ရုပ်သေးရုပ် သမ္မတကြီး

ရုပ်သေးရုပ် သမ္မတကြီး

၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်ရိုက် ရွေးချယ်မှုနဲ့ ကျနော် သာလွန်ဇောင်းထက် ၊ ကုမုဒြာက သတင်းထောက် နန်းလွင်၊ ဒီဗွီဘီသတင်းထောက် ကုမောပြေတို့ ပိုလန်နိုင်ငံ National School of Public Administration က ပို့ချတဲ့ Strategic Economic Needs and Security Exercise ကို သွားရောက် သင်ယူခဲ့ရ ပါတယ်။
NLD ပါတီက ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ ဦးမောင်မောင်ဦး( ယခု အင်းစိန် လွှတ်တော်အမတ်နှင့် ပါတီစည်းကမ်းထိန်းသိမ်းရေး)၊ ကိုမျိုးရန်နောင်သိမ်း(ဗေဒါကျောင်း) ၊ ဒေါက်တာ ခင်ဇော်ဝင်း၊ ဒေါက်တာဖုန်းဝင်း(မင်္ဂလာမြန်မာ) ၊ ဒေါ်ယူဇာမော်ထွန်း(မင်္ဂလာမြန်မာ) ၊ ဒေါ်နေရီဗဆွေ၊ အနဂ္ဂ(အဆိုတော်) ၊ အဆိုတော်သံသာဝင်း အပါအဝင် ပါတီစုံက လူ ၅၂ ဦး ပါဝင်ပါတယ်ံ
သင်တန်းက စက်တင်ဘာလ ၃ ရက်နေ့ကနေပြီး ၇ ရက်နေ့အထိ ၀ါဆောမြို့၊ KRAJOWA SZKOLA ADMINISTRACJI PUBLICZNEJ မှာ ပြုလုပ်တာပါ။

သမ္မတဒေါက်တာခင်ဇော်ဝင်းကို မကြိုက်ဘူး
ပိုလန်ရောက်တာနဲ့ ကျနော်တို့ကို အခရိုနာ အစိုးရ တစ်ရပ်ဖွဲ့စည်းပေးပြီး အစိုးရ တစ်ရပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်စေပါတယ်။ ကွန်ပျူတာတွေမှာ ဝန်ကြီးတွေ စီမံခန့်ခွဲရတဲ့ တိုင်းပြည် ဘဏ္ဍာရေးဆိုင်ရာ အပါအဝင် အစိုးရ တစ်ရပ် လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို Software နဲ့ သွင်းထားပါတယ်။

ပထမဆုံး အခရုုိနာအစိုးရ(စိတ်ကူးယဉ်နိုင်ငံ) ရဲ့ သမ္မတ ဒေါက်တာခင်ဇော်ဝင်းကို ခန့်အပ်ပါတယ်။ အဲဒီမှာ ပွဲဆူတော့တာပါပဲ။ ဒေါက်တာခင်ဇော်ဝင်းကို သမ္မတ အဖြစ်က ပြောင်းပေးပါ။ သူ့အောက်မှာတော့ မလုပ်ချင်ဘူးဆိုတဲ့ တောင်းဆိုမှုတွေ နိုင်ငံရေးပါတီက လူတွေဆီက စထွက်လာပါတယ်။

သင်တန်းတာဝန်ရှိသူတွေကို စပြီး စောဒက တက်ကြပေမယ့် သင်တန်းတာဝန်ရှိသူတွေက သမ္မတ ပြောင်းမပေးနိုင်ကြောင်းနဲ့ အဆင်ပြေအောင် လုပ်ကြဖို့ မှာလိုက် ပါတယ်။

စိတ်ကူးယဉ်အစိုးရမှာတောင် ကိုယ်မကြိုက်တဲ့လူပါရင် ချက်ချင်းတုံ့ပြန်တတ်တဲ့ မြန်မာတွေ အကျင့်ကို ပိံလန်တွေ က သိပ်ပြီး သဘောမကျတဲ့ပုံစံ တွေ့ရပါတယ်။

