အောင်မြင်သူများ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် သတိပေးလေ့ရှိသည့် အချက် ၇ ချက်

အောင်မြင်သူများ နေ့စဉ် ကိုယ့်ကိုယ်ကိုယ် သတိပေးလေ့ရှိသည့် အချက် ၇ ချက်
အောင်မြင်သည့် ပုဂ္ဂိုလ်များသည် အလွန်အကောင်းမြင်သောအတွင်းစိတ်ကူးရှိကြသူများဖြစ်သည်။ယင်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအား မည်သို့ပြုစုပျိုးထောင်ရမည်ကို သိကြသည်။ ယင်းတို့ စိတ်ဆုံးဖြတ်လိုက်သည့် အရာတိုင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြသည်။ အရေးကြီးဆုံးအချက်မှာ မိမိတို့ကိုယ်မိမိတို့ ယုံကြည်မှု ရှိကြခြင်းပင်ဖြစ်သည်။ မိမိတို့ရည်မှန်းချက်အောင်မြင်အောင်လုပ်ဆောင် နိုင်သူများနှင့် မအောင်မြင်သူတို့ကြားကွာခြားမှုကို ကြည့်မည်ဆိုလျင်၊ မိမိကိုယ်မိမိ ယုံကြည်မှုမရှိခြင်း ဆိုသည့်အချက်ကို ထုံးစံအတိုင်းတွေ့ရမှာဖြစ်သည်။ မအောင်မြင်သူတို့ ရေးဆွဲသည့် အစီအစဉ်များသည် ကျရှုံးဖို့ ဦးတည်လေ့ရှိသည်။

မိမိကိုယ်မိမိ နားလည်သိရှိလက်ခံစိတ်ဖြစ်ပေါ်မှု၊ မိမိလုပ်ဆောင်မှုကို ဆက်လက်လုပ်ဆောင်ဖို့ ကိုယ်တိုင် အားပေးတိုက်တွန်းသော၊ ဒါမှမဟုတ် လက်လျော့စေသော စိတ်ဖြစ်ပေါ်လာပုံနည်းလမ်းများနှင့် ပတ်သက်၍ ထည့်သွင်းစဉ်းစားစရာ အကြောင်းအချက်အချို့ ရှိသည်။ ကိုယ်လုပ်ကိုင်နေသည့်အဆင့်တိုင်းတွင် အပြစ်မြင်လွန်း နေလျင် ဆက်လက်ကြိုးစားဖို့ လိုအပ်သည့် တွန်းအားပျောက်ကွယ် သွားနိုင်ပေသည်။ အဓိကသော့ချက်မှာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အပေါ် သည်းခံရန်၊ အကောင်းမြင်ရန်နှင့် နားလည် သဘောပေါက်ရန်ဖြစ်သည်။နှစ်ပေါင်းများစွာအတွင်း CEO များ၊ အုပ်ချုပ်သူများ၊ လုပ်ငန်းရှင် များနှင့် လုပ်ငန်းအောင်မြင်သည့် ပုဂ္ဂိုလ်ရာပေါင်းများစွာအား လေ့လာရေးမှုများလုပ်ခဲ့သည့် ရလဒ်အနေဖြင့် အောင်မြင်သည့် ပုဂ္ဂိုလ်အားလုံး နေ့စဉ်လုပ်သည့် လုပ်ငန်းဆောင်တာများနှင့် ဆုံးဖြတ်ချက်များအားလုံးသည် အောက်ဖော်ပြပါ အချက် ၇ ခုနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်သွယ်နေသည်။

