အလုပ်နည်းနည်းလုပ်ပြီး များများပြီးမြောက်စေတဲ့ လူတော်တွေရဲ့ နည်းလမ်း ၁၀ ခု

အလုပ်နည်းနည်းလုပ်ပြီး များများပြီးမြောက်စေတဲ့ လူတော်တွေရဲ့ နည်းလမ်း ၁၀ ခု
အလုပ်တစ်ခုကို ဘယ်လိုလုပ်သလဲဆိုတာက ကိုယ်ဘယ်လောက်များများလုပ်သလဲဆိုတာထက် ပိုအရေးကြီးပါတယ်။ စတင်န်ဖို့ဒ်တက္ကသိုလ်ရဲ့ လေ့လာချက်အသစ်တစ်ခုအရတစ်ပတ်မှာ အလုပ်ချိန်စုစုပေါင်း နာရီငါးဆယ်ကျော်တဲ့အခါ တစ်နာရီအတွင်းထုတ်လုပ်မှုစွမ်းရည်လျော့ကျပြီး ၅၅ နာရီကျော်ရင်တော့ ထုတ်လုပ်နိုင်စွမ်းလုံးဝမရှိဘဲ အလုပ်လုပ်တာ အဓိပ္ပာယ်မဲ့သွားပါသတဲ့။

တစ်ပတ်မှာ နာရီပေါင်း ခုနစ်ဆယ်၊ ဒါမှမဟုတ် အဲဒါထက်ပိုပြီးလုပ်တဲ့ လူတွေဟာ တစ်ပတ်ကို ၅၅ နာရီလုပ်တဲ့ လူတွေရဲ့ အလုပ်ပမာဏနဲ့တန်းတူဖြစ်ပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေမှာ ဟန်ချက်ညီမှုရှာတွေ့ပြီး တနင်္လာနေ့မနက်ကျရင် တက်ကြွလန်းဆန်းစွာနဲ့ လုပ်ငန်းခွင်လာနိုင်ဖို့ နည်းလမ်းဆယ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အဆက်အသွယ်ဖြတ်ပါ။

သောကြာနေ့ညနေမှ တနင်္လာနေ့ မနက်အထိအီလက်ထရွန်းနစ်ဆက်သွယ်မှုကို အဆက်ဖြတ်ဖို့ နည်းလမ်းမရှာနိုင်ရင် ရုံးမဆင်းရသေးသလိုခံစားရမယ်။ အလုပ်နဲ့တစ်ပတ်မှ ခုနစ်ရက်၊ တစ်ရက် ၂၄ နာရီ နာရီ ၂၄/၇ ဆက်သွယ်လို့ရအောင် လုပ်ထားခြင်းဟာ ပြန်စူးစိုက်ခြင်း၊ ခွန်အားပြန်ဖြည့်ခြင်းအတွက် ဖိစီးမှုတွေက ဆက်တိုက်ဟန့်တားလိမ့်မယ်။ အဲဒီလို လုံးဝအဆက်မဖြတ်နိုင်ဘူးဆိုရင် စနေ၊ တနင်္ဂနွေမှာ အီးမေးလ်၊ voicemail တွကို တုံ့ပြန် ဖို့ အချိန်အတိအကျသတ်မှတ်ပြီးစစ်ဆေးပါ။

၂။ ပရဟိတကိစ္စတွေ လျော့ချပါ။

ပရဟိတကိစ္စတွေက စနေ၊ တနင်္ဂနွေရက်တွေကို လုံးဝစိုးမိုးတတ်တဲ့အကျင့်ရှိပါတယ်။ အဲဒီလိုဖြစ်တဲ့အခါ အပန်းဖြေပြီး စားမြုံ့ပြန်ဖို့ အခွင့်အလမ်းဆုံးရှုံးရတယ်။ ပိုဆိုးတာက ပရဟိတအလွန်များရင် အလုပ်လုပ်သလိုဖြစ်တတ်တာပါ။ ဒါမျိုးမဖြစ်အောင် သီတင်းပတ်အတွင်းလုပ်တဲ့ တခြားကိစ္စတွေလိုပဲ ပရဟိတတွေကို အစီအစဉ်ရေးဆွဲပါ။ အဲဒါတွေက သတ်မှတ်ချိန်အတွင်းမပြီးရင်နောက် စနေ၊ တနင်္ဂနွေနေ့ကျရင်လက်စသတ်ပါ။