ဝန်ကြီးဌာနတွေ အချင်းချင်း ရန်ဖြစ်ကြ

အစိုးရ ဝန်ကြီးအဖွဲ့ ဖွဲ့စည်းတော့ သမ္မတဒေါက်တာခင်ဇော်ဝင်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးမျိုးရန်နောင်သိန်း၊ စီးပွားကူးသန်းဝန်ကြီးဒေါ်ယူဇာမော်ထွန်း၊ ပြည်ထဲရေးဝန်ကြီး ဒေါ်အိမ့်သီရိ၊ ပညာရေးဝန်ကြီး အမျိုးသမီး တစ်ဦး ၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးကျနော် သာလွန်ဇောင်းထက်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်နေရီဗဆွေ၊ ကျန်းမာရေးဝန်ကြီး NLD ဦးမျိုးညွှန့် ( ယခု ကွယ်လွန်) တို့ပါဝင်ပါတယ်။

အခြားသော နိုင်ငံရေးပါတီတွေက လူတွေကတော့ အရပ်ဘက် အဖွဲ့အစည်းတွေ ၊ UN ၊ ကမ္ဘာ့ဘဏ်၊ စတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဥက္ကဋ္ဌ တွေအဖြစ် သရုပ်ဆောင်ခွင့်ရကြပါတယ်။

အစိုးရ တစ်ရပ် စတင်ပြီဆိုတာနဲ့ သမ္မတကြီး ဒေါက်တာခင်ဇော်ဝင်းက အစည်းအဝေးခေါ်ပါတယ်။ စိတ်ကူးယဉ် အစိုးရပေမယ့် သူနဲ့ အဆင်မပြေသူတွေကတော့ သမ္မတ ဒေါက်တာခင်ဇော်ဝင်းစကား သိပ်ပြီးတော့ နားမထောင်လှဘူး။ ပိုလန်တွေရဲ့ သုံးသပ်မှုအရတော့ ကျနော်တို့ အစိုးရဟာ စကတည်းက ပူးပေါင်းမှု အားနည်းခဲ့ကြပါတယ်။

ကျန်းမာရေးနဲ့ ဘဏ္ဍာရေး ရန်ဖြစ်ကြ ၊ ချကြ

ပွဲဦးထွက်မှာကတည်းက သမ္မတ ဒေါက်တာခင်ဇော်ဝင်း စကားကို ဝန်ကြီးတွေက နားမထောင်ကြဘဲ ကိုယ်လုပ်ချင်ရာ စလုပ်ကြပါတယ်။

အရင်ဆုံးကတော့ စပြီး ရှုးရှုးရှဲရှဲ ရန်စဖြစ်တာကတော့ ကျန်းမာရေးဝန်ကြီး NLD လူငယ် ကိုမျိုးညွှန့်ပါပဲ။ သမ္မတက စလို့ ဝန်ကြီးတွေ အားလုံး ကိုင်တဲ့ ကွန်ပျူတာတွေက ချိတ်ဆက်ထားပြီး အစိုးရ တစ်ရပ် လုပ်ငန်းစဉ်တွေအားလုံးကို ကွန်ပျူတာက စေခိုင်း လုပ်ဆောင်လို့ရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ကိုမျိုးရန်နောင်သိမ်းက ကျန်းမာရေး ဘတ်ဂျက် ပိုချမပေးပါဘူး။

ကျနော့်ကို ဘတ်ဂျက် ချမပေးဘူး။ လူတွေ တစ်ယောက်ပြီး တစ်ယောက်သေနေပြီ။ ဘတ်ဂျက်ဘာလို့ ချမပေးတာလဲ  ဆိုပြီး ကျန်းမာရေးဝန်ကြီး ကိုမျိုးညွှန့်က ကိုမျိုးရန်နောင်သိမ်းကို ပြောပါတယ်။ ကိုမျိုးရန်နောင်သိမ်းကလည်း ဝန်ကြီးဌာနတွေ အားလုံး အညီအမျှ ချပေးတာမို့ ပိုပေးလို့ မရဘူးဆိုပြီး ပြန်ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးလည်း မျက်နှာကြီး နီရဲပြီး သမ္မတ ဒေါက်တာခင်ဇော်ဝင်းဆီ သွားပါတယ်။ သို့သော်လည်း သမ္မတကို ဖြုတ်လို့မရသလို သမ္မတကလည်း ဝန်ကြီးတွေကို စကားနားမထောင်ဘူးဆိုပြီး ဖြုတ်ခွင့်မရှိတော့ ဒေါက်တာခင်ဇော်ဝင်းလည်း ဘဏ္ဍာရေးဝန်ကြီးကို ဘာမှ မပြောနိုင်ခဲ့ပါဘူး။

သယ်ယူပို့ဆောင်ရေးဝန်ကြီး ကျနော့် အခက်အခဲ

သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဖြစ်တဲ့ ကျနော်အနေနဲ့ အခရိုနာ နိုင်ငံတော်က မဖွံ့ဖြိုးသေးတော့ ကျနော် လမ်းတွေ၊ တံတားတွေ မြောက်မြားစွာ စဆောက်ပါတယ်။

