ပေါ်ဦးကို မေးလိုက်ရမှပဲ ရှင်းရှင်းလင်းလင်း ရှိတော့တယ်

ပေါ်ဦးကို မေးလိုက်ရမှပဲ ရှင်းရှင်းလင်းလင်း ရှိတော့တယ်

တစ်ခါတုန်းက ဘုရင်ဧကရာဇ်မင်းတရားကြီး နန်းတော်ထဲမှာ တရားအကြောင်း ဆွေးနွေးမေးမြန်တော်မူပါတယ်။ အဲဒီလူတွေထဲမယ်မှ ပေါ်ဦးဆိုတဲ့ လူကလဲပါသေး။ ဒါနဲ့ မင်းကြီးက ပေါ်ဦးကိုမေးသတဲ့။ ပေါ်ဦး.. ငါက နိဗ္ဗာနသစ္ဆိကိရိယာစ- ဟူသောမင်္ဂလာတရားတော်ကို ဘုရားရှင်ဟောတော်မူသောကြောင့် နိဗ္ဗာန်သို့မျက်မှောက်ပြု၍ ဓမ္မာရမ္မဏအာရုံ ထုံတော်မူပါတယ်။ ကာလေန ဓမ္မသာဝနံ-ဟူသော မင်္ဂလာတရားကတစ်ပါး၊ ကာလေနဓမ္မသာကစ္ဆာ-ဟူသောဒေသနာကတစ်ရပ် ဤမင်္ဂလာတရားနှစ်ပါးကို ဖြစ်ပွားစေခြင်းအကျိုးငှာ တရားတော်ကိုလည်းနာပါတယ်၊ တရားတော်ကိုလည်း ဆွေးနွေးမေးမြန်တော်မူရာ နာမည်ကြီးဆရာတော်များကိုပင် မကြာမကြာလျှောက်ထားဖူးတယ်။ နိဗ္ဗာန်၏ အရသာကို ဘယ်အခါကြမှ ချို၊ချဉ်၊ငန်၊အဖန်၊အခါးကိုခြားနားစွာအချက်ကျကျဟောကြားနိုင်လိမ့်မည်နည်းပေါ့။ ပါဠိ၊အဋ္ဌကထာ၊ဋီကာတွေမှာလဲ အဲဒီလိုကွဲကွဲပြားပြား ချိုသလား ချဉ်သလားဆိုတာကို မတွေ့ရဘူး။ သို့ဖြစ်၍ ပေါ်ဦးရေ..ငါ့ကို သံတော်ဦးတင်နိုင်လျှင် တင်စေဟု မိန့်တော်မူလိုက်ပါတယ်။

ပေါ်ဦးက နိဗ္ဗာန်၏အရသာကို အရှင်ဘုရင်မြတ် ကောင်းကောင်းသိချင်ရင်တင်တော်မူပါမည့်ဘုရားပေါ့။ နိဗ္ဗာန်၏အရသာကို ငယ်စဉ်အခါကတည်းကအဋ္ဌကထာ၊ဋီကာတို့ကို လေ့လာမှတ်သားရှာဖွေခဲ့သော်လည်း ကျမ်းဂန်များမှာ မတွေ့ရှိရပါ။ ဒါပေမယ့်..ရဟန်း သုံးဝါအရ သာသနာတော်မှငြီးငွေ့ခြင်းဖြစ် လူထွက်တော်မူခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်တော်မျိုး၏ ရပ်ရွာမှ “မိသာလှောက်” “မိဂျာရောက်” ညီအစ်မနှစ်ယောက်တို့ကိုတွေ့မှ နိဗ္ဗာန်၏အရသာကို သေချာကွဲကွဲပြားပြားသိခဲ့ရတာပါ။ သို့ဖြစ်၍ “မိသာလှောက်” နှင့် “မိဂျာရောက်”တို့ညီမနှစ်ယောက်ကို ငါ၏ကျေးဇူးရှင်ဆရာများဖြစ်ပေသည်ဟု အမြဲတမ်းကျေးဇူးတင်လျှက်နေခဲ့မိလေတော့တယ်ဟု ဘုရင်မင်းမြတ်ကိုလျှောက်ထားပါတယ်။

