Self-esteem ရဖို့ လိုက်နာကျင့်သုံးရမယ့် အချက် ၆ ချက်

Self-esteem ရဖို့ လိုက်နာကျင့်သုံးရမယ့် အချက် ၆ ချက်
မိမိကိုယ်မိမိ ဘာလဲဆိုသည်ကို သိရန်အရေးကြီးပါသည်။ အတွေးအခေါ်ပညာရှင် Nathaniel Branden က ကိုယ့်ကိုယ်ကိုယ်ဘာလဲဆိုသည်ကိုသိရန် (Self-Esteem) သူ၏စာအုပ် Six Pillars of Self-esteem တွင် အချက်ခြောက်ချက်ဖြင့် ပြောပြထားပါသည်။ ခြောက်ချက်စလုံးကို သေသေချာချာ Practice လုပ်ရမည် ဖြစ်သည်။

၁။ သတိတရားဖြင့် နေထိုင်ပါ။

နံပါတ်တစ်အချက်ကတော့ Practice of living conciously ဖြစ်ပါသည်။ သတိတရားနှင့် နေထိုင်ရပါမည်။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲ၊ ကိုယ်ဘာလုပ်နိုင်သည်၊ ဘာမလုပ်နိုင်ဘူးဆိုသည်ကို နားလည်ရမည်။ ကိုယ်ကသတိတရားလေးရှိလျင် အရာရာတိုင်းက ပညာရပါလားဆိုသည်ကို သိသွားမည်။

ကိုယ်သိသည့် အသိပညာတွေထက် လူတိုင်းက ကိုယ့်ကိုအသိပညာတွေ ပေးနိုင်ပါလားဆိုသည်ကို သိလာမည်။ ဖြစ်ချင်သည်များ၊ ဖြစ်နိုင်သောအရာများအားလုံးက အသိပညာဗဟုသုတက သတိထား၊ နားစွင့်ထားပြီး ဖိတ်ခေါ်လျင် အကုန်ဝင်လာသည်ဟု ပြောပါသည်။ နောက်ဆုံးမှာ လူတစ်ယောက်၏ စိတ်နေစိတ်ထားပါ ပြောင်းသွားသည်။

၂။ ကိုယ့်ကိုယ်ကိုယ်လက်ခံပါ။

နံပါတ်နှစ်အချက်ကတော့ Practice of self-acceptance ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် လက်ခံရမည်။ ကိုယ့်အခြေအနေမှန်ကို လက်ခံနိုင်ရမည်။ ကိုယ်သိတာ ကိုယ်မသိတာ၊ ကိုယ်တတ်တာ ကိုယ်မတတ်တာကို သူများပြောမှ မဟုတ်ပါ၊ ကိုယ်ကိုယ်တိုင် လက်ခံရမည်။ တချို့က ကိုယ်မတတ်မှန်းသိသိကြီးနှင့် ဖုံးထားသည်။ ကိုယ်တိုင်လက်မခံပါ။ အဲသည်လိုမဖြစ်ရပါ။

၃။ တာဝန်ယူမှုရှိပါ။

နံပါတ်သုံးအချက်ကတော့ Practice of self-responsibility ဖြစ်ပါသည်။ တာဝန်ယူမှုရှိရမည်။ ဘာကို တာဝန်ယူရမည်နည်းဆိုတော့ ကိုယ့်ရွေးချယ်မှုတိုင်းကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ တာဝန်ယူရမည်။ ထူးခြားချက်က တာဝန်ယူမှုတွင် အခြားသူများက ကိုယ့်ကိုအပြစ်တင်မှုတိုင်းကို တာဝန်ယူရမည်မဟုတ်ပါ။ ကိုယ်ဘာမှားသွားလဲဆိုသည်ကို ကိုယ်တိုင်ပြန်စဉ်းစားရမည်။

ကိုယ်သည်နေရာမှာ သည်လိုမှားသွားပါလားဆိုသည်ကို သိအောင်လုပ်ရမည်။ တခြားသူတွေက အပြစ်တင်လာလျင် သူတို့ကျေနပ်အောင် တာဝန်ယူခြင်းမဟုတ်ဘဲနှင့် ကိုယ်မှားသည်ဆိုသည်ကို ကိုယ်တိုင်သိပြီး တာဝန်ယူမှုဖြစ်သည်။ ထို့ကြောင့် သည်နေရာတွင် တာဝန်ယူမှုဟုပြောခြင်းက တခြားသူများအတွက် မဟုတ်ပါ၊ ကိုယ့်အတွက်ကိုယ် တာဝန်ယူခြင်းဖြစ်သည်။ ကိုယ်တိုးတက်ပြောင်းလဲရန်အတွက် ကိုယ်လုပ်ချင်မည့်အရာဖြစ်၍ တာဝန်ယူပြီး လုပ်သွားခြင်းဖြစ်ပါသည်။