လမ်းတံတားတွေ စဆောက်တာနဲ့ လူတွေအလုပ်အကိုင်ရရှိမှုနှုန်းတွေ တက်လာပြီး ရွှေ့ပြောင်းလုပ်သားတွေ တဖြည်းဖြည်းများလာပါတယ်။ နိုင်ငံရဲ့ အစိုးရ ဘတ်ဂျက်ကလည်း ကြီးမားလာပါတယ်။ နိုင်ငံဟာ ဖွံ့ဖြိုးမှု လမ်းကြောင်းပေါ်ကို စရောက် လာပါတယ်။ ဒါပေမယ့် အကြွေးတွေကလည်းများ ရွှေ့ပြောင်းလုပ်သားတွေလည်း များလာ စတဲ့ ဒုက္ခတွေက တနင့်တပိုးပါပဲ။

ဒါပေမယ့် ကမ္ဘာ့ဘဏ် နဲ့ နိုင်ငံတကာဘဏ်တွေက နိုင်ငံရဲ့ Infrastructure အတွက်တော့ ငွေချေးချင်ကြပါတယ်။ ကျနော်လည်း ရသလောက် ချေးငွေကို ရယူပါတယ်။

အဲဒီမှာ ကွန်ပျူတာမှာ အစိုးရ အသုံးစရိတ် အဖြစ် ၁ ဘီလီယံ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက ချေးဖို့ရှိတယ်လို့ ဖိတ်ကြားလွှာ တစ်စောင် တက်လာတာကို ကျနော်က ဘုုမသိ ဘမသိနဲ့ လက်ခံလိုက်မိပါတယ်။

တကယ်တော့ အတိုးနှုန်းအရမ်းကြီးတဲ့ ချေးငွေ ဖြစ်လို့ လက်မခံသင့်တဲ့ ချေးငွေပါ။

အဲဒီ ဒေါ်လာ ၁ဘီလီယံကို ကျနော်က မှားနှိပ် လက်ခံမိတာနဲ့ ပိုလန်ဆရာ ၁ ဦး ဒရောသောပါး အစိုးရရုံးကို ပြေးဝင်လာပါတယ်။ ဘယ်ဝန်ကြီးက ၁ ဘီလီယံ ချေးငွေကို လက်ခံတာပါလဲ။ အတိုးနှုန်း အရမ်းများတာ လက်မခံရဘူး၊ အစိုးရက တကယ်ချေးတာလား၊ မှားနှိပ်မိတာလား မေးပါတယ်။ အစိုးရက ဆုံးဖြတ်ပြီး ချေးတာလားပေါ့ သေချာအောင် လာမေးပါတယ်။

ကျနော်မှားနှိပ်ပေမယ့် အားလုံး မင်သက်နေချိန်မို့ ကျနော် ရှင်းပြဖို့ ကြိုးစားချိန်မှာပဲ ပိုလန်ဆရာက မှားနှိပ်မိတယ်လို့ ယူဆသွားပြီး ၁ ဘီလီယံ ချေးယူမှုကို သူ့ Main Server ကွန်ပျူတာကနေ ပြန်လည် ပယ်ဖျက်ပေးလိုက်ပါတယ်။ နောက်တစ်ကြိမ် မမှားဖို့လည်း သတိပေးသွားပါတယ်။

သဘာဝပတ်ဝန်းကျင် ဝန်ကြီးနဲ့ ရန်ဖြစ်ရတဲ့ ကျနော်

ကျနော်က လမ်းတံတားတွေ အရမ်းဆောက်တော့ တောတွေ တောင်တွေ ပြုန်းကုုန်ပါတယ်။ အဲဒီမှာ သစ်တောတွေ အရမ်းပြုန်းလာပြီး လူတွေ သေနှုန်းလည်း မြင့်လာပါတယ်။

သစ်တောတွေ ပြုန်းတော့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါ်နေရီဗဆွေက သူ့ သစ်တောတွေ ပြုန်းကုန်လို့ သမ္မတကြီး ဒေါက်တာခင်ဇော်ဝင်းကို တင်ပြပြီး အချိန်မီ ရပ်တန့်ပေးဖို့ ပြောပါတယ်။ ဒါပေမယ့် သမ္မတကြီးက လက်မှိုင်ချပြီး ဟိုအော်၊ ဒီပြောနဲ့ အချိန်ကုန်သွားပါတယ်။