၃။ လေ့ကျင့်ခန်းလုပ်ပါ။

သီတင်းပတ်ကုန်ရက်တိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ၄၈ နာရီ (နှစ်ရက်) အချိန်ရပါတယ်။ ခန္ဓာကိုယ်ကို အနည်းဆုံးဆယ်မိနစ်ခန့်လှုပ်ရှားပေးခြင်းဟာ စိတ်ဖိစီးမှုလျော့ချပေးတဲ့ GABA ဓာတ်ကိုထုတ်လွှတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် စိတ်ကူးသစ်တွေထွက်ပါတယ်။ တီထွင်သူတွေနဲ့ တခြားအောင်မြင်တဲ့ လူတွေဟာဟင်းလင်ပြင်မှာရှိနေရင် တီထွင်ဖန်တီးနိုင်စွမ်း မကြာခဏပိုရရှိမှန်း သိကြပါတယ်။ ပြေးတဲ့အခါ၊ စက်ဘီးစီးတဲ့အခါ၊ ဒါမှမဟုတ် သစ်ပင်စိုက်နေတဲ့အခါ လေ့ကျင့်ခန်းက အင်ဒေါဖင်ဓာတ်ဖြည့်တင်းမှု ရရှိစေပါတယ်။ အရေးကြီးတာက ကိုယ့်အတွက် အင်ဒေါဖင်ဓာတ်ရစေနိုင်တဲ့ ကိုယ်လက်လှုပ်ရှား နည်းကိုရှာပြီး စနေ၊ တနင်္ဂနွေ လုပ်ရိုးလုပ်စဉ်တွေရဲ့ အစိတ်အပိုင်းတစ်ပိုင်းဖြစ်နေအောင်လုပ်ဖို့ပဲ။

၄။ ပြန်သုံးသပ်ပါ။

အပတ်စဉ် ပြန်သုံးသပ်ခြင်း (စားမြုံ့ပြန်ခြင်း) ဟာ တိုးတက်မှုအတွက် အားကောင်းတဲ့ ကိရိယာတစ်ခုပဲ။ ကိုယ့်လုပ်ငန်း၊ ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အလုပ်အကိုင်ကို ပုံသွင်းပေးနေတဲ့ ပိုကြီးမားတဲ့ အင်အားစုတွေကို စနေ၊ တနင်္ဂနွေမှာသုံးသပ်ပါ။ တနင်္လာမှ သောကြာအတွင်းအလုပ်ရှုပ်ပြီး အာရုံနောက်နေတာမျိုးမရှိလို့ သင်ဟာ ရှုထောင့်အသစ်၊ အမြင်သစ်နဲ့ ကြည့်နိုင်စွမ်းရရှိပါလိမ့်မယ်။ အဲဒီထိုးထွင်းသိမြင်မှုကို လာမယ့်အပတ်မှာ ကိုယ့်ရဲ့ချဉ်းကပ်မှုပြောင်းလဲဖို့ အသုံးပြုခြင်းဖြင့် အလုပ်ရဲ့ထိရောက်မှုနဲ့စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးနိုင်ပါတယ်။

၅။ ဝါသနာပါတာတစ်ခုခုလုပ်ပါ။

ကိုယ်ဝါသနာပါတဲ့ ကိစ္စတစ်ခု စနေ၊ တနင်္ဂနွေနေ့တွေမှာ ပြုလုပ်တဲ့အခါ ဖြစ်ပေါ်လာတာကို အံ့အားသင့်ပါလိမ့်မယ်။ ကိုယ့်ရူးသွပ်မှုတွေကို လက်တွေ့လုပ်ခြင်းဟာ ဖိစီးမှုကိုရှောင်ပြေးပြီး တွေးခေါ်နည်းအသစ်ရဖို့ သိပ်ကောင်းတဲ့နည်းလမ်းပါပဲ။

၆။ မိသားစုနဲ့အတူတူ အချိန်ဖြုန်းပါ။

အပန်းဖြေပြီး အားပြန်ဖြည့်မယ်ဆိုရင် မိသားစုနဲ့အတူ အေးအေးဆေးဆေးအချိန်ဖြုန်းဖို့လိုပါတယ်။ သီတင်းပတ်ရက်တွေမှာ ပျားပန်းခပ်နေရလို့ မိသားစုအတွက်အချိန်အနည်းငယ်သာပေးနိုင်ပြီး တစ်ပတ်တာဟာ လျင်မြန်စွာကုန်ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် စနေ၊ တနင်္ဂနွေနေ့တွေမှာအလုပ်မလုပ်ပါနဲ့။

၇။ အသေးစားစွန့်စားခန်းလေးတွေကို အစီအစဉ်ဆွဲပါ။

ဂီတပွဲ၊ ဒါမှမဟုတ် ပြဇာတ်ကြည့်ဖို့ လက်မှတ်ဝယ်ပါ။ မြို့လယ်မှာဖွင့်တဲ့ အကောင်းဆုံးဟိုတယ်သစ်မှာ သွားတည်း ခိုပါ။ ပြေးစက်ပေါ်မှာမပြေးဘဲ ခြေကျင်ခရီးတိုလျောက်ပါ။ ယခင်က မလုပ်ဖူးတဲ့ကိစ္စ၊ ဒါမှမဟုတ် မလုပ်ဖြစ်တာ အတော်ကြာပြီဖြစ်တဲ့ ကိစ္စတစ်ခုခုကို လုပ်ကြည့်ပါ။ စနေနေ့အတွက် စိတ်ဝင်စားဖွယ် အစီအစဉ်ရေးဆွဲထားမှန်းသိနေရင် အဲဒီနေ့ပျော်ရရုံမျမကဘဲ ရှေ့တစ်ပတ်လုံး စိတ်လန်းဆန်းနေပါလိမ့်မယ်။