၄။ အမူအရာတစ်သမတ်တည်းရှိရမည်။

နံပါတ်လေးအချက်ကတော့ Practice of self-assertiveness ဖြစ်ပါသည်။ ကိုယ့်ပြောဆိုပုံအမူအရာက တစ်သမတ်တည်းဖြစ်နေရမည်။ ကိုယ်က စိတ်ညစ်နေသည်ဖြစ်စေ၊ ပျော်နေသည်ဖြစ်စေ ကိုယ်ပြောရမည့်ကိစ္စတိုင်းကို လေသံတစ်ခုတည်းနှင့် ပြောရမည်။ ကိုယ်ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ ပြောရမည့်ဝတ္တရားအရပြောသည်။ ကိုယ့်ပင်ကိုအမူအရာနှင့် ဒေါသ၊ မောဟတွေမပါဘဲ ပြောရမည်။

အသံအနေအသံထားတစ်ခုကို ပုံမှန်အတိုင်းပြောရမည်။ ကိုယ်စိတ်ပျော်နေ၍ ပျော်နေသည့် အသံနှင့်ပြောရမည်၊ သို့မဟုတ် စိတ်ဆိုးနေသည့်အချိန် ဒေါသသံပါခြင်းမျိုး မရှိရပါ။ ကိုယ်ပြောရမည့်စကားကို ပြောသည်၊ အရောင်များ၊ ခံစားမှုများမပါရပါ။စက်ရုပ်ဆန်ခြင်းမျိုး မဟုတ်ဘဲ၊ ချစ်ခြင်း မုန်းခြင်းများမရှိဘဲ ပုံမှန်ပြောမည်ဆိုလျင် လူတိုင်းက အဖြူထည်အတိုင်း လက်ခံလာကြမည်။ ဤသည်ကလိုက်လုပ်ရန် ခက်ခဲသည်ဆိုသော်လည်း ကျင့်သုံးသင့်သည့်အရာတစ်ခုဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်လျင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းလုပ်လျင်ပဲဖြစ်ဖြစ် စကားတော့ပြောရမည်။ မှန်မှန်ကန်ကန်၊ သတ္တိရှိရှိနှင့် ပုံမှန်အတိုင်းပြောနိုင်ရမည်။

၅။ အဓိပ္ပာယ်ရှိသောအသက်ရှင်ခြင်းဖြစ်ရမည်။

နံပါတ်ငါးအချက်ကတော့ Practice of living purposely ဖြစ်သည်။ ဘဝကို အဓိပ္ပာယ်ရှိရှိ အသက်ရှင်နေထိုင်ခြင်းဖြစ်သည်။ လူတိုင်းတွင်သေသွားသည့်အချိန်အထိ ရည်မှန်းချက်ပန်းတိုင်ရှိရသည်။ အသက်ကြီးသွား၍ ရည်မှန်းချက်များ ပြည့်နေပြီဟုပြော၍မရပါ။ ကိုယ့်ပန်းတိုင်တစ်ခုပြည့်သွား၍ ရပ်လိုက်တော့မည်ဆိုသည်မရှိပါ။ နောက်ထပ်ပန်းတိုင်အသစ်တစ်ခု ထပ်ပေါ်လာမည်မှာ မလွဲပေ။ အဲသည်ပန်းတိုင်များဆီသွားရင်း ဘဝကို အဓိပ္ပာယ်ရှိအောင်နေပါ။

ကိုယ်လူ့ဘဝမှာနေခြင်းက ဘာကြောင့်နေနေသနည်းဆိုသည့် အဓိပ္ပာယ်ကိုသိရမည်။ ကိုယ်က ဘယ်လောက်အသုံးဝင်သည့်သူလဲဆိုသည်ကို ဆန်းစစ်လျင် ကိုယ့်ကိုယ်ကိုယ်ကျေနပ်လာမည်။ ထိုသို့ကျေနပ်လာမှ ဘဝမှာ နေပျော်လာမည်။ မဟုတ်လျင်တော့ ကိုယ်က လူပိုကြီးပဲ၊ ကိုယ့်မိသားစုအတွက် ဘာမှအသုံးမဝင်သည့်သူပဲဆိုပြီး အားမရခြင်း များများလာပြီး စိတ်ဖိစီးမှုများလာမည်။ လူတိုင်းမှာ ရည်ရွယ်ချက်များရှိရမည်။ ပန်းတိုင်တွေ အမြဲတမ်းထားရမည်။

