မီးလုံးတစ်လုံးရဲ့ တန်ဖိုး
တစ်ခါက အလုပ်ရုံတစ်ခုမှာ အလုပ်သင်လူငယ်လေးတစ်ယောက်ရှိပါတယ်။ သူ့ကို အလုပ်နဲ့ပတ်သက်ပြီး သင်ပြပေးတဲ့သူက ဝါရင့်စက်ပြင်ဆရာကြီးတစ်ယောက်ဖြစ်ပြီး သူ့ကို စကားနည်းနည်းပြော၊ စက်ရုံထဲမှာ လုပ်ရမယ့်အလုပ်တွေနဲ့ပတ်သက်ပြီး အရည်အချင်းတွေကို တိုးတက်အောင် အမြဲလုပ်နေဖို့ သင်ကြားလမ်းညွှန်ပေးပါတယ်။
အချိန် ၁၀ နှစ်လောက်ကြာတဲ့အခါမှာ စက်ပြင်ဆရာကြီးက အနားယူသွားပြီး လူငယ်လေးက စက်ပြင်ဆရာဖြစ်လာခဲ့ပါတယ်။ သူက အလုပ်ထဲမှာ ဆရာကြီးသင်ကြားခဲ့တဲ့အတိုင်း စိတ်ထည့်ပြီး ကြိုးကြိုးစားစားလုပ်ဆောင်နေခဲ့ပါတယ်။
တစ်နေ့မှာ သူ့ဟာ ညှိုးငယ်တဲ့မျက်နှာနဲ့ ဆရာကြီးဆီကို ရောက်လာပါတယ်။ ဆရာကြီးက ဘာကြောင့်မျက်နှာမကောင်းတာလဲ မေးတဲ့အခါ လူငယ်က သက်ပြင်းချရင်း "ကျွန်တော် ဒီနှစ်တွေအတွင်းမှာ ဆရာကြီးရဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပြီး အလုပ်လုပ်တဲ့အခါတိုင်း တိတ်တဆိတ်နဲ့ အာရုံစိုက်လုပ်ပါတယ်။ အလုပ်ရုံထဲမှာ ကျွန်တော်လုပ်ရမယ့်အလုပ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်နေပါပြီ။ ဒါပေမယ့် ကျွန်တော့်လောက် အတွေ့အကြုံမရှိ၊ မကျွမ်းကျင်တဲ့သူတွေက ရာထူးတိုးသွားကြပြီး ကျွန်တော်က ဒီအတိုင်းပဲ ဖြစ်နေတယ်" လို့ ပြောပါတယ်။
ဒီအခါ ဆရာကြီးက "မင်းက စက်ရုံမှာ မရှိမဖြစ်တဲ့သူတစ်ယောက်ဖြစ်လာချင်တာလား"
"ဟုတ်ပါတယ်" လူငယ်လေးက ပြန်ဖြေလိုက်တယ်။
ဆရာကြီးက ခဏတာစဉ်းစားလိုက်ပြီး "ဒါဆိုရင် မင်း အလုပ်ကနေ ခွင့်တစ်ရက်လောက် ယူလိုက်" လို့ အကြံပေးလိုက်ပါတယ်။
ဆရာကြီးရဲ့အကြံပေးစကားကို လူငယ်က အကျိုးအကြောင်းသိပ်နားမလည်ပေမယ့် အကြံပေးချက်အတိုင်း မန်နေဂျာဆီမှာ ခွင့်တစ်ရက်ယူပြီး နားလိုက်ပါတယ်။
ခွင့်ရက်ကုန်ပြီး နောက်တစ်နေ့မှာ အလုပ်ပြန်ဆင်းတဲ့အခါ မန်နေဂျာက သူ့ကို ခေါ်တွေ့ပါတယ်။ သူ ခွင့်ယူတဲ့ရက်မှာ သူတာဝန်ယူထားတဲ့အလုပ်တွေကို အခြားသူတွေက ကောင်းကောင်းမလုပ်နိုင်ကြောင်း၊ သူ့ရဲ့ကျွမ်းကျင်မှုကို အလေးထားကြောင်နဲ့ အကြီးတန်းစက်ပြင်ဆရာအဖြစ်ရာထူးတိုးပေးမယ့်အကြောင်း ပြောလိုက်ပါတယ်။ ပြီးတော့ သူ့ကို အလုပ်ကိုကြိုးစားလုပ်ဆောင်ပေးဖို့လည်း အားပေးလိုက်ပါတယ်။
