တော်သည်၊ သို့သော် အပေါ်မရောက်

တော်သည်၊ သို့သော် အပေါ်မရောက်
ဝန်ထမ်းတစ်ယောက် ကုမ္ပဏီတစ်ခု၊ လုပ်ငန်းခွင်တစ်ခုတွင် နှစ်ပေါင်းများစွာအလုပ်လုပ်နေသည်။ သို့သော် ဝင်ခါစက ရာထူးနှင့်နှိုင်းလျှင် အကြီးတန်းသို့ရောက်လာခြင်းသာရှိသည်၊ တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက် ရာထူးတစ်နေရာမရ။ သဘောက သူလက်ရှိအလုပ်အပိုင်းအခြားလောက်သာတော်ပြီး ထပ်တိုးတာဝန်မယူနိုင်ခြင်းကြောင့်ဖြစ်သည်။ တက္ကသိုလ်တစ်ခုတည်းကထွက်ပြီး ဘာသာရပ်တစ်ခုတည်းကို သင်ယူတတ်မြောက်လာသည့် သူငယ်ချင်းနှစ်ယောက် ကုမ္ပဏီတစ်ခုတွင် တစ်ပြိုင်တည်းအလုပ်ဝင်သည်။ နှစ်နှစ်လောက်ကြာတော့ တစ်ယောက်က ရာထူးအတန်အသင့်ရလာပြီး ကျန်တစ်ယောက်က ဝင်စနေရာတွင် ကျန်ခဲ့သည်။ ကျောင်း၊ တက္ကသိုလ်နှင့် အားကစားကအစ ထူးချွန်သည့်လူတစ်ယောက်။ လူမှုဆက်ဆံရေးလည်းကောင်းပေမယ့် အလုပ်ခွင်မှာ ထင်သလောက်နေရာမရ။ တော်သည်၊ ထက်မြက်သည်၊ အလုပ်ပြီးအောင်လုပ်နိုင်သည်၊ အမှားအယွင်းနည်းသည်။ သို့သော် ရာထူးတက်ပေးရန် သက်ဆိုင်ရာဌာနအတွင်း သဘောထားကောက်ခံတော့ အဆိုးဘက်များသည့် ဝေဖန်ချက်များကိုရရှိသည်။ လူအများက သူ့ဦးဆောင်မှုကို မခံလိုကြ။ ထို့ကြောင့် ရာထူးတက်ပေး၍မရ။

ကုမ္ပဏီကြီးများနှင့် ကော်ပိုရေးရှင်းလုပ်ငန်းများ၊ အသေးစားအလတ်စားလုပ်ငန်းများ နေရာတိုင်းလိုလိုက ဝန်ထမ်းလောကထဲတွင် ရာထူးတက်ရေး၊ အကျိုးခံစားခွင့်များများရရေး၊ အသိအမှတ်ပြုခံရရေး စသည်ဖြင့် မိမိကိုယ်တိုင်အတွက် လိုချင်စိတ်များရှိကြပါသည်။ သို့သော် စည်းစနစ်ကျသော၊ သမာသမတ်ရှိသော လုပ်ငန်းအများစုတွင် လူတော်တိုင်းလည်း နေရာမရတတ်ကြပါ။ အကြောင်းမှာ တစ်ယောက်တည်းတော်နေ၍ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီကြီးများ၊ ကော်ပိုရေးရှင်းကြီးများကအစ ပုဂ္ဂလိကလုပ်ငန်းများအဆုံး နေရာစုံရှိ ဝန်ထမ်းလောကထဲမှ မိမိဘာကြောင့်ရာထူးမတက်သလဲဆိုသည့်ကိစ္စနှင့်ပတ်သက်ပြီး အကြောင်းရင်းရှာမရဖြစ်နေသူများအတွက် ဤဆောင်းပါးက အလုံးစုံသော ဖြေရှင်းချက်ပေးရန် ရည်သန်ပါသည်။ သည်အတွက် လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲမှုအပိုင်းက Top Level Executive များ၊ HR ပညာရှင်များအနေနှင့် သူတို့၏လုပ်ငန်းခွင်အသီးသီး၌ ဝန်ထမ်းတစ်ယောက်၏အရည်အချင်းကို မည်သည့်အချက်များနှင့် အဆုံးအဖြတ်ပေးသလဲ၊ မည်သည့်အချက်များကိုကြည့်ပြီး ရာထူး၊ တာဝန်ပိုတိုးပေးရန် စဉ်းစားကြသလဲဆိုသည်ကို မေးမြန်းဖြစ်ခဲ့ပါသည်။ ထို့ပြင် လုပ်ငန်းရှင်အများစုအတွက် မိမိဝန်ထမ်းကို တော်သည်၊ အရည်အချင်းရှိသည်ဆိုသည့်အချက်များကို မည်သည့်အချက်များနှင့်သာ တိုင်းတာဆုံးဖြတ်သင့်သည်ဆိုသည်ကိုသိရန် ဆရာဒေါက်တာအောင်ထွန်းသက်၏ အကြံပြုချက်အချို့ကိုလည်း ထည့်သွင်းဖော်ပြပေးလိုက်ပါသည်။


တော်တယ်ဆိုတာရဲ့အဓိပ္ပာယ်နဲ့ တော်ကြောင်းဘယ်အချက်တွေနဲ့ တိုင်းတာမလဲ

တော်တယ်ဆိုတာ . . . ကလေးတစ်ယောက်တော်တယ်ဆိုရင် များသောအားဖြင့်တော်ခြင်းကို သတ်မှတ်တဲ့နေရာမှာ စာတော်တာကိုအခြေခံပြီး သတ်မှတ်တာဖြစ်တယ်။ ကလေးတစ်ယောက် တော်တယ်လို့ပြောရင် ဆရာတို့အနေနဲ့ စာပေနဲ့ပတ်သက်လို့ ကျောင်းမှာ စာသင်တဲ့အချိန်မှာ ထူးချွန်တဲ့လူဆိုတာမျိုး ဆရာတို့ပြောလေ့ရှိတယ်။ တော်တာကို ကျွန်တော်တို့စဉ်းစားတဲ့အခါမှာ ဉာဏ်ရည်ထက်တာကို ဦးစားပေးဖြစ်ကြတယ်။

