နည်းပညာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီး Jeff Bezos

နည်းပညာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီး Jeff Bezos
၁၉၆၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာမွေးဖွားခဲ့တဲ့ Jeffrey Preston "Jeff Bezos ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ နည်းပညာနဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး Amazon.com ရဲ့ တည်ထောင်သူနဲ့ CEO အဖြစ်သာမက Online နဲ့ အစပိုင်းမှာ စာအုပ်တွေကိုရောင်းပြီး နောက်ပိုင်းမှာ ပစ္စည်းပေါင်းစုံကိုရောင်းတဲ့ ကုန်သည်တစ်ယောက်အနေနဲ့ e-commerce ရဲ့တိုးတက်မှုမှာ အဓိကအခန်းကဏ္ဍက ပါခဲ့ပါတယ်။ သူ့ရဲ့ ဦးဆောင်လမ်းညွှန်မှုနဲ့ Amazon.com ဟာ တစ်ကမ္ဘာလုံးရဲ့ကွန်ရက်မှာ အကြီးဆုံး လက်လီရောင်းချရေးလုပ်ငန်းကြီးနဲ့ Internet နဲ့ဈေးရောင်းချမှုမှာ ထိပ်တန်းစံပြလုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ Bezos ဟာ The Washington Post သတင်းစာကြီးကိုဝယ်ယူခဲ့ပါတယ်။ မကြာသေးခင်က Amazon ရဲ့ စတော့ဈေးနှုန်းတွေ ရုတ်တရက်မြင့်တက်မှုကြောင့် ၂၀၁၅ ခုနှစ်၊ မတ်လမှာ Bezos ရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၅၀ ရှိမယ်လို့ ခန်းမှန်းရတဲ့အတွက် Forbes မဂ္ဂဇင်းကြီးရဲ့ ဘီလီယံနာများစာရင်းထဲမှာ သူဟာအဆင့် ၁၅ ကို ရောက်သွားခဲ့ပါတယ်။

ငယ်စဉ်ဘဝ

Bezos ကို New Mexico ပြည်နယ် Albuquerque မြို့မှာ မိဘတွေဖြစ်ကြတဲ့ Jacklyn နဲ့ Ted Jorgensen တို့က မွေးဖွားခဲ့ပါတယ်။ သူ့ရဲ့မိခင်ဘက်က ဘိုးဘွားတွေဟာတက္ကဆက်ပြည်နယ်မှာ လာရောက်အခြေချနေထိုင်ခဲ့သူတွေဖြစ်ကြပြီး Cotulla မြို့အနီးက မျိုးရိုးစဉ်ဆက်အဆင့်ဆင့်စုဆောင်းမိလာခဲ့တဲ့ မွေးမြူရေးခြံဧရိယာဟာ ဧက ၂၅,၀၀၀ (၁၀၁ စတုရန်းကီလိုမီတာ၊ ဒါမှမဟုတ် ၃၉ စတုရန်းမိုင်) ရှိပါတယ်။ ၂၀၁၅ ခုနှစ်၊ မတ်လမှာတော့ Bezos ဟာ ပြည်နယ်ကအကြီးဆုံးမြေပိုင်ရှင်ကြီးတွေစာရင်းထဲကို ဝင်လာခဲ့ပါတယ်။ Bezos ရဲ့ မိခင်ဘက်က အဘိုးဟာ Albuquerque မြို့က အမေရိကန် အဏုမြူစွမ်းအင်ကော်မရှင်ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာဖြစ်ပါတယ်။ သူဟာ အဲဒီမွေးမြူရေးခြံကို စောစောစီးစီးသွားပြီး အနားယူခဲ့တဲ့အတွက် Bezos ဟာ သူ့ရဲ့ကလေးဘဝမှာ အဲဒီအဘိုးဖြစ်သူနဲ့အတူ အဲဒီခြံမှာအလုပ်လုပ်ရင်း နေထိုင်ခဲ့ပါတယ်။ သူငယ်ငယ်တုန်းက လမ်းလျောက်ခါစအရွယ်မှာပဲ သူအိပ်တဲ့ခုတင်ကို ဖြုတ်ဖို့ ကြိုးစားပြီး စက်တွေနဲ့ပတ်သက်တဲ့ သူ့ရဲ့ပင်ကိုစွမ်းရည်ကိုပြခဲ့ပါတယ်။

