စေ့စပ်ညှိနှိုင်းခြင်း လျို့ဝှက်ချက် ၁၁ ချက်

စေ့စပ်ညှိနှိုင်းခြင်း လျို့ဝှက်ချက် ၁၁ ချက်

ကျွန်တော်တို့မြန်မာလူမျိုးများအနေဖြင့် ထိထိရောက်ရောက် စေ့စပ်ညှိနှိုင်းခြင်းအားနည်းကြသည်။ အဖြူနှင့် အမည်း၊ သူ့ဘက်နှင့်ကိုယ့်ဘက်၊ တိတိကျကျအဖြေကို အလိုရှိပေသည်။ အလယ်တွင်ရပ်တည်ခြင်း၊ အဖြူနှင့် အမည်းကြား ခဲရောင်အနေအထားကို လုံးဝလက်ခံခြင်း မရှိတတ်ကြပေ။ ဤသို့ကြုံတွေ့ရပါကလည်း ပျော့ညံ့ သူ၊ မပြတ်သားသူ၊ သတ္တိမရှိသူ စသဖြင့် အနုတ်လက္ခဏာအမည်မျိုးစုံတတ်ကြပေသည်။

ယခုခေတ်အခြေအနေမျိုးတွင် လုံးဝဥဿုံယတိပြတ် မပြောင်းမလဲမှန်သော တိကျသောအဖြေ မျိုးရရှိရန် ခက်ခဲလာပေသည်။ အထူးသဖြင့် အခက်အခဲများ၊ စိန်ခေါ်မှုများ၊ အပြောင်းအလဲများ ကြုံတွေ့ချိန် တွင် ဖြစ်နိုင်ခြေအဖြေများလေ အကျိုးရှိလေဖြစ်ပါသည်။ လက်တွေ့တွင် ကြုံတွေ့လာရသော အင်တာနက်နှင့် ဒစ်ဂျစ်တယ်မီဒီယာ၏ပြောင်းလဲမှုမြန်ဆန်လွန်းခြင်း၊ တိတိကျကျ တတ်ကျွမ်းနားလည်ရန် ခက်ခဲခြင်းကြောင့် အသက်အရွယ်ရလာသူများအနေဖြင့် လူငယ်လူရွယ်များနှင့် ယှဉ်ပြိုင်၍ ဆွေးနွေးညှိနှိုင်းရသည်မှာ ကြီးမား သောစိန်ခေါ်မှုဖြစ်ပေသည်။ ''ငါတို့တုန်းက ဒီလိုပဲ လုပ်ခဲ့တာပဲ''၊ ''ငါတို့လုပ်တာမှန်တယ်'' ဆိုသည့်အတွေး အခေါ်မျိုးနှင့် ယှဉ်ပြိုင်ရန်ခက်ခဲလာမည်ဖြစ်ပေသည်။

စေ့စပ်ညှိနှိုင်းခြင်း၏အနှစ်သာရမှာအများ လက်ခံနိုင်ဖွယ်ရှိသော၊ အကျိုးရှိသောရလဒ်တစ်ခုရယူ ရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်သော်လည်း တစ်ခါ တစ်ရံတွင် အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် ထပ်ခါတလဲလဲတွေ့ဆုံညှိနှိုင်းရန် လိုအပ်တတ်ပေသည်။ တစ်ခါတစ်ရံ တိုးသာဆုတ်သာဖြစ်နိုင်ခြေအဖြေသုံး လေးမျိုးကို အခြေခံပြီး အသင့်တော်ဆုံးအဖြေကို ညှိနှိုင်းရန်ဖြစ်ပါသည်။

စီးပွားရေးပြိုင်ဆိုင်မှုအခြေအနေများ ပြောင်းလဲလာသည်နှင့်အမျ ဆုံးဖြတ်ချက်တာဝန်ယူရသူများနှင့် မန်နေဂျာများအဖို့ နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် win-win အခြေအနေသို့ရောက်အောင် ပြင်ဆင်ထားဖို့ လို အပ်ပြီး စေ့စပ်ညှိနှိုင်းခြင်းပညာရပ်ကို ကျွမ်းကျင်မှုရှိအောင် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါသည်။

၁။ ကြိုတင်ပြင်ဆင်ထားရန်

လက်တမ်းကြုံသလို စေ့စပ်ညှိနှိုင်းခြင်းသည် မိမိအလိုရှိသောအဖြေရလဒ်ရရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်၍ တစ်ဖက်သူ၏ တင်ပြဆွေးနွေးချက်ကို ဂရုတစိုက် နားထောင်အာရုံစူးစိုက်လေ့လာရန် လိုအပ်ပြီး လိုအပ်လျင် လိုအပ်သလို မိမိစေ့စပ်ညှိနှိုင်းရမည့်အကြောင်းအရာနှင့်ပတ်သက်၍ အပင်ပန်းခံလေ့လာထားရန် လို အပ်ပါသည်။