ဒါပေမဲ့ ပထမဆုံးပြောချင်တာက တော်တယ်လို့ပြောတဲ့အခါမှာ ထူးချွန်တယ်၊ ထက်မြက်တယ်၊ ကျွမ်းကျင်တယ်ဆိုတာ အရေးကြီးသလို တစ်ဖက်က လူကောင်းဖြစ်ဖို့လည်း လိုပါတယ်။

2C - Competence & Character

စီးပွားရေးပညာမှာ C နှစ်လုံးလို့ သုံးလေ့ရှိတယ်။ ပထမ C ကတော့ Competence - ဒါကတော့ ကျွမ်းကျင်တာ၊ လိမ္မာတာ၊ တော်တာ၊ ထူးချွန်တာ။ ဒါပေမဲ့ တစ်ဖက်က ဘယ်လောက်ကြီး တော်တော်၊ ဘယ်လောက်ကြီး ထူးချွန် ထူးချွန်၊ ဘယ်လောက်ကြီး အောင်မြင်အောင်မြင်၊ အဲဒီလူဟာ အကျင့်စာရိတ္တလည်းကောင်းဖို့လိုတယ် - Character ။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ လူတစ်ယောက်ကို တော်တယ်လို့ပြောရုံနဲ့ မလုံလောက်ဘဲနဲ့ တော်ရုံတင်မကဘူး၊ ကောင်းဖို့လည်းလိုတယ်ဆိုတာကို ဦးစားပေးဖို့လိုပါတယ်။ မြင်သာတဲ့ ဥပမာပေးရရင် လူတစ်ယောက်ကို သစ်ပင်တစ်ပင်ဆွဲပါလို့ပြောရင် လူတွေတော်တော်များများက သစ်ပင်တွေဆွဲတဲ့အခါမှာ ဒီမြေကြီးပေါ်မှာရှိတဲ့ အပိုင်းတွေဖြစ်တဲ့ အပင်၊ အကိုင်း၊ အခက်၊ အရွက်၊ အပွင့်၊ အသီးတွေပဲ ဆွဲလေ့ရှိတယ်။ ဒါပေမဲ့ မြေကြီးပေါ်မှာရှိတဲ့ အပိုင်းတွေကအရေးကြီးသလို လူတွေမမြင်ရတဲ့၊ မြေကြီးအောက်မှာရှိတဲ့ အမြစ်တွေကလည်း အရေးကြီးတယ်။ ဒီအမြစ်ဟာ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ၊ Character ပါ။ မြေကြီးပေါ်မှာရှိတဲ့ အပင်ကိုယ်ထည်က လူတစ်ယောက်ရဲ့ကျွမ်းကျင်မှု။ သက်ဆိုင်ရာဘာသာရပ်မှာ ကျွမ်းကျင်မှုရှိဖို့လိုတယ်။ တော်ဖို့လိုတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း (အကျင့်စာရိတ္တ) ကောင်းဖို့လိုတယ်။ ဒါကြောင့် လူငယ်တွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ လူတော်၊ လူကောင်းဖြစ်အောင်ကြိုးစားပါလို့ မိဘတွေကို ပြောလေ့ရှိပါတယ်။

Multiple Intelligence

ဒုတိယပိုင်းအနေနဲ့ကတော့ တော်တာကိုပြောတဲ့အခါမှာ တစ်ချိန်တုန်းက ဆရာတို့အားလုံးနားလည်တာ IQ မြင့်တဲ့လူဆိုရင် စာတော်တယ်၊ ထူးချွန်တယ်၊ ဘဝမှာ အောင်မြင်မယ်။ ဒါကြောင့်လည်း လူငယ်တွေကို မိဘတွေက ဆုံးမတဲ့အခါမှာ စာတော်ဖို့ဆုံးမတယ်။ စာတော်တဲ့လူဟာ ဘဝကိုရင်ဆိုင်တဲ့အခါမှာ တစ်ပန်းသာတယ်။ ဘဝနဲ့ပတ်သက်လာရင် သူအောင်မြင်မယ်လို့ တစ်ချိန်တုန်းက တလွဲယူဆခဲ့ကြတယ်။

ဒါပေမဲ့ နောက်ပိုင်းဘာတွေ့ရလဲဆိုတော့ ကျောင်းတွေမှာ စာတော်တဲ့ကလေးတွေဟာ ဘဝမှာကျတော့ မအောင်မြင်တာတွေ တွေ့ရတယ်။ အဲဒီအခါကျတော့ လူတွေက စဉ်းစားလာတယ်။ ဘာကြောင့်ဒီလိုဖြစ်တာလဲ။ တစ်ဖက်က ဒီလောက်တောင် ထူးချွန်တဲ့ကလေးတွေ၊ ဉာဏ်ရည်ထက်တဲ့ ကလေးတွေ ဘဝမှာဘာကြောင့် မအောင်မြင်ရသလဲဆိုတဲ့ မေးခွန်းတွေကို ထုတ်လိုက်တဲ့အခါကျတော့ နောက်ဆုံးအင်မတန်နာမည်ကြီးတဲ့ Harvard တက္ကသိုလ်၊ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ Professor Gardner ဆိုတဲ့လူက ကလေးတစ်ယောက်မှာ Multiple Intelligence ရှိရမယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တယ်။ (The theory of multiple intelligences, developed by Howard Gardner, Ph.D., Professor of Education at Harvard University.)