သူ့ကိုမွေးတုန်းက Bezos ရဲ့အမေ Jacklyn ဟာ ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။ဒါပေမဲ့ သူ့အမေဟာ သူ့ကိုမွေးပြီး တစ်နှစ်ကျော်ကျော်လောက်ပဲ သူ့အဖေနဲ့ လမ်းခွဲခဲ့ပါတယ်။ Jeff လေးနှစ်အရွယ်ကို ရောက်တဲ့အခါ သူ့အမေဟာ Miguel Bezos နဲ့ ထပ်ပြီးလက်ထပ်ခဲ့ပါတယ်။ Miguel Bezos ဟာ ၁၅ နှစ်သား အရွယ်ကတည်းက အမေရိကန်နိုင်ငံထဲကို ရွှေ့ပြောင်းဝင်ရောက်ခဲ့တဲ့ ကျူးဘားလူမျိုးတစ်ယောက်ဖြစ်ပါ တယ်။ သူတို့မိသားစုဟာ ဖလော်ရီဒါပြည်နယ် Miami ကို ပြောင်းရွှေ့ခဲ့ပြီး သူက Miami Palmetto အထက်တန်းကျောင်းကို တက်ခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ ပညာသင်နေချိန်မှာပဲ ဖလော်ရီဒါတက္ကသိုလ် က ကျောင်းသားသိပ္ပံလေ့ကျင့်ရေးအစီအစဉ်ကို တက်ရောက်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ Silver Knight ဆုကို ရရှိခဲ့ပါတယ်။ သူဟာ အထက်တန်းကျောင်းမှာ အမှတ်အများဆုံးနဲ့အောင်တဲ့ကျောင်းသား ဖြစ်ခဲ့သလို National Merit ပညာသင်ဆုရှင်တစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။

သူဟာ ရူပဗေဒပညာကိုသင်ယူဖို့အတွက် Princeton တက္ကသိုလ်ကို တက်ခဲ့ပေမဲ့ မကြာခင်မှာပဲသူနှစ်ခြိုက်တဲ့ ကွန်ပျူတာပညာဆီကို ပြန်လာခဲ့ပြီး Electrical Engineering နဲ့ Computer Science ဘာသာရပ်တွေမှာ အမြင့်ဆုံးဂုဏ်ထူးတွေနဲ့ သိပ္ပံဘွဲ့တစ်ခုစီရခဲ့ပါတယ်။ Princeton တက္ကသိုလ်ကို တက်နေချိန်မှာ သူဟာ Phi Beta Kappa နဲ့ Tau Beta Pi ဆိုတဲ့ ဂုဏ်ထူးဆောင်အဖွဲ့တွေမှာ ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ အာကာသစူးစမ်းလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် Princeton ကျောင်းသားများအသင်းမှာ President အဖြစ်လည်း သူတာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အလုပ်အကိုင်

၁၉၈၆ ခုနှစ်မှာ Princeton တက္ကသိုလ်က ဘွဲ့ရပြီးတဲ့နောက် Bezos ဟာ Wall Street သတင်းစာကြီးရဲ့ကွန်ပျူတာသိပ္ပံကဏ္ဍမှာ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ Fitel လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ Website တစ်ခုတည်ဆောက်ရေးမှာ အလုပ်လုပ်ခဲ့ပြီး အဲဒီနောက် Bankers Trust မှာဝင်လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ D.E.Shaw ကုမ္ပဏီမှာ အင်တာနက်နဲ့ ပံ့ပိုးထားတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးလည်း လုပ်ကိုင်ခဲ့ပါတယ်။

Bezos ဟာ ၁၉၉၄ ခုနှစ်မှာ နယူးယောက်ကနေ Seattle အထိ တစ်နိုင်ငံလုံးကိုဖြတ်သန်းတဲ့ကားလမ်းခရီးကို မောင်းနှင်ရင်း သူလုပ်မယ့်လုပ်ငန်းစီမံချက်ကိုရေးပြီး Amazon.com ကိုတည်ထောင်ခဲ့ပါတယ်။ အစပိုင်းမှာ Bezos ဟာ ကုမ္ပဏီရုံးကို သူ့ရဲ့ကားဂိုဒေါင်ထဲမှာ ဖွင့်ခဲ့ပါတယ်။ အင်တာနက်သုံးစွဲမှု အလျင်အမြန် ကြီးထွားလာမှုအကြောင်းကို လေ့လာပြီးတဲ့နောက် Bezos ဟာ ဝင်ငွေကောင်းတဲ့သူ့ရဲ့အလုပ်ကို နယူးယောက်မြို့က Hedge Fund တစ်ခုမှာထားခဲ့ပါတယ်။ Bezos ဟာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်တွေကိုအာရုံစိုက်တယ်လို့နာမည်ကြီးပါတယ်။ Portfolio.com ရဲ့ဖော်ပြချက်အရဆိုရင် Bezos ဟာ ပျော်ပျော်နေတတ်ပေမယ့် အသေးစိတ်တွေမှာလိုက်ပြီးပါတဲ့ပုဂ္ဂိုလ် ကြီးတစ်ယောက်ဖြစ်ပါတယ်။ စာချုပ်စာတမ်းတွေထဲက အသေးစိတ်တွေကစပြီး Amazon ရဲ့သတင်းထုတ် ပြန်ချက်တွေထဲမှာ သူ့အကြောင်းကို ဘယ်လိုကိုးကား ဖော်ပြထားတယ်ဆိုတဲ့ အသေးစိတ်တွေအားလုံးကို သိချင်နေတဲ့အမှုဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ အရေးအသားတွေထဲမှာလည်း အမြဲဝင်စွက်တတ်ပါတယ်။