၆။ သိက္ခာတရားနှင့်နေထိုင်ပါ။

နံပါတ်ခြောက်အချက်ကတော့ Practice of personal integrity ဖြစ်ပါသည်။ ကိုယ့်သိက္ခာနှင့် ကိုယ်နေခြင်းပါ။ ဂုဏ်သိက္ခာဟုပြောလျင် စည်းကမ်းပါမည်၊ ကိုယ်စွမ်းရည်လည်းပါမည်။ ကိုယ့်စည်းကမ်းကို ကိုယ်ပဲလိုက်နာသည်၊ ကိုယ့်စွမ်းရည်ကို ကိုယ်ပဲလိုက်နာသည်။ ကျွန်တော်လက်ရှိကုမ္ပဏီမှာ HR အဖြစ်နှင့် တစ်နှစ်ကြာသောအခါ ဘာလို့နေနိုင်တာလဲဟုမေးကြသည်။ ဘာကြောင့် ကျွန်တော့်အရင်က HR နှစ်ယောက်က သုံးလလောက်နှင့် အလုပ်ထွက်သွားကြသည်။ ကျွန်တော်ဘာလို့နေနိုင်တာလဲဆိုတော့ ကျွန်တော်စာအုပ်ဖတ်သည်။ ကျွန်တော်ကြိုက်သည့်အချက်များကို လိုက်လုပ်သည်။ တော်တော်များများလည်း အောင်မြင်ပါသည်။

ကျွန်တော်က အလုပ်ပြီးမြောက်အောင် ဘာလုပ်ပြီးလျင် ဘာဆက်လုပ်မည်ဆိုသည့်နေရာမှာ ကျွမ်းကျင်သည့်သူဖြစ်သည်။ ကျွန်တော်သူတို့ကို အလုပ်ပေးသည့်အခါ ပုံမှန်အသံနှင့် ညှွန်ကြားသည်။ ဘာလုပ်ပြီးပြီလဲ၊ ဘာဆက်လုပ်မလဲ ပုံမှန်အတိုင်းညှန်ကြားသည်။ သည်တော့ သူတို့ကို ဖိအားပေးခြင်းမဟုတ်ဘဲ အလုပ်အကိုင်ပေးနေသည်ဟု သူတို့ခံစားရသည်။ ကြာလာတော့ ကျွန်တော့်ကိုမြင်သည်နှင့် သူတို့တွင် အလုပ်မရှိလျင် အလုပ်မရှိဘူး၊ ပေးပါဦးဆိုတာမျိုး ဖြစ်လာသည်။ ကိုယ့်စည်းကမ်းကို ကိုယ်လိုက်နာမှ လူတိုင်းလိုက်နာလာမည်။ ထို့အပြင် ကိုယ့်စွမ်းရည်က တစ်နေရာနှင့် တစ်နေရာကို ကူးပြောင်းရန်အတွက် လိုအပ်ချက်ဖြစ်သည်။

ကိုယ့်မှာ ယုံကြည်မှုရှိရမည်၊ လုပ်ချင်သည့်စိတ်ရှိရမည်။ ကိုယ်လုပ်ချင်တာ ကိုယ်သိပြီး ရအောင်လုပ်ရမည်။ သူများပြောပြောမပြောပြော ပြီးအောင်လုပ်ရမည်။ နောက်ဆုံးပြောချင်သည့်အချက်က Small improvements are big ပါ။ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်းနှင့် တိုးတက်လာအောင်လုပ်ရင်း အောင်မြင်မှုကြီးရအောင်လုပ်ယူပါ။ Skills အကုန်လုံးကသည် အချက်ခြောက်ချက်ကနေစပါသည်။ သည်အချက်ခြောက်ချက်ကိုသာ လိုက်လုပ်မည်ဆိုလျင် ကိုယ်ပိုင်လုပ်ငန်းပဲလုပ်လုပ်၊ ဝန်ထမ်းပဲလုပ်လုပ် အောင်မြင်နိုင်မည်ဖြစ်သည်။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again