IQ နဲ့ EQ

ဒီဘက်ပိုင်းမှာတော့ ကလေးကို စာသင်တဲ့အခါမှာ IQ ဆိုတာထက်ကို EQ ဆိုတာလိုလာတယ်။ EQ ဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်တာ၊ ကိုယ့်ကိုယ်ကိုယ် သဘောပေါက်တာ၊ ကိုယ့်ကိုယ်ကိုယ်ကျေနပ်တာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ရုံတင်မကဘဲ သူများနဲ့ပေါင်းသင်းဆက်ဆံရေးမှာ စာနာတာ၊ ထောက်ထားတာ၊ ဂရုစိုက်တာ၊ ကိုယ်ချင်းစာတာ။ ဒါတွေအားလုံးက အရေးကြီးလာတယ်ဆိုတော့ ဒီဘက်ပိုင်းမှာတော့ တော်တာတွေအားလုံးကို ချုပ်လိုက်ရင် IQ နဲ့ EQ ။ ကလေးတစ်ယောက်မှာ EQ ကောင်းဖို့လိုတယ်။ တစ်ဖက်ကလည်း IQ ကောင်းလို့ရှိရင် ဒီနှစ်ခုပေါင်းလိုက်ရင် အောင်မြင်တယ်လို့ ဆရာတို့က သတ်မှတ်လာကြပါတယ်။

Intelligence quotient ၅ မျိုး

ဒီတော်တာကို လွယ်အောင်ပြောရင်တော့ ငါးပိုင်းလို့ ပြောတယ်။ နံပါတ်တစ်က တော်တာက PQ လို့ခေါ်တဲ့ Physical Intelligence ၊ လူတစ်ယောက်က ကျန်းမာဖို့လိုတယ်။ သန်စွမ်းဖို့လိုတယ်။ ဖြတ်လတ်ဖို့လိုတယ်။ တက်ကြွဖို့လိုတယ်။ အဲဒီလိုဖြစ်ဖို့အတွက် ငယ်ငယ်ကတည်းက အာဟာရဓာတ်ပြည့်စုံအောင် စားဖို့လိုတယ်။ ငယ်ငယ်ကတည်းက အားကစားကို အားပေးဖို့လိုတယ်၊ PQ ရှိဖို့ လိုတယ်လို့ပြောတယ်။

ဒုတိယက IQ ပါ။ IQ နဲ့ပတ်သက်လာရင်တော့ သိပ်ပြောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကမျိုးရိုးဗီဇက လာတဲ့ကိစ္စမို့၊ မျိုးရိုးစဉ်ဆက်ကလာတယ်ဆိုတော့ IQ ကတော့ ဦးနှောက်၊ ဒါပေမဲ့ ဆရာတို့အနေနဲ့ IQ ကို စဉ်းစားလိုက်လို့ရှိရင် ပျမ်းမျှခြင်းအနေနဲ့ကြည့်ရင်တော့ လူတွေအားလုံးက ရှစ်ဆယ်နဲ့ ၁၂၀ လောက်ပဲရှိတယ်လို့ ပြောကြတယ်။ ၁၂၀ ထက်ပိုရင်တော့ တော်တော်ထူးချွန်တဲ့လူတွေပေါ့။ ရှစ်ဆယ်ထက်နည်းရင်လည်း နည်းနည်းလေး နှေးတဲ့လူတွေ။ သာမန်အားဖြင့် ဆရာတို့ တော်တော်များများကိုတော့၊ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကတော့ ရှစ်ဆယ်နဲ့ ၁၂၀ တည်းရှိတဲ့အတွက် သိပ်စဉ်းစားစရာမလိုဘူး။

တတိယ Intelligence ဉာဏ်ရည်ထက်မြက်မှုကတော့ Emotional Intelligence (EQ) လို့ခေါ်တယ်။ EQ လို့ပြောတာ ကိုယ်ချင်းစာတာ၊ စာနာထောက်ထားတာ၊ သနားကြင်နာတာ၊ အဲဒီလိုသူများနဲ့ ထိတွေ့ဆက်ဆံတဲ့အပြင် ကိုယ့်ကိုယ်ကိုယ်ဆက်ဆံတဲ့အခါမှာလည်း ကိုယ့်အကြောင်းကိုကိုယ်သိတာ။

နောက်ပိုင်းမှာ SQ ဆိုတာ ထည့်လာတယ်။ Spiritual Intelligence ။ ဒါကတော့ ဘာသာရေးနဲ့မဆိုင်ဘဲနဲ့ ယုံကြည်ကိုးကွယ်မှု။ အခုဆရာတို့မှာ ပြဿနာတွေဖြစ်နေတာ၊ ဒီဘာသာရေးဆိုတဲ့စကားလုံး သွားသုံးလိုက်တဲ့အတွက် သူ့ဘာသာ၊ ကိုယ့်ဘာသာဖြစ်သွားတယ်။ တကယ်တမ်းတော့ ဘာသာရေးဆိုတာ ကိုးကွယ်မှုပဲ။ ကိုယ့်ဘာသာကိုလေးစားသလို သူများဘာသာကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။ ကိုယ့်ဘာသာကို ကိုင်းရှိုင်းသလို သူများဘာသာကို မစော်ကားဖို့ အရေးကြီးတယ်။ ဘာသာရေးအစွန်းရောက်တဲ့လူတွေကို သတိထားဖို့လိုတာ။ SQ နဲ့ သတိထားရပါမယ်။ ကလေးတွေကို ကိုယ့်ဘာသာ ကိုယ်ကိုင်းရှိုင်းဖို့၊ ရိုသေဖို့၊ သူများဘာသာကိုမစော်ကားဖို့၊ အသိအမှတ်ပြုဖို့ဆိုတာလည်း အင်မတန်အရေးကြီးတဲ့ ဉာဏ်ရည်ထက်မြက်မှုပဲ။