Blue Origin
၂၀၀၀ ပြည့်နှစ်မှာ Bezos ဟာ လူလိုက်ပါတဲ့ အာကာသခရီးကို စတင်လုပ်ကိုင်မယ့် Blue Origin ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒါဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် ကမ္ဘာပတ်လမ်းကြောင်းထဲမှာရှိနေမယ့် အာကာသဟိုတယ်တွေ၊ အပန်းဖြေဥယျာဉ်တွေ၊ နယ်မြေသစ်တွေ၊ လူဦးရေ နှစ်သန်းသုံးသန်းနေနိုင်မယ့် မြို့ကြီးတွေဖော်ထုတ်ရေးပါဝင်တဲ့ အာကာသခရီးအပေါ် သူ့ရဲ့စွဲလမ်းမှုရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ သူဟာ ဒီကုမ္ပဏီကို လျို့ဝှက်ထားခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ စမ်းသပ်မှုလုပ်ငန်းတစ်ခုလုပ် ဖို့ တက္ကဆက်ပြည်နယ်အနောက်ပိုင်းမှာ တော်တော်ကြီးမားတဲ့ မြေကွက်ကြီးတစ်ခုကို ဝယ်လိုက်တဲ့အခါမှသာ ဒီကိစ္စဟာ လူသိရှင်ကြားစပြီးဖြစ်လာခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ Bezos က သူ ဒီအာကာသကုမ္ပဏီကိုတည်ထောင်ခဲ့တာဟာ လူူတိုင်းကို အာကာသခရီးသွားနိုင်အောင် ကူညီဖို့ဖြစ်ပြီး အာကာသခရီးအတွက် ကုန်ကျစရိတ်တွေကို လျော့ချပေးဖို့နဲ့ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးဖို့ ဒီကုမ္ပဏီက တာဝန်ယူထားပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Blue Origin ဟာ Customer တွေအနေနဲ့ အခကြေးငွေနဲ့ အာကာသခရီးသွားနိုင်အောင် စတင်လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ Amazon လိုပဲ လျို့ဝှက်ပေမဲ့ စမ်းသပ်ပျံသန်းမှုတစ်ခုမှာ လူမပါတဲ့ယာဉ်ပုံစံသစ်တစ်ခု ဆုံးရှုံးခဲ့တယ်ဆိုတာကို (၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ) ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဲဒါဟာ အခက်အခဲပြဿနာတစ်ခုဖြစ်ပေမဲ့ ဒီကြေညာချက်က Blue Origin အဖွဲ့ဟာ ဘယ်လောက်အထိ လုပ်ကိုင်ပြီးနေပြီလဲဆိုတာကို ပထမဆုံးထုတ်ဖော်ပြသလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ယာဉ်ပျက်ကျမှုဟာ ကျွန်တော်တို့ လိုလားတဲ့ရလဒ်တစ်ခုမဟုတ်ပေမဲ့ ဒါကိုဆက်လုပ်ဖို့ ကျွန်တော်တို့ တာဝန်ယူထားပြီးပါပြီလို့ Bezos က ပြောပါတယ်။

၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလလဆန်းပိုင်းမှာ Customer တွေဆီအရောက်

ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မှုကို ပေးဖို့အတွက် မောင်းသူမဲ့လေယာဉ်တွေ၊ လူတွေလုပ်နိုင်တဲ့ အလုပ်မျိုးစုံကိုလုပ်နိုင်တဲ့ အဝေးထိန်းစက်တွေကိုသုံးပြီး Amazon ရဲ့ "Amazon Prime Air" လို့ ခေါ်တဲ့စီမံချက်အသစ်တစ်ခုကို ထုတ်ဖော်ပြသလိုက်တဲ့အခါ Bezos ဟာ နာမည်ကြီးသွားခဲ့ပါတယ်။ Bezos ရဲ့အပြောအရ အဲဒီမောင်းသူမဲ့လေယာဉ်တွေဟာ ကုမ္ပဏီရဲ့ဖြန့် ဖြူးရေးဌာနက ဆယ်မိုင်လောက်ဝေးတဲ့ နေရာကိုငါးပေါင်အထိလေးတဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီ Prime Air ဟာ လေးငါးနှစ်ကာလအတွင်းမှာ တကယ်အကောင်အထည်ပေါ်လာတော့မယ်လို့လည်း သူကအခိုင်အမာပြောခဲ့ပါတယ်။

Jeff Bezos ၏ ဇနီး MacKenzie Bezos နှင့် ယင်းတို့၏ မိသားစုဘဝ

MacKenzie Bezos ဟာ Jeff Bezos ရဲ့ ဇနီးဖြစ်ပါ တယ်။ သူဟာ နာမည်ကျော် အမေရိကန်ဝတ္ထုရေး စာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ကယ်လီဖိုးနီးယား ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ သူ့ ရဲ့အဖေက ဘဏ္ဍာရေးစီမံကိန်းရေးဆွဲသူတစ် ယောက်ဖြစ်ပြီး အမေကတော့ အိမ်မှုကိစ္စတွေကိုပဲ လုပ်ကိုင်ပါတယ်။ ပညာရေးအနေနဲ့ သူဟာ
ကွန်နက်တီးကပ်ပြည်နယ်က Hotchkiss ကျောင်းကို တက်ရောက်ခဲ့ပြီး Princeton တက္ကသိုလ်ကဘွဲ့ရခဲ့ပါတယ်။ သူဟာ စာရေးဆရာ Toni Morrison ရဲ့လက်အောက်မှာစာရေးနည်းသင်တန်းကို တက်ရောက်ခဲ့ပြီး အတန်းထဲမှာ အတော်ဆုံးသင်တန်းသူတစ်ယောက်ပဲလို့ Morrison က သူ့ကိုမှတ်ချက်ချခဲ့ပါတယ်။ သူဟာ ၂၀၀၆ ခုနှစ်ရဲ့ အမေရိကန်စာအုပ်ဆုကိုလည်း ရခဲ့ပါတယ်။ Traps ဈေးနဲ့ The Testing of Luther Albright စာအုပ်တွေကတော့သူ့ရဲ့ အကျော်ကြားဆုံးစာအုပ်တွေပဲဖြစ်ပါတယ်။ Jeff မှာ သားသမီးလေးယောက်ရှိပြီး အဲဒီလေးယောက် ကတော့ သူတို့ရဲ့ သားသုံးယောက်နဲ့ တရုတ်ပြည်က သူတို့ခေါ်ပြီး မွေးစားခဲ့တဲ့ သမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သားအကြီးဆုံး Prezton ကို ၂၀၀၀ ပြည့်နှစ်မှာ မွေးခဲ့ပြီး နောက်ထပ်သားနှစ်ယောက်ကို မွေးအပြီးမှာ အငယ်ဆုံးဖြစ်တဲ့ တရုတ်ပြည်ကသမီးကလေးကို မွေးစားခဲ့တာဖြစ်ပါတယ်။

