လုပ်ငန်းရှင်ဖြစ်လိုသူများ လိုက်နာသင့်တဲ့ အချက် ၆ ချက်

လုပ်ငန်းရှင်ဖြစ်လိုသူများ လိုက်နာသင့်တဲ့ အချက် ၆ ချက်

ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်ရတာဟာ အကျအရှုံးတွေရှိနိုင်သလို အကျိုးအမြတ်တွေလည်း ရှိနိုင်တယ်။ စိတ်ကျဉ်းကျပ်မှုတွေ ခံစားရတတ်တယ်ဆိုတာလည်းမှန်ပေမဲ့ အကျိုးကျေးဇူးတွေလည်း အများကြီး၊ အောင်မြင်လို့ ခံစားရရှိတဲ့စိတ်ချမ်းသာမှုတွေလည်းအများကြီးပါ။ ကိုယ်ပိုင်အလုပ်ထူထောင်လုပ်ကိုင်ရတာ ထင်သလောက်မခက်ပါဘူး။ လုံ့လဝီရိယအသင့်အတင့်၊ သည်းခံစိတ်အသင့်အတင့်ရှိဖို့ပဲ လိုတယ်။ အကြံဉာဏ်ကောင်းကတော့ ရှိရမှာပေါ့။ ဒါဆိုရင် ထင်ထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ဦးဖြစ်လာမှာပါ။

၁။ စိတ်ကူးကောင်းကောင်းရအောင် ကြိုးစားပါ။

စီးပွားရေးလုပ်ငန်းအများစုဟာ စိတ်ဝင်စားစရာစိတ်ကူးစိတ်သန်းတစ်ခုခုနဲ့ စခဲ့ကြရတာချည်းပါပဲ။ လူတွေလိုအပ်နေတဲ့ ဝန်ဆောင်မှုတစ်မျိုးမျိုးဖြစ်ဖြစ်၊ နေ့စဉ်လုပ်ကိုင်ရတဲ့ အလုပ်ကလေးတွေ လွယ်ကူသက်သာသွား‌စေနိုင်တဲ့ အသုံးတည့်တဲ့ပစ္စည်းမျိုးဖြစ်ဖြစ် အဲဒီလိုလိုအပ်ချက်နှစ်မျိုးကို ဖြည့်ဆည်းပေးနိုင်တဲ့ဟာမျိုးပဲဖြစ်ဖြစ် လုပ်ဖို့ရာမှာ စိတ်ကူးကောင်းဖို့လိုတယ်။ ပိုပြီး အရေးကြီးတာက စိတ်ကူးကိုဘယ်လိုအကောင်အထည် ‌ဖော်သလဲဆိုတာ ဖြစ်တယ်။

- စိတ်ကူးကောင်းတစ်ခုတော့ရပြီး ဒါပေမဲ့တကယ့်လက်တွေ့အကောင်အထည်ဖော်နိုင် မဖော်နိုင်ဆိုတာကို စဉ်းစားချင့်ချိန်ဖို့ လိုတယ်။ ကုန်ကျစရိတ် ဘယ်လောက် ရှိမယ်။ ထုတ်လုပ်ရတဲ့အချိန်၊ လူကြိုက်များမများဆိုတာတွေကို ထည့်စဉ်းစားပါ။

- ကိုယ်ရထားတဲ့စိတ်ကူးနဲ့မတူတဲ့ တခြားစိတ်ကူးတွေအတွက် အမြဲတံခါးဖွင့်ထားပါ။ လူတွေက ကိုယ့်ပစ္စည်းကို ဝယ်ချင်စိတ်ရှိမရှိသိရအောင် မေးမြန်းပြီး မှတ်တမ်းတင်ထားပါ။

- စိတ်ကူးရယ်လို့ မရှိသေးရင်တော့ ပစ်မှတ်ထားရမယ့် ဈေးကွက်အကြောင်းကို ပထမစဉ်းစားပါ။ အဲဒီနောက် ဘယ်ဆိုင်တွေမှာ သူတို့ဈေးဝယ်ကြတယ်၊ သူတို့အကြိုက်တွေက ဘာတွေဖြစ်နိုင်တယ်စတဲ့ အချက်တွေကို မွှေနှောက်ဆက်စပ်စဉ်းစားပါ။ အဲဒီအချက်အလက်တွေထဲက သုံးချက်လောက်ကိုပဲ ရွေးပြီးအနှစ်ချုပ်စဉ်းစားပါ။ တစ်ချိန်တည်းမှာပဲ ကုန်ကျစရိတ်၊ ထုတ်လုပ်ရချိန်နဲ့ လူကြိုက်များ၊ မများ ဆိုတာတွေကိုထည့်တွက်ပါ။ အဲဒါတွေထဲကမှ တကယ်အကောင်အထည်ဖော်နိုင်တဲ့ ကုန်ပစ္စည်းထုတ်လုပ်ဖို့လည်း အလွယ်ဆုံးဖြစ်မယ့် ပစ္စည်းကိုရွေးပါ။