၂။ ညှိနှိုင်းရမည့်အချက်များကို ချရေးထားရန်

စာရွက်ပေါ်တွင်ဖြစ်စေ၊ ကွန်ပျူတာတွင်ဖြစ်စေ မိမိညှိနှိုင်းရမည့် မျော်မှန်းထားသည့်ရလဒ်များကို ချရေးထား ခြင်းသည် အာရုံစူးစိုက်ရန် အထိရောက်ဆုံးဖြစ်လေသည်။ ဤသို့ချရေးထားခြင်းဖြင့် တစ်ခါတစ်ရံ တစ် ဖက်လူက အာရုံပျက်ရန်၊ တမင်တကာစိတ်အနှောင့် အယှက်ဖြစ်ရန် ရည်ရွယ်လုပ်ဆောင်မှုကို ကာကွယ်နိုင်လေသည်။

၃။ မိမိအားနည်းချက်များကို ကြိုတင်သိထားရန်

စေ့စပ်ညှိနှိုင်းရာတွင် ပုဂ္ဂိုလ်ရေးဆန်လွန်းပါက မိမိရည်မှန်းချက်ဦးတည်ချက်များ ပျက်ပြားပြီး တစ်ဖက်လူအ တွက် အခွင့်အရေးရရှိသွားစေမည်ဖြစ်သည်။ ထို့ကြောင့်မိမိစိတ်ကို အနှောင့်အယှက်ဖြစ်စေမည့်အခြေအနေမျိုး ညှိနှိုင်းမှုမျိုးကြုံရပါက စေ့စပ်ညှိနှိုင်းခြင်း၏အဓိကရည်ရွယ်ချက်ကို အာရုံစူးစိုက်ထားရန် လိုအပ်ပါသည်။

၄။ ကိန်းဂဏန်းနှင့်ပတ်သက်၍ ညှိနှိုင်းရာတွင် သတိပြုရန်

မိမိ၏စေ့စပ်ညှိနှိုင်းမှုတွင် ကိန်းဂဏန်း၊ သို့မဟုတ် ငွေကြေးရာခိုင်နှုန်းအခန်းကဏ္ဍပါဝင်လာလျင် ယတိပြတ် နံပါတ်တစ်ခုတောင်းဆိုခြင်းထက် အပိုင်းအခြား၊ (ဥပမာ- ၈၀ နှင့် တစ်ရာကြား၊ သို့မဟုတ် ၃-၅ ရာခိုင် နှုန်း)ထားရှိပြင်ဆင်ထားခြင်းသည် မိမိလိုချင်သော ရလဒ်ရရန် နီးစပ်မှုရှိပေသည်။

၅။ အာလာပသလ္လာပပြောဆိုခြင်းဖြင့်အစပြုပါ

ကမ္ဘာကျော် Stanford နှင့် Columbia တက္ကသိုလ်ကြီး များ၏ 'အီးမေးလ်ကို အခြေခံသည့် စေ့စပ်ညှိနှိုင်းမှုများ' ကို လေ့လာရာတွင် စေ့စပ်ညှိနှိုင်းမှုကို တိုက်ရိုက်ဆွေးနွေးသူအုပ်စုများနှင့် အာလာပသလ္လာပ စတင်ပြော ဆိုခြင်းမှ စေ့စပ်ညှိနှိုင်းမှုပြုသူအုပ်စုတွင် ဒုတိယအုပ်စုအနေဖြင့် အောင်မြင်မှုရာခိုင်နှုန်း ၅၉ ရာခိုင်နှုန်းထိ ရရှိကြောင်း တွေ့ရှိရပေသည်။

၆။ မျက်နှာချင်းဆိုင်တွေ့ဆုံညှိနှိုင်းပါ

အထိရောက်ဆုံးနည်းမှာ မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းခြင်းဖြစ်ပါသည်။ သို့သော် သတိပြုရန်မှာ စိတ် လှုပ်ရှားလွယ်ခြင်းရှိပါက သတိထားရန် လိုအပ်ပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးများအနေဖြင့် အင်္ဂလိပ်စာအားနည်းတတ်ရာ အထူးသဖြင့် စီးပွားရေး ဥပဒေသများအခြေခံသော စာချုပ်များဆိုပါက ပိုသတိ ထားရန်လိုအပ်ပါသည်။

