အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်

အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
စွမ်းဆောင်ရည်ပြည့်ဝပြီး အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံရမယ့်အရာတစ်ခုလို သဘောထားကြပြီး အနာဂတ်အတွက် ကိုယ့်ကိုယ်ကိုယ်အမြဲတိုးတက်အောင် လေ့လာသင်ယူကြပါတယ်။ သင်ဟာအောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် သင့်ရဲ့ နေ့စဉ်အလေ့အကျင့်တွေကို ပြုပြင်ပြောင်းလဲပစ်ဖို့ အချိန်နဲ့အင်အားတွေ လိုပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့အတွက် လိုက်နာသင့်တဲ့အချက် ၁၃ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အရသာရှိပြီး အဟာရပြည့်တဲ့ နံနက်စာကိုသုံးဆောင်ပါ။

အရသာရှိပြီး အဟာရပြည့်တဲ့နံနက်စာကို သုံးဆောင်တာက ကျန်းမာရေးအတွက် ကောင်းမွန်ရုံတင်မကဘဲ နံနက်ခင်းမှာစိတ်ရွှင်လန်းတက်ကြွစွာနဲ့ အလုပ်စတင်နိုင်ဖို့ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

၂။ တစ်နေ့တာ အစီအစဉ်ဆွဲပါ။

မနက်စောစော အလုပ်ကိုရောက်တာနဲ့ အရေးကြီးတဲ့ အလုပ်တွေ၊ ဒီနေ့ အပြီးသတ်မယ်လို့ ရည်မှန်းထားတဲ့ အလုပ်တွေကို ဦးစားပေးလုပ်ပါ။ တကယ်လို့ လုပ်ရမယ့် တာဝန်တွေက တအားများနေရင်လွယ်တဲ့လုပ်ငန်း တစ်ခုကနေစပြီး တစ်ခုချင်းဆောင်ရွက်သွားပါ။ တစ်နေ့တာမှာ အလုပ်အကောင်းဆုံးလုပ်လို့ရတဲ့ အချိန်တစ်ခုရှိတယ်ဆိုရင် အဲဒီအချိန်ကို အရေးကြီးတဲ့အလုပ် လုပ်ဖို့အတွက်ချန်ထားပါ။

၃။ အီးမေးလ်စစ်ဖို့ စိတ်မစောပါနဲ့။

မနက်ခင်းစောစောစီးစီး အီးမေးလ်စစ်တာက အေးအေးဆေးဆေးနဲ့ အလုပ်လုပ်လို့ကောင်းတဲ့ မနက်ခင်းမျိုး ကို ဖျက်ဆီးတတ်လေ့ ရှိပါတယ်။ မနက်ပိုင်းမှာ ကိုယ်မဖြစ်မနေလုပ်ရမယ့် အလုပ်နှစ်ခုသုံးခုလောက်ကိုလုပ် ပြီးမှ အီးမေးလ်စစ်သင့်ပါတယ်။ နောက်ပြီးတစ်နေ့ကို နှစ်ခါ၊ သုံးခါထက်ပိုပြီး အီးမေးလ် မစစ်သင့်ပါဘူး။

၄။ ကိုယ့်ရဲ့ရည်မှန်းချက်ကို အမြဲသတိရပါ။

ကိုယ့်ရဲ့ ရေရှည်ရည်မှန်းချက်၊ ကုမ္ပဏီရဲ့ ရည်မှန်းချက်ကို အမြဲမပြတ် သတိရနေပါ။ အပြန်ပြန်အလှန် လှန်သတိပေးနေပါ။ ကိုယ်ဘာဖြစ်ချင်နေတယ်၊ ကိုယ့်ရဲ့ကုမ္ပဏီ အောင်မြင်လာတဲ့အခါမှာ ဘယ်လိုဖြစ်နေမယ်ဆိုတာကို တွေးမြင်ကြည့်နေတာက အောင်မြင်မှုနဲ့ ပိုပြီးနီးစပ်မှုရှိစေမှာဖြစ်တဲ့အပြင် မလိုလားအပ်တဲ့ လမ်းကြောင်းချော်မှုတွေကိုလည်း ရှောင်ကြဉ်ပြီးသား ဖြစ်စေပါတယ်။ ပြီးတော့ အလုပ်ချိန်နဲ့ကိုယ်ပိုင်အချိန်ကိုလည်း ခွဲခြားအသုံးပြုနိုင်ဖို့ လိုပါတယ်။