၂။ စီးပွားရေးလုပ်ငန်း အစီအစဉ်ဆွဲပါ။

အသေးစိတ်ရေးဆွဲပါ။အားလုံးဟာလက်တွေ့အကောင် အထည်ဖော်နိုင်ဖို့လိုတယ်။ အချိန်ယူပြီး အပိုင်းလိုက် သုံးသပ်ပါ။ စီးပွားရေးလုပ်ငန်းစီမံချက်တစ်ခုမှာ အောက် ပါအပိုင်းတွေ ပါဝင်လေ့ရှိတယ်။

- ပစ္စည်းအကြောင်းဖော်ပြချက်။ ။ သင့်ပစ္စည်းဟာ အမြင်အားဖြင့် ဘယ်လိုရှိတယ်၊ ဘယ်လိုကုန်ကြမ်းတွေနဲ့ လုပ်မယ်ဆိုတာတွေပါပဲ။ ပစ္စည်းဟာအမြင်အရ ဆွဲဆောင်မှုရှိဖို့လိုတယ်။

- ဈေးကွက်ဆန်းစစ်ချက် ။ ။ ဘယ်ဈေးကွက်ကိုဦးတည်မှာလဲ။ ကိုယ့်စိတ်ကူးထားတဲ့သူတွေက ဘယ်‌ဈေးတွေမှာ ဈေးဝယ်ကြသလဲ။ အဲဒီဈေးတွေကဘယ်မှာရှိကြတာလဲ။
- အပြိုင်အဆိုင် ။ ။ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ၊ သူတို့ရဲ့အားသာချက်တွေက ဘာတွေလဲ။ သူတို့ထက် သာအောင် ဘယ်လိုလုပ်မလဲ။

- မားကက်တင်း (ရောင်းရအောင် ဆောင်ရွက်ခြင်း)။ ။ ပစ္စည်းကို ရောင်းထွက်အောင် ဘယ်လိုလုပ်မလဲ။ ပစ္စည်းကို ဝယ်မယ့်သူတွေ ဘယ်လိုမြင်စေချင်သလဲ။ ဘယ်မှာ ကြော်ငြာမလဲ။ ပြောချင် တာကဘာလဲ။ အမြင်ကောင်းအောင် ဘယ်လိုထုပ်ပိုးမှာလဲ။

- လက်တွေ့ရောင်းချခြင်း ။ ။ ဘယ်မှာရောင်းမှာလဲ။ ဝယ်ချင်အောင် ဘယ်လိုလုပ်မှာလဲ။ ဘယ်တော့ ရောင်းမှာလဲ။ ဘယ်လောက်ဖိုး ရောင်းရမယ်လို့ မှန်းထားသလဲ။

- ထုတ်လုပ်ခြင်း ။ ။ ဘယ်လိုထုတ်လုပ်မှာလဲ။ ဒါကိုအဆင့်ဆင့်အသေးစိတ် ရေးဆွဲထားပါ။ ဘယ်လို ကုန်ကြမ်းတွေလိုမလဲ။ ဘယ်နေရာမှာ ဘယ်တော့ထုတ်လုပ်မှာလဲ။ ထုတ်လုပ်ကုန်ကျစရိတ်က ဘယ်‌လောက်လဲ။

- ဘဏ္ဍာရေး ။ ။ လုပ်ငန်းစဖို့ ငွေဘယ်လောက်လိုမလဲ။ ဘယ်လောက်မြတ်မယ်လို့ မှန်းထားသလဲ။

၃။ စီးပွားရေးလုပ်ငန်းစီမံချက်ကို သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးဆွဲဖို့မလိုဘူး။