၇။ မသိလျင် မေးပါ၊ လေ့လာပါ

စေ့စပ်ညှိနှိုင်းခြင်းတွင် စိတ်ဓာတ်ခိုင်မာရန် အထူးအရေးပါပြီး မိမိမသိသည့် မသေချာသည့်အချက်ရှိပါက ''ရပါ တယ်''၊ ''ကိစ္စမရှိပါဘူး''ဟု လက်လွတ်စပယ်ပစ်မထားဘဲ မသိလျင်သိအောင်၊ မသေချာလျင် သေချာအောင် မေးမြန်းရန် လိုအပ်ပါသည်။ ယခုအချိန်တွင် အင်တာနက်မှတစ်ဆင့် ဗဟုသုတများရရှိရန် လွယ်ကူသဖြင့် သေသေချာချာလေ့လာပြင်ဆင်ရန် လိုအပ်ပါသည်။ သဘောတူစာချုပ်တွင် မထင်မှတ်သည့်အချက်တစ်ချက်ကြောင့် ရေရှည်တွင် ဒုက္ခရောက်နိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။

၈။ 'ရေတိုညှိနှိုင်းခြင်း ရလဒ်' ရှောင်ရှားပါ

တစ်ခါတစ်ရံ တစ်ဖက်က တွန်းတွန်းတိုက်တိုက်ညှိနှိုင်းလာပါက ပြီးစလွယ်ခေါင်းညိတ်လက်ခံလိုက်ခြင်းမပြု ရန် လိုအပ်ပါသည်။ တစ်ဖက်သတ်ရလဒ်ရှိသည့်စေ့စပ် ညှိနှိုင်းမှုမျိုးထက် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်သည့်ရ လဒ်ရရှိအောင် အားစိုက်ညှိနှိုင်းရန် လိုအပ်ပါသည်။

၉။ ဖြစ်နိုင်ခြေအဖြေများ ပြင်ဆင်ထားပါ

မိမိလိုချင်သည့်အဖြေတစ်ခုတည်းကို ဆုပ်ကိုင်ညှိနှိုင်းပါက အောင်မြင်သောရလဒ်ရရှိရန် ခက်ခဲတတ်ပါသည်။ သို့ဖြစ်၍ အစကနဦးကတည်းကပင် ဖြစ်နိုင်ခြေ (Options) များများ စဉ်းစားပြင်ဆင်ထားခြင်းသည် မိမိ အတွက် အခြေအနေကောင်းပြင်ဆင်ထားရာရောက်ပေသည်။ သို့မှသာ မိမိသဘောမကျသည့်ရလဒ်မျိုး ကြုံ တွေ့ရပါက စေ့စပ်ညှိနှိုင်းမှုကို လျစ်လျူရှုနိုင်ပေသည်။ တစ်ခါတစ်ရံစေ့စပ်ညှိနှိုင်းခြင်းမှ ထွက်ခွာသွားခြင်း သည် အကောင်းဆုံးအဖြေဖြစ်နေတတ်ပါသည်။

၁၀။ လူနှင့် အကြောင်းအရာကွဲပြားရန်

စေ့စပ်ညှိနှိုင်းရာတွင် လူနှင့်အကြောင်းအရာကွဲပြားရန် လွန်စွာအရေးပါလှပေသည်။ နှစ်ဦးနှစ်ဖက်စလုံး မိမိ ဘက် ပိုအကျိုးရှိရန်၊ အကျိုးအမြတ်များရန် ရည်ရွယ် ၍ ညှိနှိုင်းရသည်ဖြစ်ရာ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်တတ်လေသည်။ ထိုအခြေအနေမျိုးကြုံ တွေ့ရလျင် နှစ်ဦးနှစ်ဖက်၏အကျိုးထက် လုပ်ငန်း၏ အဓိကရည်မှန်းချက်အကြောင်းအရာကိုသာ ဦးစားပေးရန် သတိပြုရန် လိုအပ်ပေသည်။

၁၁။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူဥပဒေပညာရှင်များနှင့် စေ့စပ်ညှိနှိုင်းရန်

အထူးသဖြင့် စာချုပ်စာတမ်းများပါအချက်များ စေ့စပ်ညှိနှိုင်းရာတွင် ဆုံးဖြတ်ရမည့်သူတိုက်ရိုက်ဝင်ရောက် ဆွေးနွေးခြင်းထက် သက်ဆိုင်ရာဘာသာရပ်ကျွမ်းကျင် သည့်ဥပဒေပညာရှင်များနှင့် ညှိနှိုင်းစေခြင်းသည် အထိ ရောက်ဆုံးဖြစ်လေသည်။ တစ်နည်းအားဖြင့် တာဝန်ခံ ဆုံးဖြတ်ရမည့်သူအတွက်လည်း အချိန်ရသည့်အပြင် ဖြစ်နိုင်ခြေအဖြေများကို စဉ်းစားပြင်ဆင်ထားနိုင်ပေသည်။


Ref: The Economist Readers' Digest
Credit: CEO Myanmar Facebook Page



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again