အလုပ်လုပ်ရင်း ကျန်းမာရေးကို ဂရုစိုက်နိုင်မယ့် နည်းလမ်း ၅ မျိုး

အလုပ်လုပ်ရင်း ကျန်းမာရေးကို ဂရုစိုက်နိုင်မယ့် နည်းလမ်း ၅ မျိုး

လုပ်ငန်းခွင်အတွင်း မိမိကျန်းမာရေးအတွက် မေ့လျော့နေတာမျိုး မဖြစ်အောင် နေနိုင်စေမယ့် နည်းလမ်းတွကို ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးတွေက သိပ်ပြီးလည်း အပန်းမကြီးတာကြောင့် နည်းနည်းချင်းစီ လိုက်လုပ်ကြည့်သွားရုံနဲ့ သိသာထင်ရှားတဲ့ လန်းဆန်းမှု ရလဒ်ကို ရနိုင်မှာပါ...

၁။ ကွန်ပျူတာကို ဆက်တိုက်ကြည့်ခြင်းလျော့ပါ။

ကွန်ပျူတာသုံးရတဲ့သူတွေအတွက် နာရီပေါင်းများစွာ တစ်ဆက်တည်းထိုင်ပြီး ကွန်ပျူတာသုံးခြင်းကို သတိထားသင့်ပါတယ်။ ဖြစ်နိုင်ရင် ကွန်ပျူတာကထုတ်လွှင့်တဲ့ အပြာရောင်အလင်းကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကိုတပ်ပြီး ကွန်ပျူတာသုံးပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကွန်ပျူတာသုံးနေစဉ်အတွင်းဖန်သားပြင်ဟာ မိမိရဲ့လက်တစ်ဆန့် အကွာအဝေးမှာပဲ ထားသုံးသင့်ပါတယ်။ နောက်တစ်ခုက မကြာခဏမျက်လုံးပိတ်ပြီးအနားပေးပါ။

၂။ ထိုင်နေတဲ့ပုံစံကို ဂရုပြုပါ။

ခုံပေါ်မှာ လျော့တိလျော့ရဲနဲ့ ခွေခွေခေါက်ခေါက် ခါးကုန်း၊ လက်ပြင်ကိုင်းပြီး အလုပ်ထဲစိတ်နစ်ပြီး လုပ်နေတတ်တာမျိုး လူတိုင်းဖြစ်တတ်ပါတယ်။ ဒါကြောင့် ခါးမတ်မတ်ထားဖို့၊ လက်ပြင်မကိုင်းဖို့၊ ခြေထောက်တွေကို ခွေခေါက်မထားမိဖို့ သတိပြုပါ။ သတိရတိုင်း လမ်းထလျောက်၊ မတ်တပ်ရပ်တာမျိုးလုပ်ပါ။ ဖြစ်နိုင်ရင် ၁၀ မိနစ်လောက်၊ ၁၅ မိနစ်လောက် မတ်တပ်ရပ်ရင်း အလုပ် လုပ်ပါ။ နောက်တစ်ခုက ထိုင်ခုံအစား Fitness Ball တွေကို ထိုင်ဖို့ အသုံးပြုတာမျိုးလည်း ကောင်းပါတယ်။

၃။ နေ့တိုင်း အပြင်စာတွေမစားပါနဲ့။

ထမင်းဘူးမထုပ်ချင်လို့ နေ့လယ်စာကို နေ့တိုင်းအပြင်ဆိုင်တွေမှာစားတာက ကိုယ့်ကိုစမတ်မဖြစ်စေပါဘူး။ အချို မှုန့်များတာ၊ ဆီမသန့်တာ၊ အသားငါးနဲ့ အသီးအရွက်တွေ မလတ်ဆတ်တာအပြင် အမျိုးမျိုးသော အားနည်းချက်တွေရှိနိုင်သလို ဆိုးဆေးတွေ၊ ကြာရှည်ခံဆေးတွေနဲ့ ကိုယ့်ကျန်းမာရေးကို ထိခိုက်စေမယ့် အရာတွေကို နေ့တိုင်းမထိတွေ့တာကောင်းပါတယ်။ တတ်နိုင်သလောက် အိမ်ကနေ ထမင်းချိုင့်။ မုန့်၊ သစ်သီး ပြင်ဆင်ယူလာနိုင်အောင်လုပ်ပါ။

၄။ လမ်းလျောက်အစည်းအဝေးလုပ်ပါ။

ဖြစ်နိုင်ရင် လူနှစ်ယောက်တည်း အစည်းအဝေးထိုင်ဖို့ဆို အစည်းအဝေးခန်းသုံးတာထက် ဆေးဆေးအေးအေးရှိမယ့် နေရာဘက်တွေကို လမ်းလျောက်ထွက်ရင်း ဆွေးနွေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ရုံးက Shopping Center နဲ့ နီးနီးနားနားဆို အဲဒီအထဲ အေးအေးလူလူ လမ်းပတ်လျောက်ရင်း ဆွေးနွေးနိုင်ပါတယ်။ (တကယ့်ရည်ရွယ်ရင်းတော့ မပျောက်စေနဲ့ပေါ့၊ ပြီးတော့ ကိုယ့်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလည်း အဲဒီလိုလုပ်ဖို့ ခွင့်ပြုထားမထားအရင်ဆန်းစစ်ရပါဦးမယ်။)

၅။ စိတ်ကျန်းမာရေးကို ဂရုစိုက်ပါ

စိတ်ဖိစီးမှုတွေ သိပ်များနေပြီလား၊ ဒေါသထွက်လွယ်လာသလား၊ အလိုမကျမှုတွေ များနေပြီလား၊ သိပ်မစဉ်းစားနိုင်တော့ဘူးလားစသဖြင့် မိမိရဲ့ စိတ်အနေအထားကိုလည်း အမြဲတမ်းသတိပြန်လည်ထားနေရပါမယ်။ အလုပ်များတာ ကြောင့်၊ မနိုင်ဝန်ထမ်းနေရတာကြောင့်၊ လုပ်ဖော်ကိုင်ဖက်ကြောင့်၊ အထက်လူကြီးကြောင့်၊အိမ်ကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အတွက် အဆင်မပြေနိုင်လောက်တဲ့အဆင့်၊ ထိခိုက်နိုင်လောက်တဲ့ အဆင့်မရောက်ခင်ကိုယ့်စိတ်ကိုယ် သတိချပ်ရပါမယ်။

လိုအပ်သလို တရားထိုင်တာ၊ စာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ ကိုယ့်ကို နားလည်ပေးနိုင်မယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖွင့်ဟတိုင်ပင်တာ ဘယ်လိုအရာမျိုးမဆို ကိုယ့်စိတ်ထွက်ပေါက် ဖြစ်စေမယ့်အရာတွေကိုလုပ်ရင်းစိတ်ကိုလည်း အမြဲလန်းဆန်းနေအောင်ထားရပါမယ်။ဒါမှ စိတ်ရော၊ ကိုယ်ပါ နှစ်မြှုပ်ပြီး တာဝန်တွေကို အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်မှာပါ။


Credit: CEO Myanmar Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again