၁။ ကျွန်ုပ်ရှာဖွေဖော်ထုတ်မည်။

အောင်မြင်သည့် ပုဂ္ဂိုလ်များသည် ကျရှုံးခြင်းကို လက်မခံကြပေ။ ယင်းအစား တွေ့ကြုံရမည့် အတားအဆီးများအတွက် ကြိုတင်ပြင် ဆင်ထားကြသည်။ အခက်အခဲများ တွေ့ကြုံရမည်ဆိုသည်ကို သိရှိထားကြသည်။ မိမိတို့ကိုယ်တိုင်ဖြေရှင်းဖို့ လိုအပ်လာလိမ့်မည်ဆိုသည်ကိုလည်း သိရှိကြသည်။ အရှုံးနှင့် ရင်ဆိုင်မည့်အစား၊ အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုကို ကျွမ်းကျင်အောင်ကြိုးစားထားကြသည်။ မိမိတို့ကိုယ်မိမိတို့ ''ဘာပဲဖြစ်နေနေ၊ ရအောင် ရှာဖွေဖေါ်ထုတ်မည်'' ဟု ထပ်ကာထပ်ကာ ပြောလေ့ရှိ ကြသည်။ ပြောသည့်အတိုင်းလည်း အမှန်တကယ်လည်း လုပ်ဆောင်ကြသည်။

၂။ ''ကမ္ဘာလောကကြီးအတွင်းရှိ အရာရာတိုင်းကို တည်ဆောက်ကြသူများသည် ကိုယ့်ထက်ပိုမိုထူးချွန်သူများမဟုတ်ကြပါ''

Steve Job ၏ အထက်ပါကောက်နှုတ်ချက်သည် ကမ္ဘာတစ်ဝန်းအောင်မြင်သူများ ထပ်ကာထပ်ကာ ရွတ်ဆိုစရာတစ်ခုဖြစ်ခဲ့သည်။ရည်မှန်းချက်အောင်မြင်သူတို့သည် လောကကြီးအား ပြုပြင်ပြောင်းလဲရခက်ခဲသော၊ ပုံသေရပ်တည်နေသည့် အရာတစ်ခုဟု မမြင်ကြ ပေ။ အစဉ်အမြဲရွေ့လျားနေသော၊ နောက်ထပ်ထွက်ပေါ်လာမည့် ပိုမိုကြီးကျယ်သော အကြံဉာဏ်အယူအဆ၏ နှာင့်ယှက်မှုကိုအချိန် မရွေးခံရနိုင်ပြီး၊ အလွယ်တကူပုံစံပြောင်းလဲနိုင်သော၊ အရာဟုယူဆကြလျက်၊ သူတို့ကိုယ်သူတို့လည်း ထိုပြုပြင်ပြောင်းလဲသည့်အလုပ်နှင့် သင့်တော်သူများအဖြစ် မြင်လေ့ရှိကြသည်။ ကိုယ့်ပတ် ဝန်းကျင်ရှိ ကမ္ဘာလောကကြီးအား ကိုယ်ကဲ့သို့သောသူများကပင် ဖန်းတီးထားကြသည်ဆိုသည့်အချက်ကို သတိမူမိလိုက်သည့် အခိုက်အတန့်၊ သတိရနိုးထလာသည့်တစ်နေ့ မိမိမျော်မှန်းသည့် ပန်းတိုင် သို့ အပြင်းအထန်ကြိုးစားအားထုတ်ဖို့ ဆုံးဖြတ်လိုက်သည့် အချိန်တို့သည် မိမိဘဝကို မိမိကိုယ်တိုင် အပြည့်အဝထိန်းချုပ်ကိုင်တွယ်သွားနိုင်တော့မည့် အချိန်ပင်ဖြစ်သည်။

၃။ အမှားဆိုသည် ဘယ်ခါမရှိ၊ သင်ခန်းစာများသာဖြစ်သည်။

ဘဝတစ်သက်တာအတွင်း ကြီးမားသည့် အောင်မြင်မှုရရှိ ဆွတ်ခူးနိုင်သူများသည် ပြုခဲ့မိသည့်အမှားတိုင်းတွင် သင်ခန်းစာများရှိသည်ဟူသော အယူအဆဖြင့် ရှင်သန်လှုပ်ရှား ကြသည်။ ယင်းတို့သည် မှားယွင်းသောခြေလှမ်းများအတွက် စိတ်အနှောက်အယှက်ဖြစ်လျက် နစ်မြောနေသည့် အခြေအနေမျိုးအဖြစ်ခံလေ့ မရှိကြပါ။ အမှားတစ်စုံတစ်ရာပြုမိခဲ့ခြင်းအတွက် မိမိကိုယ်မိမိအပြစ်ပေးလေ့မရှိကြပေ။အပြုသဘောဆောင်သည့်ဦးတည်ချက်အတိုင်းဆက်လက် လျောက်လှမ်းနိုင်ရေးအတွက် အရာရာကို အောင်မြင်ကျော်လွှားဖို့ ကြိုးစားကြသည်။ မှားယွင်းသည်ဟု ခံယူနေခြင်းက အလုပ်ပြီးမြောက်စေမည်မဟုတ်ပေ။ သင်ခန်းစာတစ်ခုသာဖြစ်သည် ဟုယူဆပါ။