E-Commerce ကို ရှေ့ဆောင်လမ်းပြလုပ်ခဲ့ခြင်း

Bezos ဟာ သူ့ရဲ့ ကုမ္ပဏီပေါက်စကလေးအတွက် ရုံးကိုသူ့ရဲ့ကားဂိုဒေါင်ထဲမှာ ဖွင့်ခဲ့ပါတယ်။ အဲဒီနေရာမှာ သူဟာ ဝန်ထမ်းနည်းနည်းပါးပါးနဲ့ Software တွေ ဖော်ထုတ်တဲ့အလုပ်ကို စပြီးလုပ်ခဲ့ပါတယ်။ သူတို့ဟာ သူတို့ရဲ့ လုပ်ငန်းတွေကို Sun Microstation သုံးခုတပ်ဆင်ထားတဲ့ အိပ်ခန်းနှစ်ခန်းပါတဲ့ အိမ်တစ်လုံးမှာ ထပ်ပြီးတိုးချဲ့ခဲ့ကြပြီး နောက်ဆုံးမှာ Test Site တစ်ခုကို ဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီ Site ကို Beta Test လုပ်ဖို့ မိတ်ဆွေအပေါင်းအသင်းသုံးရာကို ဖိတ်ကြားခဲ့ပြီးတဲ့နောက် ၁၉၉၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်မှာ Bezos ဟာ Amazon.com ကို ဖွင့်ခဲ့ပါတယ်။ တောင်အမေရိကတိုက်ကို ရစ်ခွေစီးဆင်းနေတဲ့ မြစ်ကြီးရဲ့နာမည်ကိုယူပြီး အဲဒီအမည်ကို ပေးခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီဟာ အစပိုင်းမှာပဲ တစ်ရှိန်ထိုးအောင်မြင်ခဲ့ပါတယ်။ Amazon.com ဟာ စာနယ်ဇင်းလောကမှာ ဘာအရောင်းမြှင့်တင်ရေးမှမလုပ်ဘဲ ရက်ပေါင်း ၃၀ အတွင်း အမေရိကန်နိုင်ငံတစ်လွှားနဲ့ နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ စာအုပ်တွေ ရောင်းခဲ့ပါတယ်။ နှစ်လအတွင်းမှာ အပတ်စဉ်ရောင်းအားဟာ ဒေါ်လာနှစ်သောင်းအထိ ရောက်သွားခဲ့တဲ့အတွက် Bezos နဲ့သူ့အဖွဲ့ မျော်မှန်းထားတာထက် ပိုပြီးမြန်မြန်ကြီးထွားလာခဲ့ပါတယ်။

၁၉၉၇ ခုနှစ်မှာ Amazon.com ကို အများပိုင်အဖြစ် ပြောင်းလဲခဲ့တဲ့အတွက် သမားရိုးကျလက်လီ အရောင်းသမားတွေက သူတို့ရဲ့ ကိုယ်ပိုင် e-commerce site တွေကို လိုက်လုပ်ခဲ့ရင် ဒီကုမ္ပဏီအနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်ကုမ္ပဏီကို ထိန်းထားနိုင်ပါ့မလားဆိုတာကို ဈေးကွက်သရုပ်ခွဲစိစစ်သူတွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။ နှစ်နှစ်ကြာတဲ့အခါ Amazon.com ကစပြီး လုပ်တဲ့လုပ်ငန်းဟာ သူ့ရဲ့အနေအထားကိုဆက်ပြီး ထိန်းထားနိုင်ရုံသာမကသူ့ရဲ့ပြိုင်ဘက်တွေကိုကျော်တက် ပြီး e-commerce ရဲ့ ရှေ့ဆောင်လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ Bezos က Amazon.com ရဲ့ ရောင်းချမှုတွေကို CD နဲ့ ဗီဒီယို အရောင်းတွေ၊ နောက်ပိုင်းမှာ အဓိကလက်လီဖက်စပ်လုပ်ကိုင် သူတွေကတစ်ဆင့် အဝတ်အထည်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ကလေးကစားစရာအရုပ်တွေနဲ့ အမျိုးမျိုးဆက်ပြီး တိုးချဲ့လုပ်ကိုင်ခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ dot.com တော်တော်များများ ပေါက်ကွဲသွားခဲ့ပေမဲ့ Amazon ကတော့တိုးတက်ကြီးထွားခဲ့ပါတယ်။ သူ့ရဲ့ နှစ်စဉ်ရောင်းအားဟာ ၁၉၉၅ ခုနှစ်မှာ ဒေါ်လာ ၅၁၀,၀၀၀ ရှိခဲ့ရာက ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၁၇ ဘီလီယံကျော်ကို ရောက်တဲ့အထိ ခုန်တက်သွားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ Amazon.com ဟာ သုံးစွဲသူတွေကို သူတို့ကြိုက်တဲ့စာ အုပ်တွေကို ရွေးချယ်ပြီးဝယ်ဖို့၊ Download လုပ်ဖို့၊ ဖတ်ဖို့နဲ့ သိမ်းဆည်းထားဖို့ ခွင့်ပြုပေးတဲ့လက်ထဲမှာကိုင်ပြီးသုံးလို့ရတဲ့ Kindle လို့ခေါ်တဲ့ Digital Book Reader တစ်မျိုးကိုထုတ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ Bezos ဟာ Kindle Fire ကိုထုတ်ပြပြီး Amazon ကို Tablet ဈေးကွက်ထဲကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနှစ် စက်တင်ဘာလမှာ Apple ရဲ့ iPad ကို ငွေပေးပြီး သုံးခွင့်ပေးဖို့ ပုံစံထုတ်ထားတဲ့ကုမ္ပဏီရဲ့မျိုးဆက်သစ် Tablet ဖြစ်တဲ့ Kindle Fire HDအသစ်ကို ကြေညာခဲ့ပါတယ်။