စီမံချက်ဆိုတာ စိတ်ကူးအားပြုပြီး ရေးဆွဲရတာများတယ်။ စီးပွားလုပ်ငန်း အတွေ့အကြုံ သိပ်များများစားစားလည်း မရှိဘူး။ ဈေးကွက်ကလည်း အသစ်ဖြစ်ပြီး တစ်ခါမှ မသိခဲ့ဖူးတဲ့ဈေးကွက်ဖြစ်နေရင် အဲဒီလိုစီးပွားရေးအစီအစဉ်တွေ ရေးဆွဲတာဟာ အချိန်ဖြုန်းတာပါပဲ။ ပိုဆိုးတာက မိမိကိုယ် မိမိ လှည့်စားထားသလိုဖြစ်ပါတယ်။ ဒါကြောင့် ပထမဦးဆုံးအနေနဲ့ ရောင်းရဖို့လေးပဲ ဦးတည်ချက်ထားပြီး စီစဉ်ပါ။

- အရေးအကြီးဆုံးကတော့ကိုယ့်ပစ္စည်းဝယ်သူအနည်း ဆုံး တစ်ယောက်စိတ်ချမ်းသာသွားဖို့ပါပဲ။ အဲဒီလို ဖြစ် လာရင် ပစ္စည်းလည်း အဆက်မပြတ်ထုတ်ရပြီး အရောင်းလည်း လက်မလည်ဖြစ်ပြီး ကုန်ထုတ်နဲ့ကုန်ရောင်း ဟာ အမြန်အူလည်လိုက်လာမှာဖြစ်တယ်။ အဲဒီအခါ သင့်စီးပွားရေးလုပ်ငန်းဟာ စတင်လည်ပတ်နေပြီလို့ ဆိုရမှာဖြစ်တယ်။ အဲဒီအခါကျမှ အထက်က ပြောခဲ့တဲ့ ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားတဲ့စီမံချက်မျိုးတွေဟာ ပေါ်ပေါက်လာတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါလားဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်တယ်။

၄။ ရင်းနှီးမြှုပ်နှံမယ့်သူကို ရအောင်ရှာပါ။

သင့်ကုမ္ပဏီစဖို့ လိုအပ်တဲ့ငွေရဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူကို သင့်စိတ်ကူးတွေနဲ့ပတ်သက်ပြီး သဘောပေါက် နားဝင်သွားအောင် ပြောပါ။ သင့်မှာ အကြံကောင်းစိတ်ကူးကောင်းရှိနေပြီဆိုရင်တော့ ရင်းနှီးမြှုပ်နှံချင်ကြမှာပါပဲ။

- PowerPoint သုံးပြီး ကုန်ပစ္စည်းအကြောင်းရှင်းလင်း တင်ပြတာမျိုးဖြစ်ဖြစ်၊ ဒါမှမဟုတ် အလားတူနည်းသုံးပြီး ရှင်းပြတာမျိုးဖြစ်ဖြစ် အသုံးပြုပါ။ သင့်ပစ္စည်းဟာ ဘာကြောင့် အကောင်းဆုံးဖြစ်တယ်ဆိုတဲ့အကြောင်း၊ သင့်စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အပိုင်းလိုက် အသေးစိတ်ရှင်းပြပါ။

- သင့်လုပ်ငန်းက အမြတ်အစွန်း ခန့်မှန်းခြေဘယ်လောက် ရနိုင်တယ်။ ရင်းနှီးမြှုပ်နှံသူတွေက အမြတ်ရဲ့ ဘယ်နှရာခိုင်နှုန်းကို အတိုးအဖြစ်ရနိုင်တယ်ဆိုတာတွေ တင်ပြပေးပါ။ Venture Capital နဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေဟာ သင့်ကိုအောင်မြင်အောင်လုပ်ဖို့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ သင့်အနေနဲ့ကတော့ သူတို့ဝင်ပါလာလို့ ကိုယ်ကြိုက်နှစ်သက်တဲ့လုပ်ငန်းလေးကနေ တစ်နှစ်ဒေါ်လာ ရှစ်သောင်းလောက် အမြတ်ရနေရင် တော်လှပေပြီ။ အောင်မြင်နေပြီလို့ မှတ်ယူသင့်ပါတယ်။

