်ပါတယ်။

အခုပေးတဲ့အကြံတွေအရ ချက်ချင်းလစာတိုးဖို့ အာမမခံပေမယ့် ကုမ္ပဏီမှာရေရှည်လုပ်စားဖို့၊ ရာထူးတိုးပြီး အပြုသဘောဆန်စွာ အသိအမှတ်ပြုခံရဖို့ အထောက်အကူပြုပါလိမ့်မယ်။

ရည်မှန်းချက်က ရေရှည်မှာသင့်ကိုမြှင့်တင်ပေးမယ့် အကျင့်ကောင်းတွေဖန်တီးပေးဖို့ဖြစ်တယ်။ တစ်ခါတလေ အဲဒါဟာ တိုးတဲ့လစာကြောင့် ပိုရတဲ့ငွေထက် ပိုပြီးကျေနပ်စရာကောင်းချင်ကောင်းပါလိမ့်မယ်။

Credit: CEO Myanmar Facebook Page

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again