ကျန်းမာရေးဝန်ကြီးကလည်း လူတွေ ရွှေ့ပြောင်းမှု များလာလေ၊ သစ်တောပြုန်းလေ လေ လူသေနှုန်းက မြင့်လေလေ ဖြစ်နေတာကို ဒေါသဖြစ်နေပါတယ်။ဘဏ္ဍာရေးဝန်ကြီး ကိုမျိုးရန်နောင်သိမ်းဆီက ဘတ်ဂျက်ကလည်း ပိုမရတော့ ကျန်းမာရေးဝန်ကြီးကိုမျိုးညွှန့် တောက်တခေါက်ခေါက်နဲ့ ဖြစ်နေပါတယ်။

ပြည်ထဲရေးဝန်ကြီးလည်း အော်ရုံသာ တက်နိုင်

လမ်းတံတားတည်ဆောက်မှုများလာတာကြောင့် လူတွေ အလုပ်အကိုင် ရရှိနှုန်း မြင့်လာပေမယ့် ရွှေ့ပြောင်း သူတွေ တအားများလာပါတယ်။ အဲဒီရဲ့ ဒဏ်ကြောင့် မှုခင်းတွေ တအားများလာပါတယ်။ သူလည်း အသံတောင် မထွက်ပါဘူး။ မှုခင်းဖြစ်ပွားတွေကို သူနိုင်သလောက် လိုက်ရှင်းပေမယ့် မနိုင်လှပါဘူး။

စီးပွားရေးဝန်ကြီး အတော်ဆုံး

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဒေါ်ယူဇာမော်ထွန်းကတော့ အခရိုနာ နိုင်ငံရဲ့ ထုတ်ကုန်တွေ နိုင်ငံတကာစျေးကွက် ပေါက်စျေးတွေ ကြည့်ပြီး သင့်တင့်မျှတတဲ့ နှုန်းထားတွေနဲ့ ထုတ်ရောင်းပါတယ်။ သူထုတ်ရောင်းမှုက အစိုးရအတွက် ဝင်ငွေများလာပေမယ့် အစိုးရ အသုံးစရိတ်က များနေတာမို့ အဆင်မပြေလှပါဘူး။

ဒါပေမယ့် သူရဲ့ထုတ်ရောင်းမှုတွေက အစိုးရကို အထောက်အကူပြုခဲ့ပါတယ်။ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ဒေါ်ယူဇာမော်ထွန်းက လိုအပ်သလို ပြုပြင်ပြောင်းလဲခဲ့လို့ စီးပွားရေး ဝန်ကြီး တော်တယ်လို့ ပိုလန်ဆရာတွေက ချီးကျူးပါတယ်။ စီးပွားရေးဆိုင်ရာ ပေါ်လစီတွေကိုလည်း သူက လုပ်သာကိုင်သာ ရှိအောင် ပြုပြင်ပြောင်းလဲမှုကလည်း သူ့ကို ချီးကျူးစေတဲ့ အချက်တစ်ခုပါပဲ။

ရလဒ်မကောင်းတဲ့ အစိုးရ

စိတ်ကူးယဉ် နိုင်ငံတော် အစိုးရ ဂိမ်းကို ၄ ရက်တိတိ ကစားခဲ့ရပြီး နောက်ဆုံး ပြန်လည်သုံးသပ်ချက်အရတော့ ကျနော်တို့ အစိုးရက သိပ်ပြီး မဟန်တဲ့ အစိုးရပါ။ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ သုံးသပ်ချက်ထွက်ပါတယ်။ သမ္မတကြီး ဒေါက်တာခင်ဇော်ဝင်းလည်း ဘာမှ သိပ်မပြောပါဘူး။ အယူအဆမတူတဲ့ နိုင်ငံရေးပါတီက လူတွေကို ခေါ်ပြီး အစိုးရ ဂိမ်းကစားခိုင်းတာတောင်မှ ပူးပေါင်းမှု မရှိခဲ့တာ၊ အစိုးရ တစ်ရပ် အဖြစ် ကျရှုံးခဲ့တာကတော့ ကြီးမားတဲ့ သင်ခန်းစာ ကျနော်တို့ အတွက် ရခဲ့ပါတယ်။