အခုခေတ်မှာတော့ ဆရာတို့နိုင်ငံမှာ ပွင့်လင်းမြင်သာတဲ့ အခြေအနေတွေရှိလာတဲ့အတွက် ကိုယ်နဲ့မတူတဲ့ တခြားယဉ်ကျေးမှုရှိတဲ့သူတွေနဲ့ ဆက်ဆံရတယ်။ ယဉ်ကျေးမှုနဲ့ဆက်ဆံရတော့ နောက်ဆုံးတော်လာတော့ CQ လို့ခေါ်တဲ့ Cultural Intelligence ပေါ့။ လူတစ်ယောက်က မိမိရဲ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံကို မြတ်နိုးသလို သူများရဲ့ယဉ်ကျေးမှုထုံးစံကိုလည်း အသိအမှတ်ပြုဖို့လိုတယ်။ အခုခေတ်ဆိုရင် ကုမ္ပဏီတွေအားလုံးမှာ နိုင်ငံခြားသားတွေ ရောက်နေပြီ။ နိုင်ငံခြားသားတွေနဲ့ အတူအလုပ်လုပ်ကြတဲ့အခါမှာ သူ့ယဉ်ကျေးမှုနဲ့ ကိုယ့်ယဉ်ကျေးမှုနဲ့ မတူကြဘူး။ သူ့ယဉ်ကျေးမှုကိုလည်း နားလည်၊ လက်ခံ အသိအမှတ်ပြုတယ်။ ကိုယ့်ယဉ်ကျေးမှုကိုလည်း အသိအမှတ်ပြုဖို့လိုတယ်လို့ ဆရာတို့တိုက်တွန်းချင်တယ်။

ဒါကြောင့်မို့ Q ငါးခုမှာ PQ ကနေစရမှာ ဉာဏ်ရည်ထက်ဖို့ထက်ကို ကျန်းမာဖြတ်လတ်ဖို့လိုတယ်၊ တက်ကြွနေဖို့လိုတယ်။ ပြီးတော့မှ ဉာဏ်ရည်ထက်တာ၊ သူများနဲ့ဆက်ဆံတဲ့အခါမှာ၊ ကိုယ့်ကိုယ်ကိုယ် ပေါင်းသင်းတဲ့အခါမှာ EQ ကောင်းဖို့လည်း လိုတယ်။ ဘာသာရေးနဲ့ပတ်သက်လို့ ဘာသာရေးလို့ မစဉ်းစားတော့ဘဲနဲ့ ယုံကြည်ကိုးကွယ်မှုလို့ စဉ်းစားလိုက်ရင်ရတယ်။ နောက်ဆုံးကတော့ ယဉ်ကျေးမှုကို နားလည်သဘောပေါက်တယ်။ အသိအမှတ်ပြုတယ်။

4L - Live/ Learn/ Love / Legacy

လူတစ်ယောက်မှာ L လေးခုလိုတယ်လို့ စဉ်းစားစေချင်ပါတယ်။ ဉာဏ်ရည်ထက်မြက်မှုနဲ့ တော်တာကို ချုပ်လိုက်တဲ့အနေနဲ့ လေးခုနဲ့ချုပ်ချင်တယ်။ နံပါတ်တစ်က Live အသက်ရှင်ဖို့လိုတယ်။ အသက်ရှင်တဲ့အခါမှာလည်းပဲ အတွေ့အကြုံတွေ စုဖို့လိုတယ်။ လူငယ်တွေကိုမှာချင်တယ်။ အတွေ့အကြုံတွေစုဖို့က အရေးကြီးတယ်။ ရှင်သန်ဖို့လိုတယ်။ ကိုယ်မမြင်ဖူးတဲ့နေရာ၊ မရောက်ဖူးတဲ့နေရာ၊ မတွေ့ဖူးတဲ့ အတွေ့အကြုံတွေကို စုစည်းတာက Living ပေါ့။ အသက်ရှင်ဖို့က အရေးကြီးတယ်။

Living အရေးကြီးသလို နံပါတ်နှစ်က Learning ပေါ့။ သင်ယူလေ့လာတာ၊ စာဖတ်တာ။ အခုဆိုရင် အင်တာနက်ရှိတယ်။ Facebook ရှိတယ်။ အင်တာနက်၊ Facebook ကနေတစ်ဆင့် လေ့လာမှုတွေ အများကြီးလုပ်လို့ရတယ်။

နောက်တစ်ခုက Love ပေါ့။ Love လို့ပြောတဲ့အခါမှာ မေတ္တာထားဖို့ပြောတာပါ။ တစ်ယောက်နဲ့တစ်ယောက် စာနာဖို့၊ သနားဖို့၊ ကြင်နာဖို့။ အလုပ်ခွင်တွေမှာလည်း အရေးကြီးတယ်။ လုပ်ဖော်ကိုင်ဖက်တွေ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့လိုတယ်။ အပေးအယူ ရှိဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိရမယ်။

နောက်ဆုံးကတော့ လူငယ်တွေ၊ လူကြီးတွေမဆိုင်တော့ဘဲနဲ့ လူတိုင်းက Legacy လို့ခေါ်တဲ့ အမွေအနှစ် ချန်ဖို့လိုတယ်။ အမွေအနှစ်လို့ပြောတာက ပိုင်ဆိုင်မှုပစ္စည်းတွေ ချန်ခဲ့တာကို ပြောတာမဟုတ်ဘူး။ ကိုယ် ကုမ္ပဏီမှာ အလုပ်လုပ်တယ်။ ဝန်ထမ်းတွေထွက်သွားလို့ရှိရင် ကျန်တဲ့လူတွေအားလုံး တမ်းတနေရတယ်။ သူရှိတုန်းက ဒီလိုပါလားဆိုတာ။ ဒါအမွေပဲ။ သူအဲဒီဌာနမှာမရှိရင် သိသာတယ်။ ကုမ္ပဏီမှာ လုပ်နေတဲ့ဝန်ထမ်းတွေ အများကြီးထဲက တစ်ယောက်ထွက်သွားလို့ရှိရင် သူသည်တကယ်တမ်း Legacy လို့ခေါ်တဲ့ အမွေအနှစ်ချန်ခဲ့ရင် သူ့ကို တမ်းတနေရမယ်။ အဲဒီတော့ ကိုယ့်ဘဝမှာ ကိုယ်အသက်ရှင်တဲ့ကာလမှာ ကိုယ့်အနေနဲ့ Legacy ချန်နိုင်ဖို့၊ ဒီအမွေအနှစ်က သားစဉ်မြေးဆက် အမွေတွေပေးထားတာမဟုတ်ဘဲနဲ့ သူတို့ကို ကိုယ့်နာမည်ကောင်းတွေကို လွှဲပြောင်းပေးဖို့လိုတယ်။