၈။ အိပ်ရာမှ ပုံမှန်အချိန်ထပါ။

စနေ၊ တနင်္ဂနွေမှာ ရုံးတက်ရက်ထက် ပိုအိပ်ချင်မှာပါ။ အဲဒါက ယာယီကောင်းပေမယ့် ပုံမှန်မဟုတ်ဘဲ အိပ်ရာထခြင်းက စီကားဒီးယန်းနရီစည်းချက်ကို ထိခိုက်ပါတယ်။ အိပ်ရာနိုးပြီး လန်းနေဖို့အတွက် ခန္ဓာကိုယ်ဟာ အသေးစိတ်အိပ်စက်မှုဖြစ်စဉ်တွေက အတွဲလိုက်လှုပ်ရှားလည်ပတ်ရပါတယ်။ အဲဒီဖြစ်စဉ်တစ်ခုက နိုးကြားဖျတ်လတ်အောင် အာရုံကိုကြိုတင်ပြင်ဆင်ပေးဖို့ ဖြစ်တယ်။ (ဦးနှောက်က လေ့ကျင့်ထားပြီး အသင့်ဖြစ်နေလို့ နှိုးစက်မမြည်ခင် အရင်နိုးနေတတ်တာအဲဒါကြောင့်ပါ) စနေ၊ တနင်္ဂနွေမှာ ပုံမှန်ထက်နောက်ကျမှနိုးရင် မူးနောက်ရီဝေနုံးချည့်နေပါလိမ့်မယ်။ ဒါကနားရက်ကို နှောင့်ယှက်ရုံမက လာမယ့်တနင်္လာနေ့မှာ ထုတ်လုပ်စွမ်းလျော့ကျစေမယ်။ ဦးနှောက်က ပုံမှန်နိုးချိန်မှာ နိုးဖို့အသင့်မဖြစ်သေးလို့ပဲ။ အိပ်ရေးမဝသေးရင် ညဘက်စောစောအိပ်ပါ။

၉။ နံနက်ခင်းတွေကို ကိုယ့်အတွက် သီးသန့်သတ်မှတ်ပါ။

အထူးသဖြင့် ကိုယ့်မှာ မိသားစုရှိရင် စနေ၊ တနင်္ဂနွေမှာ ကိုယ့်အတွက် ကိုယ်ပိုင်အချိန်ရှားပါးပါလိမ့်မယ်။ ဝါသနာပါတဲ့ကိစ္စကို မနက်ပိုင်းမှာ ပထမဆုံးပြုလုပ်ရင် စိတ်ချမ်းသာကြည်လင်ရပါလိမ့်မယ်။ သီတင်းပတ်ရက်တွေအတွင်း အိပ်ရာထနေကျအချိန်မှာပဲ ထခြင်းအားဖြင့် ကိုယ့်ရဲ့စီကားဒီးယန်းနရီစည်းချက်ကို အကောင်းဆုံးဖြစ်စေလိမ့်မယ်။ အိပ်ရာကနိုးပြီး နှစ်နာရီမှ လေးနာရီအတွင်း ဦးနှောက်ကအကောင်းဆုံးလုပ်နိုင်ပါတယ်။ ဒါကြောင့် စောစောထပြီး ကိုယ်လက်လှုပ်ရှားရတဲ့ ကိစ္စတစ်ခုခုလုပ်ပါ။ ပြီးရင်တော့ ဦးနှောက်အကြည်လင်ဆုံးဖြစ်နေချိန်မှာ စိတ်ပိုင်းဆိုင်ရာအားထုတ်ရတဲ့ကိစ္စတစ်ခုခုလုပ်ပါ။

၁၀။ လာမယ့်အပတ်အတွက် ကြိုတင်ပြင်ဆင်ပါ။

စနေ၊ တနင်္ဂနွေဟာ ရှေ့အပတ်အတွက် အစီအစဉ်ဆွဲဖို့ အချိန်အနည်းငယ်ယူဖို့ အကောင်းဆုံးကာလပါ။ အနည်း ဆုံး နာရီဝက်ရေးဆွဲရင် ကုန်ထုတ်စွမ်းအားတိုးပြီး ဖိစီးမှု လျော့ချရာမှာ သိသာတဲ့ အကျိုးအမြတ်ရပါတယ်။ ကိုယ့်အနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အာရုံစိုက်ဖို့ပဲလိုတာကြောင့် အစီအစဉ်ကြိုဆွဲထားရင် ရုံးတက်ရက်တွေကိုပိုပြီးစီမံခန့်ခွဲလို့ရပါတယ်။

Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again