ဆရာကြီးရဲ့အကြံဉာဏ်အတိုက်လုပ်ဆောင်တာက အလုပ်ဖြစ်သွားတာကြောင့် ဒီနည်းလမ်းဟာ အောင်မြင်မှုရဲ့လျို့ဝှက်ချက်လို့ သတ်မှတ်လိုက်ပါတော့တယ်။
အဲ့ဒီအချိန်ကစပြီး လူငယ်လေးဟာ သူ့ရဲ့လက်ရှိအခြေအနေထက် ပိုရသင့်တယ်လို့ ထင်တိုင်းမှာ ခွင့်တစ်ရက်ယူလေ့ရှိပြီး ခွင့်ပြန်လာချိန်တိုင်းမှာလည်း အခြေအနေက သူမျှော်လင့်ထားသလို ဖြစ်နေတာကြောင့် ကျေနပ်နေခဲ့ပါတယ်။
ဒီပုံစံအတိုင်း လပေါင်းများစွာကြာအောင် လုပ်ဆောင်နေခဲ့ပြီး တစ်ရက်မှာတော့ သူ့ကို အလုပ်ရပ်နားတာကို ခံလိုက်ရပါတယ်။ သူ့အဖြစ်ကို မယုံကြည်နိုင်ဖြစ်သွားပြီး ဘာလုပ်ရမှန်းမသိတာကြောင့် ဆရာကြီးဆီကို သွားမေးပါတယ်။
"ကျွန်တော် ဆရာကြီးလမ်းညွှန်တဲ့အတိုင်းလုပ်ခဲ့တာကို ဘာဖြစ်လို့ အလုပ်ပြုတ်သွားရတာလဲ"
ဆရာကြီးက "တကယ်တော့ မင်းက ငါပြောတဲ့သင်ခန်းစာရဲ့ တဝက်ကိုပဲ လုပ်ခဲ့တာကိုးကွ၊ ငါပြောတာကို ဆုံးအောင်နားမထောင်ပဲ ထွက်သွားခဲ့တယ်။ တကယ်လို့ မင်းက မီးလုံးတစ်လုံးဖြစ်မယ်ဆိုရင် အမြဲလင်းနေတဲ့ မီးလုံးရဲ့ အလင်းတန်ဖိုးကို ဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ဘူး။ ဒါ့ကြောင့် တစ်ခါတစ်လေမှာ မီးမလင်းပဲ မှောင်နေဖို့ လိုတယ်။ ဒါမှ မင်းရဲ့တန်ဖိုးကို နားလည်ကြမှာ။ ဒါက သင်ခန်းစာရဲ့ပထမတဝက်ပဲ"
"ဒုတိယတဝက်ကရော" လူငယ်လေးက မေးတဲ့အခါ
"ဒုတိယတဝက်က ပထမတဝက်ထက် ပိုအရေးကြီးတယ်၊ မီးလုံးတစ်လုံးက အမြဲတမ်းလိုလို လင်းလိုက်မလင်းလိုက်ဖြစ်နေရင် ဘယ်သူကမှ ယုံကြည်တော့မှာ မဟုတ်ဘူး။ အမြဲတမ်းလင်းမယ်လို့ ယုံကြည်ရတဲ့ အခြားမီးလုံးတစ်လုံးနဲ့ အစားထိုးခံရမှာပဲ။ ဘယ်သူကမှ အလင်းရောင်သေချာရဖို့ အာမမခံနိုင်တဲ့ မီးလုံးကို သုံးမှာ မဟုတ်ဘူး" လို့ ဆရာကြီးက ဖြေလိုက်ပါတယ်။
Credit: Gentleman Magazine Facebook Page
Share :
Add New Comment