အကြံပြုချက်

တော်တယ်ဆိုတာကို စဉ်းစားတဲ့အခါမှာ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားပါ။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဉာဏ်ရည်ထက်မြက်မှုကို တစ်ဖက်ကအားပေးသလို ကလေးတစ်ယောက်တော်ဖို့၊ ဉာဏ်ရည်ထက်ဖို့ဆိုတာ ဦးနှောက် ဉာဏ်ရည်ထက်ရုံတင်မကဘဲနဲ့ ဘက်စုံဖွံ့ဖြိုးတဲ့ လူငယ်ဖြစ်အောင်ကြိုးစားဖို့လိုပါတယ်။

အလုပ်ရှင်တွေအနေနဲ့လည်း ဒါကိုစဉ်းစားသင့်တယ်။ အလုပ်ခွင်မှာရှိတဲ့ ဝန်ထမ်းတွေအားလုံးကို တော်ပြီးသားတွေပဲ၊ တော်တဲ့လူတွေမို့လို့ ခန့်ထားတာ။ တော်တဲ့ပုံစံမတူဘူးဆိုတာ လက်ခံပြီးတော့မှ သူတို့တွေရဲ့ အလုပ်ခွင်နဲ့ပတ်သက်လို့၊ သူတို့ရဲ့အလုပ်နဲ့ပတ်သက်လို့ စဉ်းစားတဲ့ပုံစံတွေကို မြင်နိုင်ရင်၊ အတွေးတွေပြင်နိုင်ရင်တော့ဖြင့် အင်မတန်ထက်မြက်တဲ့ ဝန်ထမ်းတွေဖြစ်မှာပါ။

ဆရာတို့နိုင်ငံရဲ့ လူ့အဖွဲ့အစည်းမှာလည်း လူ့အဖွဲ့အစည်းအလိုက် နိုင်ငံတစ်နိုင်ငံနှုန်းနဲ့ စဉ်းစားလို့ရှိရင် မြန်မာပြည်သူပြည်သားတွေအားလုံးဟာ ဉာဏ်ရည်ထက်မြက်မှုငါးခု၊ PQ အားကစားကောင်းဖို့၊ သန်မာထွားကျိုင်းဖို့၊ IQ ဦးနှောက်ဉာဏ်ရည်ထက်တာ၊ EQ ပေါင်းသင်းဆက်ဆံရေးကောင်းတာ၊ SQ ယုံကြည်ကိုးကွယ်မှုကို သတိထားတာ၊ လေးစားတာ၊ နောက်ဆုံးကတော့ ယဉ်ကျေးမှု Q - Cultural Intelligence ဒီငါးခုနဲ့ပြည့်စုံအောင် ကြိုးစားနိုင်ပါစေလို့ ဆရာတို့က ဆုတောင်းလိုက်ပါတယ်။



လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက် အရည်အချင်းရှိ၊ မရှိကို ဘယ်လိုသတ်မှတ်သလဲ၊ ဘယ်လိုအချက်တွေနဲ့ တိုင်းတာပါသလဲ

အရည်အချင်းရှိမရှိ၊ တော်တယ် မတော်ဘူး တိုင်းတာတယ်ဆိုတာ တိုင်းတာလို့ရတဲ့ အချက်အလက်နဲ့ တိုင်းတာတာရှိသလို တိုင်းတာလို့မရတဲ့ Invisible အချက်တွေလည်း ရှိပါတယ်။ တိုင်းတာလို့ရတဲ့ အချက်တွေကတော့ ဘယ်လောက်အထိ Perform လုပ်နိုင်သလဲ၊ Target ကို ဘယ်လောက်ထိသလဲ၊ Goal ကို ဘယ်လောက်ရောက်ရှိနိုင်သလဲ စတဲ့ သူ့ရဲ့ Result တွေပေါ်မူတည်ပါတယ်။ တိုင်းတာလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာအာရုံခံစားမှုတွေကတော့ သူဟာအခြေအနေတစ်ခုကို ဘယ်လိုသုံးသပ်လဲ၊ ဖြစ်ပေါ်လာတဲ့ အခြေအနေပေးမူတည်ပြီး ဘယ်လောက်အထိလုပ်ဆောင်နိုင်လဲ၊ အခက်အခဲတွေကို ကျော်လွှားနိုင်မှု၊ ပြီးတော့လုပ်ငန်းတစ်ခုကို ဘယ်လောက်အထိ Substainlable ဖြစ်အောင်လုပ်နိုင်သလဲဆိုတာတွေ၊ ဒါတွေက တိုင်းတာလို့မရဘူး။ ဒါပေမဲ့ ဒါတွေကို ကျွန်မတို့ကြည့်ရှုသုံးသပ်ပြီးတော့မှ လူတစ်ယောက်ရဲ့အရည်အချင်းကို ဒီနှစ်ခုနဲ့ပြန်ပြီး တိုင်းတာရတာဖြစ်ပါတယ်။

Promotion ပေးတော့မယ်ဆိုရင် ဘယ်လိုဝန်ထမ်းတွေကို ဘယ်လိုအချက်တွေကြောင့် ရွေးချယ်ပြီးပေးလေ့ရှိသလဲ

ဝန်ထမ်းတစ်ယောက်ကို Promotion ပေးတော့မယ်ဆို အဓိကအချက်တွေ အများကြီးရှိပါတယ်။ ဥပမာဆိုရင် သူ့ရဲ့ Seniority ၊ Target ကို ဘယ်လောက်မိလဲ၊ အခြေခံလိုအပ်ချက်တွေ၊ ကိုယ်ကျင့်တရားရှိမယ်၊ သစ္စာရှိမှု၊ Behaviour ၊ ဘယ်လောက်ထိစည်းကမ်းရှိသလဲ ၊ Team မှာလည်း ဘယ်လောက်ထိ Training ပေးနိုင်လဲ၊ သူ့ရဲ့အုပ်ချုပ်မှုအတိုင်းအတာ စတာတွေရှိပါတယ်။ နောက်တစ်ခုက လူတစ်ယောက်ရဲ့ Potential ဒါက ပိုပြီးအရေးကြီးတယ်လို့ ထင်တယ်။ Promotion ပေးမယ်ဆိုရင် ခုနကအချက်တွေ အရည်အချင်းတွေ ပြည့်စုံနေရမယ့်အပြင် သူဟာ ဘယ်လောက်အထိ တိုးတက်နိုင်သလဲ၊ သူ့ရဲ့တိုးတက်နိုင်ခြေရှိမှု Potential ကို ကြည့်ပြီးတော့မှ Promotion ပေးတာများတယ်။ တချို့ဝန်ထမ်းတွေဆို သူ့အလုပ်မှာ တော်တော်ကျွမ်းကျင်တယ်။ ဒါပေမဲ့ သူဟာ ဒီနေရာတစ်ခုမှာသာ Expert ဖြစ်နေတာမျိုး။ အဲဒီတော့ သူ့ရဲ့တိုးတက်နိုင်စွမ်းက Limit ဖြစ်နေမယ်ဆိုရင်လည်း Promotion အများကြီးပေးလို့မရပါဘူး။