၅။ တစ်ချိန်မှာ အလုပ်တစ်ခုတည်း လုပ်ပါ။

တချို့လူတွေက တစ်ချိန်တည်းမှာ အလုပ် နှစ်ခုသုံးခု တစ်ပြိုင်တည်း လုပ်နိုင်တဲ့လူမျိုးကို အထင်ကြီးတတ်ကြပါတယ်။ ဒါပေမဲ့ သင်ဟာအလုပ်တွေအားလုံးကို တစ်ပြိုင်တည်းလုပ်နေမယ်ဆိုရင် အရေးမကြီးတာတွေရော၊ အနှောင့်အယှက်တွေပါ ဝင်လာပါလိမ့်မယ်။ အလုပ်ကို ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိလုပ်နိုင်ဖို့ အတွက် အလုပ်တွေကိုသေချာစီမံခန့်ခွဲပြီး၊ အရေးကြီးတဲ့ကဏ္ဍတွေကို ဦးစားပေးဆောင်ရွက်ပါ။ တခြား လူကိုလွှဲလို့ရတဲ့အလုပ်တွေကိုလည်း လွှဲလိုက်ပါ။

၆။ ငြင်းဆိုပါ။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းအတွက်ကောင်းတယ်လို့ပြောတဲ့ အခွင့်အရေးတိုင်းကို လက်သင့်မခံသင့်ဘဲ ကိုယ့်လုပ်ငန်းအတွက် တကယ်အကျိုးရှိစေမယ့် အခွင့်အရေးတွေကို ရွေးချယ် လက်ခံသင့်ပါတယ်။ ကိုယ့်လုပ်ငန်းအတွက် တကယ်အကျိုးရှိပြီး လုပ်သင့်တဲ့လုပ်ငန်းကို သေချာရွေးချယ်ဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

၇။ အချိန်ကိုတန်ဖိုးထားပါ။

အချိန်ဆိုတာ ငွေလိုပြန်ပြီး အစားထိုးလို့မရတဲ့အတွက်ကြောင့် အချိန်ကိုတန်ဖိုးထားပါ။ ဂရုတစိုက်နဲ့ အသုံးပြုပါ။ အချိန်ကို ကိုယ့်လုပ်ငန်းအတွက် အရေးကြီးတဲ့ လိုအပ်တဲ့လုပ်ငန်းတွေမှာ အကျိုးရှိရှိအသုံးချပါ။ အချိန် ဖြုန်းတာမျိုး မဖြစ်ပါစေနဲ့။ ဥပမာအနေနဲ့ ကိုယ်ကအစည်းအဝေးတစ်ခုမှာ ပါဝင်ရမယ်၊ ဒါမှမဟုတ် တစ်ယောက်ယောက်က ကိုယ့်ကိုတိုင်ပင်ဆွေး နွေးချင်တယ်လို့တောင်းဆိုလာရင် အရင်ဆုံး သူ့ရဲ့မေးခွန်းတွေ၊ အစည်းအဝေးမှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို ကြိုပြီးမေးမြန်းထားပြီး ပြင်ဆင်ထားတာက အချိန်ကုန်သက်သာစေမှာဖြစ်သလို သင့်ရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုမိုတိုးတက်စေမှာဖြစ်ပါတယ်။