သုံးသပ်ချက်

စိတ်ကူးယဉ် အစိုးရ အဖွဲ့မှာတောင် ကျနော်တို့ မြန်မာနိုင်ငံသားတွေ ပူးပေါင်း မှု မရှိခဲ့လို့ ကျရှုံးခဲ့ရပါတယ်။ ဝန်ကြီးဌာနတွေ အချင်းချင်း ပူးပေါင်းမှုမရှိဘူး။ သမ္မတ စကားကို နားမထောင်ကြ။ ကိုယ်လုပ်ချင်ရာ လုပ်ကြပါတယ်။ ရလဒ်ကတော့ တိုင်းပြည်က မတိုးတက်ဘဲ ဟိုမရောက် ဒီမရောက် အကြွေးများနဲ့ နိုင်ငံတော် ဖြစ်ခဲ့ရပါတယ်။

ပိုလန်မှာကစားခဲ့တဲ့ အစိုးရ ဂိမ်းမှာ ရတဲ့ သင်ခန်းစာတွေက လက်တွေ့မှာ အသုံးဝင်လှပါတယ်။ ကျနော်တို့ အားလုံး နိုင်ငံအတွက် ဆိုတာ မေ့ခဲ့ကြပြီး အစိုးရဂိမ်းမှာ လုပ်ချင်ရာ လုပ်ခဲ့ကြတယ်။ တိုင်ပင်မှု နည်းခဲ့ကြတယ်။ ပရမ်းပတာ အစိုးရ တစ်ရပ်ဖြစ်ပေါ်ခဲ့ရပါတယ်။

အစိုးရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုပဲဖြစ်ဖြစ် သူတလူ ငါတမင်း မလုပ်ဘဲ နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ အစိုးရ ဝန်ကြီးဌာနတွေမှာလည်း ဌာန အချင်းချင်း စကားပြောပြီး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံရေး အင်အားစုတွေ အချင်းချင်းလည်း နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။

ပူးပေါင်းဆောင်ရွက်မှု မရှိရင် နိုင်ငံတော်ဟာ ကျရှုံးတယ်ဆိုတဲ့ သင်ခန်းစာ တစ်ရပ် ပိုလန်နိုင်ငံက ပေးခဲ့ပါတယ်။

အခရိုနာ(စိတ်ကူးယဉ်နိုင်ငံ) နိုင်ငံ ဆိုတာ

အခရိုနာ နိုင်ငံတော်ဆိုတာ တောင်တန်းနဲ့ မြေပြန့်ဒေသ တွဲလျက်ရှိနေတဲ့ နိုင်ငံတော်၊ ပြည်တွင်း စစ်ဖြစ်နေတဲ့ လူဦးရေများပြားတဲ့ နိုင်ငံတော်ပါ။ မြန်မာနိုင်ငံပုံစံ မျိုးနဲ့ အတော်ကို ဆင်တူပါတယ်။ ဆင်တူအောင်လည်း ပုံစံတု ပြုလုပ်ထားတာပါ။ ဖွံ့ဖြိုးမှု မရှိသေးတဲ့ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတော်ပါ။ပြည်တွင်းစစ်ကလည်း အကြီးအကျယ်ဖြစ်နေတာမို့ ငြိမ်းချမ်းရေးလုပ်ဖို့ကလည်း အရေးပေါ် လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။

အစိုးရဂိမ်းအတွက် တာဝန်များခွဲဝေပေးခြင်း

ပိုလန်ဆရာတွေက မြန်မာနိုင်ငံက လာရောက်တဲ့ နိုင်ငံရေးပါတီပေါင်းစုံက အဖွဲ့ဝင် ၅၂ ဦးကို သက်ဆိုင်ရာ ကဏ္ဍတွေမှာ တာဝန်ခွဲပေးထားပါတယ်။ အခရိုနာ အစိုးရ အဖွဲ့၊ ငြိမ်းချမ်းရေး အဖွဲ့ ၊ သူပုန်လက်နက်ကိုင်အဖွဲ့ တွေ၊ NGOတွေ ၊ ကုလသမဂ္ဂ၊ ဘဏ်အဖွဲ့အစည်းတွေ၊ လူမှု အဖွဲ့အစည်းတွေအဖြစ်ပါ ဖွဲ့စည်းပေးလိုက်ပါတယ်။

ရုပ်သေးရုပ် သမ္မတကြီး

ဒေါက်တာခင်ဇော်ဝင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပါတယ်။ ပိုလန်ကို လာရောက်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ထဲမှာ ပေါင်းရ သင်းရ လွယ်ကူပြီး လူငယ်တွေနဲ့ ပြောနိုင် ဆိုနိုင်တဲ့ လူကြီးလူကောင်းတဦးဖြစ် ပါတယ်။