The Washington Post သတင်းစာကြီးကို ဝယ်ယူခြင်း

၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၅ ရက်မှာ The Washington Post သတင်းစာကြီးနဲ့ The Washington Post ကုမ္ပဏီကြီးနဲ့ တွဲဖက်နေတဲ့ တခြားစာနယ်ဇင်းတွေကို ငွေသား ဒေါ်လာသန်း ၂၅၀ နဲ့ဝယ်လိုက်တဲ့အခါ ကမ္ဘာ တစ်လွှားမှာ Bezos ဟာနာမည်ကြီးသွားခဲ့ပါတယ်။ ဒီဝယ်ယူမှုဟာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Donald E. Graham နဲ့ သူ့တူမဖြစ်တဲ့ ထုတ်ဝေသူ Katharine Weymouth ပါဝင်တဲ့ Graham မိသားစုကြီး က ဒီကုမ္ပဏီကြီးအပေါ် မျိုးဆက်လေးဆက်တိုင်တိုင် ကြီးစိုးထားမှုကို အဆုံးသတ်ပစ်လိုက်ပါတယ်။

ပရဟိတလုပ်ငန်းများနှင့် လှူဒါန်းမှုများ

Bezos ရဲ့ညွှန်ကြားမှုအောက်မှာရှိတဲ့ Amazon ဟာ ပေးကမ်းတဲ့နေရာမှာ နှမြောတွန့်တိုတယ်လို့ အဝေဖန်ခံခဲ့ရပါတယ်။ Amazon မှာ သူ့ရဲ့ ကုမ္ပဏီတွင်းလုပ်ငန်း ဆောင်ရွက်မှုတွေကို တိုးတက်အောင်လုပ်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို သုတေသနလုပ်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်အသစ်တွေရှိပါတယ်။ ဘေးအန္တရာယ် ကယ်ဆယ်ရေးရန်ပုံငွေ ကောက်ခံရေးအ တွက် သူ့ရဲ့ Homepage ကို အသုံးပြုခဲ့ပါတယ်။ စာရေးဆရာတွေကို ကူညီပံ့ပိုးခဲ့ပါတယ်။ ပရဟိတလှူ ဒါန်းမှုတွေအတွက် Wish List ဆိုတဲ့ လုပ်ဆောင်မှုတစ်ခုရှိပါတယ်။ Amazon Smile အစီအစဉ်က လက်ရွေးစင်ပစ္စည်းတွေကို ဝယ်ယူမှုအပေါ်မှာ ဝ.၅ ရာခိုင်နှုန်းကို ကရုဏာလှူဒါန်းမှုအတွက်ပေးပါတယ် (ဒီပေးကမ်းမှုဟာနည်းလွန်းတဲ့အတွက် အကျိုးမရှိနိုင်ဘူးလို့ အဝေဖန်ခံနေရပါတယ်)။

နည်းပညာဘီလီယံနာ Bezos ဟာ တခြားဘီလီယံနာတော်တော်များများနဲ့မတူဘဲ သူတို့ရဲ့ တစ်သက်တာအတွင်းမှာ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာရဲ့တစ်ဝက်ကို ပေးကမ်းစွန့်ကြဲဖို့ဆိုတဲ့ Giving Pledge ကို လက်မှတ်မထိုးခဲ့ဘူးလို့ McCoy က ရေးခဲ့ပါတယ်။ ပရဟိတလုပ်ငန်းကို စိတ်မဝင်စားဘဲ များများစားစားလှူဒါန်းခဲ့တယ်ဆိုတာ မရှိတဲ့ Steve Jobs နဲ့ ပိုပြီးတူတယ်လို့ သူ့ကို တချို့လူတွေက မြင်ကြပါတယ်။ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လမှာ Bezos နဲ့ သူ့ရဲ့ဇနီးဟာ ဝါရှင်တန်မြို့က လိင်တူချင်းလက်ထပ်မှုဆိုင်ရာ ဆန္ဒခံယူပွဲ ကို ဒေါ်လာ ၂.၅ သန်း လှူဒါန်းခဲ့ပြီး အဲဒီဆန္ဒခံယူပွဲဟာ အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်းဟာ Fred Hutchinson ကင်ဆာရောဂါသုတေသနဌာနကို ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ဆယ်သန်း၊ ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ သန်း ၂၀ လှူဒါန်းခဲ့ပါတယ်။ Bezos ဟာ Amazon ဝန်ထမ်းဟောင်းတစ်ယောက် တည်ထောင်ခဲ့တဲ့ Worldreader ဖောင်ဒေးရှင်းကြီးကိုလည်း ဒေါ်လာရှစ်သိန်း လှူဒါန်းခဲ့ပါတယ်။