၈။ တာဝန်လွှဲအပ်ပါ။

အလုပ်တွေအကုန်လုံးကို ကိုယ်တစ်ယောက်တည်း တာဝန်ယူပြီး ဆောင်ရွက်တာမျိုးကို မပြုလုပ်ပါနဲ့။ ကိုယ့်ရဲ့ဝန်ထမ်းတွေ လုပ်နိုင်တဲ့ လုပ်ငန်းတွေကို တာဝန်ခွဲပေးပါ။ ဒါဟာ ကိုယ့်ဝန်ထမ်းတွေရဲ့ အရည်အချင်းတွေ ပိုတက်လာစေမှာဖြစ်သလို၊ ကိုယ့်ရဲ့ အရေးကြီးတဲ့အလုပ်တာဝန်တွေလည်း မလစ်ဟင်းတော့ပါဘူး။ အဲလိုမှမဟုတ်ဘဲ ကိုယ်တစ်ယောက်တည်းကပဲ အလုပ်တွေကိုတာဝန်ယူပြီး ဆောင်ရွက်နေမယ်ဆိုရင် တစ်နေကုန်အလုပ်နဲ့ လက်ပြတ်မှာ မဟုတ်တဲ့အပြင် ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို ဆုံးရှုံးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ဝန်ထမ်းတွေ လုပ်နိုင်မယ့်အလုပ်တွေကို ခွဲဝေဆောင်ရွက်စေပါ။ တာဝန်လွှဲပေးတဲ့ အခါမှာလည်း မျက်နှာလွှဲပြီးလွှဲပေးတာမျိုးမလုပ်ဘဲ သူ့အနေ နဲ့ လုပ်ငန်းကိုကိုယ်လိုချင်တဲ့ ပုံစံအတိုင်းဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့အကူအညီတွေ၊ အကြံဉာဏ်တွေကို ပံ့ပိုးပေးပါ။ တခြားသူတွေကလည်း သူ့အလုပ်နဲ့သူ မအားလပ်လို့ အလုပ်တာဝန်လွှဲပေးဖို့ အဆင်မပြေဘူးဆိုရင် ဒီလုပ်ငန်းကို ဆောင်ရွက်နိုင်မယ့် ဝန်ထမ်းတစ်ယောက်ကို ထပ်ပြီး ခန့်ထားသင့်ပါတယ်။

၉။ နားထောင်ပါ။

ကိုယ့်ရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောဆိုတဲ့အခါမှာ သူတို့ပြောတဲ့ စကားတွေကို စိတ်ဝင်တစားနဲ့ ဂရုစိုက်နားထောင်ပါ။ သူတစ်ပါးရဲ့ စကားကို သေချာအာရုံစိုက်နားထောင်တဲ့လူဟာ တခြားလူတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ပိုပြီးအဆင်ပြေစေတဲ့အပြင် တစ်ဖက်လူစကားကို နားမလည်လို့ ပြန်မေးရတာမျိုးတွေလည်း နည်းလာစေမှာ ဖြစ်ပါတယ်။