တော်တဲ့ဝန်ထမ်းတိုင်း ရာထူးတိုးလေ့ရှိပါသလား

တော်တဲ့သူတိုင်းဟာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တစ်ယောက်လို့ ပြောလို့မရပါဘူး။ တော်တယ်ဆိုတာက လူတစ်ယောက်ရဲ့ Skill Set ပါ။ လူတစ်ယောက်ဟာ အလုပ်လုပ်တာ ကျွမ်းကျင်မယ်၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မယ်၊ လျင်မြန်မယ်၊ အားသွန်ခွန်စိုက် အလုပ်လုပ်တဲ့ အလေ့အကျင့်ရှိရင်လည်းရှိမယ်၊ ဒါပေမဲ့ အဲဒါတွေကြောင့် သူဟာအောင်မြင်တဲ့သူတစ်ယောက်ဖြစ်မယ်လို့ကတော့ ပြောလို့မပါဘူး။ တစ်ခါတလေကျရင် အရည်အချင်း အင်မတန်ရှိတဲ့သူတစ်ယောက်၊ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်က မှားနေမယ်၊ သူ့ရဲ့လုပ်ဆောင်ချက်က မှားနေမယ်ဆိုရင် ပိုတောင်မှဆိုးဝါးတဲ့ Result ကို ရနိုင်တယ်။ အဓိကက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ Leader ဖြစ်ဖို့ဆိုရင် သူ့စိတ်ခံစားချက်ဆိုင်ရာ အရည်အချင်းလို့ခေါ်တဲ့ Emotional Intelligence အဲဒါကပိုပြီးတော့ အရေးကြီးတယ်။ လူတစ်ယောက်ဟာ သူ့ကိုယ့်သူ သုံးသပ်နိုင်ရမယ်။ နောက်တစ်ခါ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်ခံစားမှုကိုလည်း သိရှိနိုင်တဲ့သူဖြစ်ရမယ်။ အဲဒီတော့မှ လုပ်ငန်းမှာ Effective ဖြစ်နိုင်ပါမယ်။ သူ့ရဲ့ကျွမ်းကျင်မှုကို ကောင်းကောင်းအသုံးချနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်သိရှိနိုင်ပြီးတော့ သူများကိုလည်း သိရှိနားလည်ပေးနိုင်ရပါမယ်။ အဲဒီတော့မှ အောင်မြင်တဲ့ Communication တစ်ခုကို လုပ်နိုင်မယ်။ အလုပ်တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ Delegate လုပ်ပြီးတော့ လုပ်ငန်းကို အောင်မြင်အောင်လုပ်နိုင်ပါမယ်။ ဒါကြောင့် Skill Set ထက် Emotional Intelligence က ပိုပြီးအရေးကြီးတယ်လို့ ထင်ပါတယ်။

ဝန်ထမ်းတစ်ယောက်အနေနဲ့ တော်လည်းတော်ပြီး အပေါ်လည်းရောက်ဖို့ ပြင်ဆင်ရမယ့်အချက်တွေ

အပေါ်ရောက်ဖို့ဆိုရင် သူများထက် ဘာကိုပိုပြီးစွမ်းဆောင်နိုင်လဲသိရပါမယ်။ ဥပမာဆိုရင် Innovate ဖြစ်ရမယ်။ နောက်တစ်ခုက လူတွေရဲ့ ယုံကြည်အားကိုးမှုကို ရရှိတဲ့သူဖြစ်ရမယ်၊ ဒါမှလည်း သူပြောတာကို လူတွေ လက်ခံပါမယ်။ နောက်တစ်ခုအမြဲတမ်းသမာသမတ် ဖြစ်ရမယ်။ ပြီးတော့ ခေါင်းဆောင်မှုအရည်အချင်းတွေ ရှိရမယ်။ ကြုံတွေ့လာတဲ့ အခြေအနေတစ်ခုနဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုမှာ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်တဲ့သူဖြစ်ရမယ်။ ဒါမှသာလျှင် ထိပ်ဆုံးကို ရောက်နိုင်မယ်။ မဟုတ်ရင်တော့ အများနည်းတူ နောက်လိုက်အနေနဲ့ အားကိုးရတဲ့ဝန်ထမ်းတစ်ယောက်တော့ ဖြစ်နေပါမယ်။ သို့သော်လည်းအပေါ်ဆုံးကိုရောက်ဖို့ဆိုရင် အများကို ဦးဆောင်နိုင်ပြီး၊ ဆုံးဖြတ်ချက်ပြတ်သားရမယ်။ နောက်တစ်ခုက အခြေအနေကို လေ့လာပြီးမှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့သူဖြစ်ရပါမယ်။



လုပ်ငန်းခွင်မှာ ဝန်ထမ်းတစ်ယောက် အရည်အချင်းရှိ၊ မရှိကို ဘယ်လိုသတ်မှတ်သလဲ၊ ဘယ်လိုအချက်တွေနဲ့ တိုင်းတာပါသလဲ

လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ အရည်အချင်းရှိ၊ မရှိ၊ တော် မတော်ဆိုတာကို သုံးသပ်တဲ့အခါမှာ အဓိကကတော့ Result ကိုပဲ ကြည့်ပါတယ်။ သူ့ရဲ့ Result က သတ်မှတ်ထားတဲ့ အတိုင်းပြည့်မီသလား၊ လိုအပ်တာထက် ပြည့်မီသလား၊ ပိုကောင်းသလား။ ဒါမှမဟုတ် ဘယ်လောက်လျော့သလဲဆိုတာကို အဓိကထားပါတယ်။ ဒါပေမဲ့ ဒီလို Result ကို Oriented လုပ်တဲ့အချိန်မှာ လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ၊ Ethical Standard နဲ့ Business Practice အတိုင်း လုပ်ရပါတယ်။ Standard အနေနဲ့ထားတဲ့ Practice တွေ၊ စောင့်ထိန်းရမယ့် စည်းမျဉ်းစည်းကမ်းတွေ ဒါတွေကို ကျွန်တော်တို့ကြည့်ပါတယ်။ နေ့စဉ်နေ့စဉ် လူတစ်ယောက်ဟာ ပိုပြီးတော့ တော်လာရမယ်၊ ပိုပြီးကောင်းရမယ်ဆိုတာမျိုးတွေကိုလည်း ကျွန်တော်တို့က စဉ်းစားသုံးသပ်ပါတယ်။ နောက်ပြီးတော့ ဒီလူတစ်ယောက်ဟာ တခြားလူတစ်ယောက်ကို ပံ့ပိုးပေးနိုင်လား၊ ကူညီပေးနိုင်လား၊ ပိုကောင်းအောင် လုပ်ပေးနိုင်လား၊ သူများတွေအောင်မြင်အောင်ကော ဘာတွေအထောက်အပံ့ပေးနိုင်လဲဆိုတဲ့အပေါ်တွေကို မူတည်ပြီးတော့ ဒီလူတစ်ယောက်ဟာ တော်လား၊ မတော်လားဆိုတာကို ကျွန်တော်တို့စဉ်းစားဆုံးဖြတ်ပါတယ်။

Promotion ပေးတော့မယ်ဆိုရင် ဘယ်လိုဝန်ထမ်းတွေကို ဘယ်လိုအချက်တွေကြောင့် ရွေးချယ်ပြီးပေးလေ့ရှိသလဲ

ဝန်ထမ်းတွေကို Promotion ပေးတော့မယ်ဆိုရင် Promotion ပေးမယ့် လူရဲ့အချိန်နဲ့ သူလုပ်ကိုင်တဲ့အနေအထား၊ သူ့ရဲ့ Experience ၊ လုပ်ငန်းလက်ရှိနေရာမှာ သူဘယ်လောက်ကြာပြီလဲ၊ လက်ရှိနေရာကနေ နောက်ထပ်တစ်နေရာကို ထပ်တက်ဖို့အတွက် နောက်ထပ်သူယူရမယ့် တာဝန်တွေ၊ ဝတ္တရားတွေကို သူလုပ်နိုင်ပြီလားဆိုတာကို စစချင်းမှာ ရာထူးမတက်ခင်ကတည်းက သူတို့ကိုစမ်းပြီးတော့ တာဝန်တွေပေးပါတယ်။ တာဝန်တွေပေးတဲ့အချိန်မှာ ဥပမာ-ဒုတိယမန်နေဂျာ Level ကနေ မန်နေဂျာလုပ်တော့မယ်ဆိုရင် ဒုတိယမန်နေဂျာမှာကတည်းကိုက မန်နေဂျာရဲ့အလုပ်တွေကို တာဝန်စပေးကြည့်ပါတယ်။ ပေးကြည့်တဲ့အခါမှာ သူလုပ်နိုင်လား၊ မလုပ်နိုင်လားဆိုတဲ့ အနေအထားပေါ်လာပါတယ်။

ဝန်ထမ်းတစ်ယောက်ကို ရာထူးတိုးပေးတော့မယ်ဆိုရင် တိုးရမယ့်ရာထူးမှာ ရှိရမယ့်အရည်အချင်းတွေ၊ ရရမယ့် Training တွေ၊ အဲဒါတွေပေါ်မှာ မူတည်ပြီးတော့ စဉ်းစားပါတယ်။ အရေးကြီးဆုံးကတော့ လက်ရှိနေရာမှာ သူအကောင်းဆုံးဖြစ်ပြီလား။ အကောင်းဆုံးဖြစ်ပြီးတော့ နောက်တစ်ဆင့်တက်တဲ့နေရာမှာလည်း သူဘယ်လောက် Level အထိလုပ်နိုင်မှာလဲ၊ တက်သွားတဲ့အချိန်မှာ သူရသွားတဲ့ ရာထူးနေရာမှာရှိတဲ့ သူတွေကလည်း သူ့ကိုလိုလိုလားလားနဲ့ ထိုက်တန်တယ်လို့ထင်ရဲ့လား။ သူ့ရဲ့အောက်မှာရှိတဲ့သူတွေနဲ့ Level တန်း ဒုတိယမန်နေဂျာတွေထဲက သူ့ကို Selection ရွေးတယ်ဆိုရင် ကျန်ခဲ့တဲ့ဒုတိယမန်နေဂျာတွေကကော သူ့ကိုထိုက်တန်တယ်လို့ ယူဆသလားဆိုတာတွေကိုပါ ကြည့်ပြီးတော့မှ ကျွန်တော်တို့ရဲ့ကုမ္ပဏီအတွင်းမှာ ရာထူးတက်ပေးလေ့ရှိပါတယ်။