အသိအမှတ်ပြုမှု

၁၉၉၉ ခုနှစ်မှာ သူ့ကို Time မဂ္ဂဇင်းကြီးက အဲဒီနှစ်အတွက် အတော်ဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် Bezos မှာတော့ U.S. News & World Report က သူ့ကို အမေရိကရဲ့အတော်ဆုံးခေါင်းဆောင် တစ်ယောက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အဲဒီ ၂၀၀၈ ခုနှစ်မှာပဲ Bezos ကို Carnegie Mellon တက္ကသိုလ်က သိပ္ပံနဲ့ နည်းပညာဂုဏ်ထူးဆောင်ပါရဂူဘွဲ့အပ်နှင်းခဲ့ ပါတယ်။ ၂၀၁၁ ခုနှစ်မှာ The Economist မဂ္ဂဇင်းကြီး က Amazon Kindle အတွက် Bezos နဲ့ Gregg Zehr တို့ကို ဆန်းသစ်တီထွင်မှုဆုတစ်ခု ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ Fortune မဂ္ဂဇင်းကြီးက Bezos ကို အဲဒီနှစ်ရဲ့ အတော်ဆုံးစီးပွားရေးလုပ်ငန်းရှင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

သူဟာ Bilderberg Group ရဲ့ အဖွဲ့ဝင်တစ် ယောက်လည်းဖြစ်တဲ့အတွက် ၂၀၁၁ ခုနှစ်မှာ ဆွစ်ဇာလန်နိုင်ငံ St. Moritz မှာကျင်းပပြီး ၂၀၁၃ ခုနှစ်မှာ အင်္ဂလန် Hertfordshire နယ် Watford မှာကျင်းပခဲ့တဲ့ Bilderberg နှီးနှောဖလှယ်ပွဲတွေကို တက်ရောက်ခဲ့ပါ တယ်။ သူဟာ စီးပွားရေး လုပ်ငန်းကောင်စီရဲ့ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေအတွက် အမှုဆောင်အဖွဲ့ထဲမှာ အ ဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၉ ရက်မှာ Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းထဲမှာ အသားတင်ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃၉.၂ ဘီလီယံနဲ့ အဆင့် ၁၅ နေရာက ပါဝင် ခဲ့ပါတယ်။ Harvard Business Review ဂျာနယ်က သူ့ ကို Apple က Steve Jobs ပြီးရင် ကမ္ဘာမှာ ဒုတိယ အတော်ဆုံး CEO အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ပြစ်တင်ဝေဖန်မှုများ

၂၀၁၄ ခုနှစ် ၊ မေလမှာ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး သမဂ္ဂအဖွဲ့ချုပ် (ITUC) က သူ့ကို ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံးလုပ်ငန်းရှင်ကြီးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ''အမေရိကန်ကော်ပိုရိတ်ပုံစံကိုမြှင့်တင်ပေးနေတဲ့ လုပ်ငန်းရှင်တွေရဲ့လူမဆန်မှုကို Jeff Bezos က ကိုယ်စားပြုနေပါတယ်'' လို့ Sharan Burrow ဆုကိုဖန်တီးရာ မှာ ITUC ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်က ပြောခဲ့ပါတယ်။ The Morning Call သတင်းစာကြီးရဲ့အခန်း ဆက်ဆောင်းပါးတွေထဲမှာ Bezos ရဲ့Amazon က သိုလှောင်ရုံတွေထဲမှာ အလုပ်လုပ်ရတဲ့ ပင်ပန်းဆင်းရဲမှု နဲ့ လူမဆန်မှုတွေကို ဖော်ပြခဲ့ပါတယ်။ New York Times သတင်းစာကြီးရဲ့ဆောင်းပါးတစ်ပုဒ်ထဲမှာ Bezos နဲ့ Amazon ရဲ့ ရုံးတွေမှာအလုပ်လုပ်ရတာဟာ လူမဆန်အောင် ပင်ပန်းဆင်းရဲတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပြီး ဝန်ထမ်းတော်တော်များများ အလုပ်ကအထုတ်ခံရတာ၊ အလုပ်က ထွက်သွားတာတွေဟာ ပုံမှန်ဖြစ်နေတယ်လို့ ရေးခဲ့ပါတယ်။

