အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သိထားသင့်တဲ့အရာ ၆ ခု

အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သိထားသင့်တဲ့အရာ ၆ ခု
ဘယ်သူမဆို ဘဝခရီးရဲ့ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ အရှုံးတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ကျရှုံးမှုတွေဆိုတာ ရှောင်လွှဲလို့ မရနိုင်တဲ့အရာတစ်ခု ဖြစ်သလို စိတ်ကျေနပ်စရာလည်း မကောင်းဘူးဆိုတာ သေချာပါတယ်။ ကျရှုံးမှုကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှု၊ တန်ဖိုးထားမှုတွေ ထိခိုက်ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် အရှုံးတွေကို နည်းမှန်လမ်းမှန်နဲ့ ချဉ်းကပ်တတ်မယ်ဆိုရင်တော့ အံ့သြစရာ အခွင့်အလမ်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု လမ်းစတွေဆိုတာ သိလာနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဘဝမှာ အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သိထားသင့်တဲ့ အချက်တစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ ဒါက နောက်ဆုံးအခွင့်အရေးမဟုတ်ဘူး

တစ်ကြိမ်တစ်ခါ ကျရှုံးခဲ့ရုံနဲ့ သင့်ရဲ့စိတ်ကူးအိပ်မက်နဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို လက်လျှော့အရှုံးပေးစရာ မလိုပါဘူး။ နောက်ထပ် ကြိုးစားနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့။ ကျရှုံးမှုတစ်ခုချင်းစီတိုင်းကိ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းကို မြင်နိုင်စေပါတယ်။

၂။ ကျရှုံးမှုက ဘာတွေသင်ပေးလဲဆိုတာ စဉ်းစားပါ

ကျရှုံးမှုတွေကနေ ရရှိနိုင်တဲ့ အကြီးမားဆုံးအကျိုးကျေးဇူးက သင့်ကို ပိုပြီးတိုးတက်လာအောင် သင်ကြားပေးနိုင်စွမ်းပဲ ဖြစ်ပါတယ်။ ကျရှုံးမှုတိုင်းက သင်ခန်းစာတစ်ခု ပေးပါတယ်။ ဘာကြောင့် အလုပ်မဖြစ်ခဲ့တာလဲ၊ နောက်တစ်ခါ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်လဲ၊ ဘယ်လို အရည်အချင်းတွေ လိုအပ်နေလဲ စတာတွေကို သိသာထင်ရှားလာစေသလို မတူညီတဲ့ အမြင်ရှုထောင့်ကနေ ရှုမြင်သုံးသပ်တတ်အောင်လည်း ကူညီပေးပါတယ်။ 

၃။ ကျရှုံးနိုင်ချေရှိတယ်ဆိုတာ အမြဲတမ်း စိတ်ထဲမှာထားပါ

အောင်မြင်မှုကို ရာနှုန်းပြည့် ယုံကြည်မျှော်လင့်ထားမယ်ဆိုရင် ကျရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ကျရှုံးနိုင်ချေကို စိတ်ထဲမှာ ထည့်တွက်ထားဖို့ လိုပါတယ်။ မျှော်လင့်မထားတဲ့ အကြောင်းတစ်ခုခုကြောင့် ကျရှုံးသွားခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ထဲက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကျရှုံးမှုကြောင့် ယုံကြည်မှု ထိခိုက်ပျက်စီးမှုကို လျော့နည်းသွားစေနိုင်ပါတယ်။ မြန်မြန်လည်း ပြန်လည်ရုန်းထပြီး နောက်တစ်ခါ ကြိုးစားနိုင်စေမှာဖြစ်ပါတယ်။

၄။ ကျရှုံးမှုတိုင်းကို ကိုယ်ရေးကိုယ်တာအဖြစ် မသတ်မှတ်ပါနဲ့

ကျရှုံးမှုတွေရဲ့ အဓိကပြဿနာက ကိုယ်ရေးကိုယ်တာတစ်ခုအဖြစ်သတ်မှတ်ပြီး ခံစားနေခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကျရှုံးမှုတွေက ကိုယ်တိုင်အမှားကြောင့်မဟုတ်ပဲ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့်ကျရှုံးမှုနဲ့ ရင်ဆိုင်ရတိုင်း မိမိကိုယ်ကိုယ်အပြစ်တင်နေမယ့်အစား အခြေအနေကို ဘက်ပေါင်းစုံကို ရှုမြင်သုံးသပ်နိုင်အောင် ကြိုးစားပါ။ ကိုယ်တိုင်မထိန်းချုပ်နိုင်တဲ့ အခြေအနေတွေကြောင့် ကျရှုံးရတာဆိုရင် မိမိကိုယ်ကိုယ် အပြစ်တင်မနေပဲ ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကိုသာ ရှာဖွေပါ။

၅။ ကိုယ်ချင်းစာစိတ်က တခြားသူတွေအတွက်ပဲ မဟုတ်ဘူး

ကျရှုံးမှုတစ်ခုကို ကိုယ်ချင်းစာနာစိတ်နဲ့ ချဉ်းကပ်တတ်ဖို့က အရေးကြီးပါတယ်။ အခြားသူတစ်ယောက် ကျရှုံးတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ အားပေးတာ၊ နည်းလမ်းကောင်းတွေ အကြံပေးတာတွေ လုပ်သလိုပဲ မိမိကိုယ်ကိုယ်ပြန်ပြီး အားပေးသင့်ပါတယ်။ ကျရှုံးမှုကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ့် နည်းလမ်းကောင်းတွေကို အပြင်လူတစ်ယောက်လို သုံးသပ်အဖြေရှာသင့်ပါတယ်။

၆။ ကျရှုံးမှုက အမြဲတမ်းမရှိနိုင်ဘူး၊ အောင်မြင်မှုဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်

ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတိုင်းက ကျရှုံးမှုတွေပေါ်မှာ အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျရှုံးမှုတွေဆိုတာ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင်နိုင်ဖို့ နင်းတက်ရမယ့် လှေကားထစ်တွေသာ ဖြစ်ပါတယ်။ 

Gentleman Magazine

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again