ထိုအခါ အရှင်ဘုရင်က- ပေါ်ဦး ငါ့ကို မိသာလှောက်နှင့်မိဂျာရောက်တို့ ညီမနှစ်ယောက်ကြောင့် နိဗ္ဗာန်၏အရသာကို သိရသည်ဆိုမှာဘယ်လိုများပါလိမ့် ငါ့ကိုလျှောက်တင်စမ်းမြန်မြန်လေးဟုဆိုသဖြင့်- သာလှောက်နှင့် ဂျာရောက်တို့ညီမအစ်နှစ်ယောက်အကြောင်းမှာ အစ်မဖြစ်သူ သာလှောက်ကာ အပျိုပါအရှင်မင်းမြတ်၊ ညီမဖြစ်သူ ဂျာရောက်ကာ တစ်လင်ကွာဖြစ်ပါတယ်။ တစ်နေ့သ၌ ကျွန်တော်လည်း လူငယ်တို့သဘာဝအလျှောက် ညဉ့်အခါ၌ ရပ်ရွာတွင်လည်ပတ်ရာ သာလှောက်နှင့်ဂျာရောက်တို့ အိမ်အနီးသို့ ရောက်သွားပါတယ်။ သူတို့ညီမနှစ်ယောက် အိပ်ခန်းတွင်းမှ တီးတိုးစကားသံကြားရသဖြင့် အခန်းနံရံဘေး ပဲထည့်သောပုတ်ကြီးနှစ်လုံးစပ်ကြားတွင် ခိုး၍ သူတို့ပြောသောစကားကို တိတ်တဆိတ်နားထောင်တော်မူခဲ့ပါတယ်။ သူတို့ပြောပုံလေးက- အစ်မဖြစ်သူ မိသာလှောက်မှာ ညီမကို လင်ယူကြခြင်း၏ အရသာကို မေးပါတယ်၊ ညီမဖြစ်သူက မိဂျာရောက်က..အစ်မကြီး လင်ယူခြင်း၏အရသာက အရသာတကာတို့ထက်ထူးကဲလွန်မြတ်လှပါတယ်။ ရိုးတွင်းချည်ဆီကပင် စိမ့်သွားအောင်ကောင်းပါတယ်ဟုပြောပြလိုက်ပါတယ်။ အစ်မဖြစ်သူက- ညီမ ဒါဆိုရင် အရသာတကာတို့ထက် ထူးကဲလွန်မြတ်သည်ဟုဆိုသည်ရှိသော် အချို၊ အချဉ်၊ အစပ်၊ အငန်၊ အဖန်၊ အခါး၊ အဆိမ့်ဤခုနစ်ပါးတို့တွင် အဘယ်အရသာမျိုးပေးဖြစ်ပါသလဲညီမလေးတဲ့။ ညီမဖြစ်သူက- အစ်မကြီး၊ အစ်မကြီးပြောသောအရသာတို့ကို ခွဲခြား၍ မပြောတတ်အောင် အရသာရှိပါတော့သည်။သို့ဖြစ်၍ ထိုသို့သောအရသာမျိုးဖြင့်ခွဲခြား၍မရသောကြောင့် အစ်မကြီးလင်ရလျှင် သိရပါလိမ့်ဟု ပြန်ပြောလိုက်လေသည်။

ဤအကြောင်းအရာကို ကျွပ်နုပ်ခိုးနားထောင်မူခဲ့ပါသည်။ သဘောလဲကျခဲ့ပါသည်။ သို့ဖြစ်၍ ဤနည်းကိုထောက်ထားသောအားဖြင့် အရှင်မင်းမြတ်သိလိုသောနိဗ္ဗာန်၏အရသာသည် ကောင်းသည်ကမှန်ပေသည်။ သို့သော် အဘယ်အရသာမျိုးရှိသည်ကိုကာ ကျွန်တော်မျိုး မတင်မလျှောက်တတ်ပါ။ သိတော်မူလိုပါလျှင် အစ်မကြီး လင်ရတော့သေချာသိတော်မူပါလိမ့်မည်ဖြစ်ကြောင်း ရွှေဖဝါးတော်မြတ်အောက် ရှိခိုးသံတော်ဦးတင်ပါသည်အရှင်မင်းမြတ်ဘုရားဟု လျှောက်ထားလိုက်တော့သတည်း။

ထိုအခါ ဘုရင်မင်းမြတ်နဲ့တစ်ကွ မှူးတော်၊မတ်တော်တို့သည် များစွာပင်ရယ်မောကြလျှက် ပေါ်ဦးကိုမေးလိုက်ရမှပဲရှင်းရှင်းလင်းလင်းရှိရပေသည်ဟု စိတ်နှလုံးရွှင်ပြုံးလျှက်နန်းတော်သို့ဝင်သွားပါလေတော့သတည်း။



Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again