၁၀။ အသိအမှတ်ပြုပါ။

ကိုယ်ရရှိခဲ့တဲ့ အခွင့်အရေးတွေ၊ အောင်မြင်မှုတွေကို ကိုယ်တိုင် အသိအမှတ်ပြုတဲ့ အချိန်တစ်ခုတော့ထားရှိ သင့်ပါတယ်။ သင့်ရဲ့အောင်မြင်မှုတွေကို အသိပေးခြင်းက သင့်ရဲ့လုပ်ငန်းကို ပိုပြီးအာရုံစိုက်နိုင်စေမှာ ဖြစ်သလို၊ အကျိုးရှိရှိနဲ့လည်း ဆောင်ရွက်လာနိုင်စေမှာဖြစ်ပါတယ်။ နောက်ပြီး သင့်ဝန်ထမ်းတွေရဲ့ အောင်မြင်မှုတွေကိုလည်း အသိအမှတ်ပြုပါ။ မအောင်မြင်တဲ့ လူတော်တော်များများက သူတစ်ပါးရဲ့ မအောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကိုပဲ အမှတ်ရနေတတ်ကြပြီး သူတို့ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဝန်ထမ်းတွေရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုတာ၊ ချီးကျူးတာက သူတို့တွေရဲ့ စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်လာစေ ရုံတင်မကဘဲ စိတ်ခွန်အားနဲ့ အလုပ်ပိုကြိုးစားချင် စိတ်တွေကို ဖြစ်စေပါတယ်။ ဒါပေမဲ့ ချီးကျူးတဲ့အခါ အသိအမှတ်ပြုတဲ့အခါမှာတော့ အလွတ်သဘောချီး ကျူးလိုက်တာမျိုးမဟုတ်ဘဲ အကြောင်းပြချက် ခိုင်လုံတဲ့ ချီးကျူးမှုမျိုးဖြစ်ဖို့အရေးကြီးပါတယ်။

၁၁။ မတ်တတ်ထ လမ်းလျောက်ပါ။

တစ်နေကုန်ထိုင်နေတာဟာ ခေတ်သစ်ဆေးလိပ်သောက်ခြင်းပါပဲ။ တစ်နေကုန်ထိုင်နေတာက သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အဲလို တစ်နေကုန်ထိုင်နေတာဟာ ဆီးချို၊ နှလုံး၊ ကင်ဆာရောဂါနဲ့ မသန်မစွမ်းတွေတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ သင်အလုပ်လုပ်လို့ ညောင်းလာတာကို ပေတေပြီးဆက်မလုပ်ဘဲ ထိုင်ရာကထပြီး ရေသွားသောက်တာတို့၊ ကော်ဖီသွားသောက်တာတို့ ပြုလုပ်ပေးသင့်ပါတယ်။

၁၂။ နေ့လယ်စာစားဖို့အချိန်ယူပါ။

သင့်ရဲ့နေ့လယ်စာကို သင့်စားပွဲကနေထပြီး တခြားတစ်နေရာရာမှာ သွားစားပါ။ ဒါဟာ သင့်ရဲ့ အလုပ်ကြောင့် ဖိစီးမှုဖြစ်နေတဲ့ စိတ်တွေကို ပြေလျော့စေတဲ့ အပြင် စိတ်ကူးအသစ်တွေ အတွေးအခေါ်သစ်တွေကိုလည်း ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်။ ပြီးတော့ ကိုယ်တစ်ခုခုစားတဲ့အခါမှာ တခြားတစ်ယောက်ယောက်နဲ့ ဝေမျစားတာက ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေတဲ့အပြင် စိတ်ကူးအသစ်အဆန်းတွေကို ရရှိလာစေနိုင်ပါတယ်။

၁၃။ သင့်ရဲ့ စားပွဲကိုရှင်းလင်းပါ။

တစ်နေ့တာအလုပ်ပြီးဆုံးတိုင်း သင့်စားပွဲကို ရှင်းလင်းပြီး ကိုယ့်ရဲ့ပစ္စည်းတွေကို စနစ်တကျ စီစီရီရီ ပြန်ထားပါ။ နောက်တစ်နေ့မှာ လုပ်ရမယ့်ကိစ္စရပ်တွေကို စာရွက်တစ်ရွက်မှာချရေးပြီး သင့်ကွန်ပျူတာဖြစ်ဖြစ် အ လုပ်စားပွဲမှာဖြစ်ဖြစ် မြင်သာတဲ့နေရာမှာ ကပ်ထားပါ။ ဒါဟာ သင့်ကို နောက်နေ့အတွက် အသင့်ပြင်ဆင်ပြီး ဖြစ်စေသလို မနေ့က ကျန်ခဲ့တဲ့အလုပ်တွေနဲ့လည်းပြန်ပြီး အနှောင့်အယှက်ဖြစ်စေမှာမဟုတ် တော့ပါဘူး။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again