- လုပ်ငန်းကို နည်းနည်းလေးနဲ့ပဲ စပြီး ဖောက်သည်အနေနဲ့လည်း နည်းနည်းပါးပါးလောက် ရနေရင်ပဲ အလားအလာကောင်းပြီလို့ ဆိုရမှာဖြစ်တယ်။ ဒါပေမဲ့ Venture Capital အလုပ်ကို လုပ်နေကြသူတွေဟာ အဲဒီလို အလားအလာကောင်းတာမျိုးကို မကြိုက်ကြဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လုပ်နည်းလုပ်ဟန်က လောလောဆယ် အလားအလာမကောင်းပေမဲ့ နောင်အခါအကျိုးအမြတ်တွေ အများကြီးရနိုင် တဲ့အလားအလာရှိတယ်လို့ အရဲစွန့်ပြီး ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဘီလီယံနာသူဌေးကြီးတွေဖြစ်အောင် ရည်ရွယ်ချက်နဲ့ လုပ်နေကြတာဖြစ်တယ်။ ဒါဟာ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ပဲ။ ကိုယ့်လုပ်ငန်းထဲ အဲဒီ Venture Captial တွေ ဝင်လာပြီဆိုရင် ကိုယ်စိတ်ကူးရှိသလောက် လွတ်လွတ်လပ်လပ် လုပ်နိုင်ခွင့် ဆုံး ရှုံးသွားတော့တာပါပဲ။ ဒါကြောင့် အရင်းအနှီးတွေ အများကြီးမသုံးဘဲ လုပ်ငန်းစနိုင်ရင်အကောင်းဆုံးပါပဲ။

၅။ ရောင်းပါ။

သင့်ရဲ့ကုန်ပစ္စည်းကို ရောင်းပါ။ ဖြန့်ဖြူးပေးပါ။ အမြတ်အစွန်းလေးရလာပြီဆိုရင်တော့ ဒါဟာ အလုပ်ဖြစ်ပြီပေါ့။ ဒီလိုလုပ်ခြင်းအားဖြင့် သင်ဟာ ဈေးကွက်နဲ့ပတ်သက်တဲ့ သင့်အယူအဆတွေကို လက်တွေ့စမ်းသပ်ကြည့်နေတာဖြစ်တယ်။ ဘယ်ဟာက အလုပ်ဖြစ်တယ်။ ဘယ်ဟာကတော့ အလုပ်မဖြစ်ဘူး သိလာမှာဖြစ်တယ်။ နောက်ထပ်ပိုကောင်းတဲ့ အကြံသစ်ဉာဏ်သစ်တွေလည်း ရလာမှာဖြစ်တယ်။ ဘာဝင်ငွေမှ မရဘူးဆိုရင်တော့ စိတ်အထင်သာဖြစ်ပါလိမ့်မယ်။

၆။ အလုပ်နဲ့ပတ်သက်တဲ့ကွန်ရက်ကို ဝယ်ပါ။

ကိုယ့်လိုစီးပွားရေးလုပ်ငန်းစွန့်စားစတင်လုပ်ကိုင်သူတွေနဲ့ ပေါင်းပါ။ အဲဒီလို လုပ်ခြင်းအားဖြင့် အဆက်အသွယ်တွေရပြီး အခွင့်အလမ်းတွေလည်း ကြားသိလာနိုင်တယ်။
ပိုပြီး အရေးကြီးတာကတော့ အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးခေါ်ယူဆပုံကို သိနားလည်လာနိုင်တာပဲဖြစ်တယ်။ သူတို့ရဲ့သဘောထားတွေ၊ အခွင့်အလမ်းကောင်းရှာတတ် ပုံတွေ၊ အကြံဉာဏ်မှန်သမျှ လက်ခံစဉ်းစားတတ်ပုံတွေ၊ တစ်ခါတစ်ရံ ဆန့်ကျင်ဘက်အယူအဆတွေကလည်း အလုပ်ဖြစ်တယ်ဆိုတာကို သိကြပုံတွေနဲ့ လုပ်နည်းလုပ်ဟန်ကွဲပြားကြပုံတွေကို နားလည်သိရှိလာမှာဖြစ်ပါတယ်။


Credit: CEO Myanmar Facebook Page


Comments


ကောင်းထက်
ကောင်းထက်
17 Feb 2020 04:37 AM
ဆောက်လုပ်ရေးလုပ်ငန် လုပ်ချင်လို့ပါ အတွေ့အကြုံ အရ စတင်ပြုလုပ်ရမိ အချက်လေးတွေနင့်လိုအပ်ချက်များကိုတင်ပြပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
pyaephyo
pyaephyo
08 Aug 2021 05:37 AM
I want to sale motocycle parts from Nay Pyi Taw .I have experience.

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again