စိတ်ပျက်ဖွယ်လုပ်ငန်းခွင်ကို ပိုမိုဖြစ်ပေါ်စေရန် ဖန်တီးနေသည့်အတွက် ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်ခြင်းအပေါ် တုံ့ပြန်မှု

ဒီလို ပုံဖော်မှုတွေကို Bezos က ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အဲဒီနှစ်ခုရဲ့ကြားထဲမှာ ရှိသည်ဖြစ်စေ၊ Bezos လုပ်သမျှ အရာတွေ ဖြစ်မြောက်နေတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ Amazon (AMZN, Tech30 ) ရဲ့ စတော့ဈေးနှုန်းတွေဟာ ဒီနှစ်ထဲမှာ ၇၂ ရာခိုင်နှုန်း မြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ WalMart (WMT) ကို ကျော်တက်ပြီး ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး လက်လီကုန်သည်ကြီး ဖြစ်သွားခဲ့ပါတယ်။ နောက်ဆုံး သုံးလပတ်မှာ အံ့အားသင့်လောက်တဲ့ အမြတ်ငွေတွေရ ရှိခဲ့ကြောင်းကို ကုမ္ပဏီကအစီရင်ခံခဲ့ပါတယ်။ (ဒီကုမ္ပဏီ ဟာ အမြတ်အစွန်းရရှိရေးကို အထူးတင်းကျပ်ထားပြီး အားလပ်ရက်ရာသီအတွင်းမှာသာ ဝင်ငွေရအောင်လုပ်တာဟာ ထုံးစံဖြစ်နေပါပြီ။)

ဒီနှစ်စောစောပိုင်းမှာ Amazon ဟာ သူ့ရဲ့ အလျို့ဝှက်ဆုံးလုပ်ငန်းတစ်ခုကို ထုတ်ဖော်ပြသပြီး ရင်းနှီးမြှုပ်နှံသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းရောင်းချမှုတွေက ဒေါ်လာ ငါး ဘီလီယံ ဝင်ငွေရဖို့အတွက် Amazon Web Services ဆိုတဲ့ သူ့ ရဲ့ Cloud Unit ဟာ အသင့်ဖြစ်နေပြီဆိုတာကို ထုတ်ပြ လိုက်တာပဲ ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းကြီးရဲ့ အဆို အရ Bezos ဟာ ကမ္ဘာမှာ ဆဋ္ဌမမြောက်အချမ်းသာ ဆုံးပုဂ္ဂိုလ်ကြီး ဖြစ်နေပါပြီ။ ကျေနပ်ရောင့်ရဲတယ်လို့ ဘယ်တုန်းကမှ မရှိခဲ့တဲ့ Bezos နဲ့ Amazon ဟာ နားချိန်တောင် မယူခဲ့ပါဘူး။ ကုမ္ပဏီဟာ ဒီနှစ်ထဲမှာ သူ့ရဲ့ Customer တွေအတွက် ဒါဇင်နဲ့ချီနေတဲ့ ဝန်ဆောင် မှုအသစ်တွေ၊ ရောင်းအားမြှင့်တင်ရေးအသစ်တွေ၊ ကုန်ပစ္စည်းအသစ်တွေ၊ ကမ်းလှမ်းမှုအသစ်တွေကို စပြီး လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ကမ္ဘာပေါ်က နည်းပညာကုမ္ပဏီ အားလုံးထဲမှာ ထုတ် လုပ်နိုင်စွမ်းအရှိဆုံး ကုမ္ပဏီဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

Amazon ကို မနှစ်မြို့စရာ အလုပ်တစ်နေရာ အဖြစ် ဖော်ပြမှုအပေါ် ဝန်ထမ်းတွေကို ပြန်လည်ချေပတဲ့ သူ့ရဲ့စာထဲမှာ "Amazon ဟာ အကောင်းဆုံးထဲက အ ကောင်းဆုံးကိုပဲ အလုပ်ခန့်တယ်'' လို့ Bezos က ရေး ထားပါတယ်။ ဒီနှစ်ထဲမှာ လုပ်ခဲ့တဲ့ကုမ္ပဏီရဲ့ အံ့အားသင့်စရာကောင်းတဲ့ဆန်းသစ်တီထွင်မှုတွေထဲမှာ အဲဒါကို ပြနေပါတယ်။

Credit: CEO Myanmar Facebook Page

Comments


5S75QUQ www.yandex.ru
5S75QUQ www.yandex.ru
18 Aug 2020 08:18 PM
5S75QUQ www.yandex.ru
635LJP2 www.yandex.ru
635LJP2 www.yandex.ru
27 Aug 2020 06:55 PM
635LJP2 www.yandex.ru

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again