ကျွန်တော်တို့ ကုမ္ပဏီအတွင်းမှာ ဝန်ထမ်းတစ်ယောက်က ရာထူးတက်ဖို့ဆိုတဲ့အချက်က တော်တော်လေး များများစားစားပြည့်စုံအောင် လေ့လာစဉ်းစားပြီးတော့မှ ပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ အတွေ့အကြုံတွေရှိခဲ့ဖူးပါတယ်။ ဝန်ထမ်းတစ်ယောက်ဟာ သူ့ရဲ့လက်ရှိ ဒုတိယမန်နေဂျာ Level မှာ အတော်လေးတော်တယ်၊ လူတိုင်းကလည်း သူတော်မှန်း သိတယ်။ စိတ်ချလည်းရတယ်၊ ဒါပေမဲ့ သူ့ကိုမန်နေဂျာ Level ပေးလိုက်တဲ့အခါမှာ အဲဒီမန်နေဂျာ Level က အလုပ်တွေကို သူမလုပ်နိုင်ဘူးဖြစ်သွားတယ်။ သူ့ဒုတိယမန်နေဂျာ Level မှာ သိပ်တော်ပေမယ့် မန်နေဂျာလုပ်တဲ့အခါမှာ မလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဆုံးရှုံးမှုဖြစ်ရတယ်။ သူ့အနေနဲ့လည်း တာဝန်မကျေတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ကလည်း သူ့ကိုဒုတိယမန်နေဂျာလည်း ပြန်ချလို့မရတော့ဘူး။ သူ့အနေနဲ့ မန်နေဂျာနေရာမှာလည်း ဆက်လုပ်လို့မရတော့တဲ့အတွက် ဒီဝန်ထမ်းမျိုးကို ကျွန်တော်တို့ဆုံးရှုံးသွားတာမျိုးတွေကို ကြုံခဲ့ဖူးတယ်ဆိုတော့ ကျွန်တော်တို့က ဝန်ထမ်းတစ်ယောက်ကို ရာထူးတက်ဖို့ဆိုရင် ထောင့်စေ့အောင် စဉ်းစားပြီးတော့မှ ပေးပါတယ်။

တော်တဲ့ဝန်ထမ်းတိုင်းရာထူးတိုးလေ့ရှိပါသလား

တော်တဲ့ဝန်ထမ်းဆိုတာက ရာထူးတိုးဖို့ Ready ဖြစ်နေတဲ့ အနေအထားမှာရှိနေတာပါ။ တော်တယ်ဆိုတာက သူ့လက်ရှိနေရာမှာ သူတော်နေတယ်။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုပါပဲ၊ တော်တဲ့ဝန်ထမ်းသည် လက်ရှိနေရာမှာ တော်တယ်၊ ဒါပေမဲ့ နောက်တစ်ဆင့်မှာကော တော်ပါ့မလား၊ နောက်တစ်ဆင့်ကိုကော လက်ခံနိုင်ရဲ့လား၊ နောက်တစ်ဆင့်ကိုကော လုပ်နိုင်ရဲ့လားဆိုတဲ့အရာတွေပေါ်မှာ မူတည်ပါတယ်။ နောက်တစ်ခုက သူတော်တယ်၊ လက်ရှိနေရာမှာ အားလုံးပြည့်စုံတယ်၊ အားလုံးကောင်းတယ်။ နောက်ထပ်နေရာမှာ ရာထူးတက်ဖို့လည်း အဆင့်သင့်ရှိနေတယ်၊ အဲဒီတက်မယ့်ရာထူးနေရာကလည်း ရှိဦးမှပါ။ တကယ်လို့ တက်မယ့်ရာထူးနေရာမရှိသေးဘူးဆိုရင် သူ့အနေနဲ့ကတော့ အဲဒီနေရာအတွက် Ready ဖြစ်နေတဲ့ လူတစ်ယောက်အနေနဲ့ပဲ ရှိနေမှာပါ။ တော်တိုင်းရာထူးတက်ရမယ်လို့တော့ မဟုတ်ပါဘူး။ အပေါ်မှာ နေရာတစ်ခုလစ်လပ်နေရမှာလိုမျိုး တခြားအခြေအနေတွေပေါ်မှာလည်း မူတည်ပါသေးတယ်။

ဝန်ထမ်းတစ်ယောက်အနေနဲ့ တော်လည်းတော်ပြီး အပေါ်လည်းရောက်ဖို့ ပြင်ဆင်ရမယ့်အချက်တွေ

ဝန်ထမ်းတစ်ယောက်က ရာထူးတက်ဖို့ ဘာတွေပြင်ဆင်ရမလဲဆိုတော့ သူ့လက်ရှိနေရာမှာ အတော်ဆုံး၊ အကောင်းဆုံးဖြစ်နေရမယ်။ သူနဲ့ Level တန်းတွေနဲ့ယှဉ်တဲ့အခါမှာ အကောင်းဆုံးဖြစ်နေရမယ်။ နောက်တစ်ခုက သူ့ရဲ့အပေါ်မှာရှိတဲ့ Boss ကို နောက်ထပ်တစ်ဆင့်တွန်းတင်နိုင်ရမယ်၊ Support ပေးနိုင်ရမယ်။ ဥပမာ - သူ့မန်နေဂျာ တစ်ယောက်ဖြစ်နေတယ်ဆိုရင် သူ့အပေါ်မှာ General Manager ရှိနေတယ်ဆိုရင် သူ့ရဲ့ General Manager ဟာ COO ၊ ဒါမှမဟုတ် Director Level အထိ တက်အောင်လုပ်ပေးလို့ရှိရင် သူဟာလွတ်သွားတဲ့ General Manager ရာထူးကို ရသွားနိုင်တယ်။ အဲဒီလိုလမ်းကြောင်းသွားတာက အကောင်းဆုံးလို့ ကျွန်တော်မြင်ပါတယ်။ မဟုတ်ရင် ရှိတဲ့သူတိုက်ခိုက်ပြီးတော့ သွားတာတို့၊ Vacancy ရှိမှတို့ဆိုတဲ့ အနေအထားမျိုးတွေဖြစ်တဲ့အတွက် ရှိပြီးသားကိုယ့် Boss ကို နောက်ထပ် Level တစ်ခုရောက်အောင် ပံ့ပိုးပြီးတော့ တွန်းတင်လိုက်၊ တွန်းတင်လိုက်လို့ လွတ်သွားတဲ့နေရာမှာ ကိုယ်ကဝင်ယူလိုက်။ အဲဒီလိုမျိုး ရာထူးတက်သွားတာက အကောင်းဆုံးလို့ ကျွန်တော်မြင်ပါတယ်။