၄။ ကိုယ်မသိသေးသောအရာများကိုသိရှိဖို့ အထူးကြိုးစားအားထုတ်ပါ။

အောင်မြင်သူအားလုံးသည် မိမိတို့ကိုယ်ကို အထင်ကြီးကြသူများဖြစ်ကြသည်ဟူသော မှားယွင်းသည့် အယူအဆ၊ ဒါမှမဟုတ် ခြုံငုံသုံးသပ်မှုပြုလေ့ရှိကြသည်။ အမှန်မှာ အလွန်အမင်းအောင်မြင်နေသည့် ပုဂ္ဂိုလ်အများစုသည် ထိုအယူအဆနှင့် လုံးဝဆန့်ကျင်ဖက် ဖြစ်သည်။ ယင်းတို့သည် လေ့လာသင်ယူဖို့ အစဉ်အမြဲ အဆင်သင့်ရှိနေသော အထူးပွင့်လင်းသူများဖြစ်ကြသည်။ ယင်းတို့မသိသေးသော အကြောင်းအရာသစ်များကို အမြဲ ရှာဖွေနေကြသူများဖြစ်သည်။ ဤအချက်သည် အချိန်တိုအောင်မြင်မှုရရှိကြသူများနှင့် အောင်မြင်မှုကို တာရှည်ထိန်းသိမ်းထားနိုင် သူများ၏ အရေးပါသော ကွာခြားချက်တစ်ခုဖြစ်သည်။ အောင်မြင်မှုဆိုသည်မှာ ကိုယ့်အားနည်းချက်နောက် တစ်ခု၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ပြုလုပ်နိုင်မည့်အရာ နောက်တစ်ခုကို သတိပြုမိခြင်းဖြစ်သည်။ ထိုသို့ သတိပြုမိရန်အတွက် ကိုယ်မသိသေးသောအရာသည် မည်သည့်အရာဖြစ်သည်ကို သိထားရမည်ဖြစ်သည်။

၅။ ပြိုင်ဆိုင်မှုကို မေ့ထားပါ။

ကိုယ့်ပြိုင်ဖက်များအား စောင့်ကြည့်ခြင်းနှင့်ပတ်သက်၍ ထည့်သွင်းစဉ်းစားစရာအချက်အချို့ အမှန်တကယ်ပင် ရှိနေပေသည်။ အောင်မြင်မှုအရရှိဆုံးပုဂ္ဂိုလ်များသည် မိမိတို့၏ ကိုယ်ပိုင်ဦးတည်အချက် များနှင့် ယင်းတို့ ဦး တည်သင့်သည်ဟု ခံစားမိသည့် အချက်များအပေါ်တွင် အထူးအာရုံစိုက်တတ်ကြသည်ကို ကျွနု်ပ်တွေ့ရှိခဲ့သည်။ ကိုယ့်ပြိုင်ဖက်အပေါ် အချိန်ကြာမြင့်စွာအာရုံ စိုက်ခြင်းသည် ကိုယ့်ကို အာရုံထွေပြားစေနိုင်သည်။ ကိုယ်နှင့် ကိုယ့်အဖွဲ့သားများ၊ ကိုယ့်ကုမ္ပဏီစသည်တို့အတွက် အကောင်းဆုံးဖြစ်စေမည့် အချက်များအပေါ် အခြေခံရမည့်အစား အခြားတစ်စုံတစ်ဦးအပေါ် အခြေခံသည့် ဆုံးဖြတ်ချက်များ ချမိစေနိုင်ပေသည်။ အောင်မြင်နေသည့်သူများသည် ယင်းတို့၏ပြိုင်ဖက်များကို မေ့ထားကြသည်။

၆။ လုပ်ငန်းစတင်စဉ်ကတည်းက မှန်ကန်စွာလုပ်ဆောင်နိုင်ဖို့အချိန် ယူပြင်ဆင်ပါ။

နောက်ဆုံးအရာရာပြိုကွဲသွားတဲ့အချိန်မှာ မှန်ကန်အောင်ပြန်လည်ပြုပြင်ရတဲ့ အချိန်ရှိစမြဲပါပဲ။ ဒါကြောင့် အစကနဦးကတည်းက အရာရာကို မှန်မှန်ကန်ကန် လုပ်နိုင်ဖို့အချိန်ယူပါ။ အောင်မြင်မှုအရှိဆုံးပုဂ္ဂိုလ်များသည် စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ သဘောတူညီချက်များစသည်တို့ စတင်ဆောင်ရွက်စဉ်ကတည်းက လုပ်ငန်းစဉ်တစ်ခုစီတိုင်းသည် မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနေကြောင်း လုံးဝဥဿုံသေချာစေရန်အတွက် အထူးကြိုးစားအားထုတ်ကြသည်ကို တွေ့ရသည်။ လုပ်ငန်းအစတွင် အရာရာတိုင်းမှန်ကန်စွာရှိနေဖို့ အချိန်ယူပြင်ဆင်မည်ဆိုလျင် လုပ်ငန်းတစ် ဝက်တစ်ပျက်တွင် ကမောက်ကမအဖြစ် များကို ဖြေရှင်းရသည့်အဖြစ်မျိုး ကြုံတွေ့စရာမရှိတော့ကြောင်း ယင်းတို့သိထားကြသည်။ စင်စစ်အသေးစိတ်မှစ၍ အာရုံပြုဂရုစိုက်ခြင်းသည် အရာအားလုံး၏ အခရာပင်ဖြစ်သည်။

၇။ ကိုယ်စတင်ခဲ့ရသည့် အကြောင်းရင်းကို မည်သည့်အခါမှ မမေ့ပါနှင့်။

ဘဝတစ်လျောက် အလွန်ကြီးမားသည့်အတိုင်းအတာထိအောင်မြင် မှုရရှိကြသော ပုဂ္ဂိုလ်များနှင့် ယင်းတို့၏အောင် မြင်မှုခရီးလမ်းအစများကြား ဆက်နွှယ်နေသည့် အတိုင်းအတာသည် ကျွန်ုပ်အားအစဉ်တစိုက် အံ့အားသင့်စေခဲ့သည်။ ယင်းတို့သည် သူတို့မည်သည့်အခြေအနေမှ စတင်ခဲ့သည်ကို သတိရကြသည်။ လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းနှင့် ပါဝင်ပတ်သက်ခဲ့ရသည့် အကြောင်းရင်းအား မိမိတို့ကိုယ်ကို အမြဲတစေပြန်လည်သတိပေး နေကြသည်။ ယင်းတို့ကြိုးစားအားထုတ်မှု၏ အရင်းခံအကြောင်းတရားမှာ အဆုံးသတ်ပန်းတိုင်မဟုတ်ဘဲ ကြီးပွားတိုးတက်မှုကို ချစ်မြတ်နိုးခြင်းမှ ပေါက် ဖွား လာသည့် တွန်းအားဖြစ်သည်။ ရေရှည်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ရေး လုပ်ငန်းစဉ်တွင် အလွန်အရေးပါသည့် အပိုင်းတစ်ခု ရှိသည်။ ဦးစွာဤခရီးလမ်းကို မည်သည့်ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည် ဆိုသည့်အချက်အား သတိရနေဖို့ဖြစ်ပြီး၊ ထိုအချက် ကို မည်သည့်အခါမျ မေ့လျော့မသွားအောင် အစွမ်းရှိသမျ ကြိုးစားရန်ဖြစ်သည်။

Credit: CEO Myanmar

Comments


Chan Myae
Chan Myae
23 Jul 2021 06:41 AM
ကျေးဇူးပါ ခင်ဗျ

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again