သူ့ကို ပိုလန်ဆရာတွေက သမ္မတကြီးအဖြစ် တင်မြှောက်မယ်လို့ ဒေါက်တာခင်ဇော်ဝင်း ကြို မသိထားသလို တင်မြှောက်လိုက်ချိန်မှာလည်း ဘယ်က ဘယ်လို စပြီး အလုပ်လုပ်ရမယ်ဆိုတာ စဉ်းစားထားပုံ မရပါဘူး။

ဒေါက်တာခင်ဇော်ဝင်းကို သမ္မတကြီးနေရာ လဲပေးဖို့ ပြောခဲ့ကြတာကလည်း အစိုးရဝန်ကြီးအဖွဲ့တွေပဲ ဖြစ်ပြီး သူတို့ ဘာကြောင့် ဒေါက်တာခင်ဇော်ဝင်းကို အစိုးရဂိမ်းမှာ သမ္မတကြီးနေရာမှာ မထားလိုသလဲဆိုတာလည်း ကျနော် တကယ် နားမလည်ခဲ့ပါဘူး။

ပိုလန်ဆရာတွေက သမ္မတကြီးကိုလည်း လဲပေးလို့မရသလို ဘယ်သူ့ကိုမှလည်း ဂိမ်းထဲကနေ ထုတ်ပေးဖို့ ရာထူးပြောင်းပေးဖို့ တောင်းဆိုခွင့်မရှိဘူးလို့ ပြောဆိုပါတယ်။

ဒီဂိမ်းရဲ့ ရည်ရွယ်ချက်မှာကိုက ရွေးချယ်ခွင့်မရှိတဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစားစေချင်တဲ့ ရည်ရွယ်ချက်ပါနေတာ အစပိုင်းမှာ မသိခဲ့ပါဘူး။ အဲဒီလို မသိရှိခဲ့လို့လည်း နိုင်ငံတော်ဟာ အစိုးရသစ် တက်လာကတည်းက ကျဆုံးခန်းကို ဦးတည်ခဲ့ရတာပါ။

ပေါ်လစီ မရှိတဲ့ အစိုးရ

အစိုးရဂိမ်းအတွက် သမ္မတကြီးဒေါက်တာခင်ဇော်ဝင်းနဲ့ အစိုးရဝန်ကြီးတွေကို ရွေးကောက်တင်မြှောက်လိုက်တာနဲ့ သမ္မတကြီးက အစည်းအဝေး ခေါ်ပါတယ်။ ကျနော်တို့ ဘာလုပ်ကြမလဲ။ လုပ်သင့်လုပ်ထိုက်တာ လုပ်ကြ ဆိုတဲ့ ပုံစံ မျိုး အစည်းအဝေး တစ်ရပ်ပဲဖြစ်ခဲ့ပါတယ်။ သာမန် မိတ်ဆက်တဲ့ အစည်းအဝေးဖြစ်ခဲ့ရပါတယ်။

သမ္မတကြီးဘက်က ဘယ်လို ပေါ်လစီနဲ့ တိုင်းပြည်ကို ဦးဆောင်မလဲဆိုတာကို ချမပြသလို အစိုးရဝန်ကြီးတွေကလည်း ဘာလို ပေါ်လစီ လုပ်သင့်တယ်ဆိုတာ မတင်ပြကြပါဘူး။ နိုင်ငံတော်ဟာ အစိုးရသစ်အဖွဲ့အစည်းအဝေးမှာကတည်း ပေါ်လစီ မရှိဘဲ စတင်ခဲ့ပါတယ်။

အာဏာနှင့် ခြစားမှု

ကျနော့်ကိုယ် သယ်ယူပို့ဆောင်ရေး ဝန်ကြီး အဖြစ် တင်မြှောက်တယ်ဆိုတော့ စိတ်ထဲမှာ အတော်ကို ကျေနပ်မိပါတယ်။ လက်တွေ့ ဝန်ကြီးဘဝတော့ ဘယ်လို နေမယ် မသိပေမယ့် အစိုးရဂိမ်းမှာ ဝန်ကြီးဖြစ်တာတောင် အတော်ကို ပီတိဖြစ်ရပါတယ်။

မြန်မာနိုင်ငံမှာ သတင်းထောက်လေးတဦး ပိုလန်ရောက်မှ အစိုးရ ဝန်ကြီးဖြစ်သွားတော့ ကျေနပ် ပီတိ ဂွမ်းဆီထိ ဖြစ်ရပါတယ်။ ကျနော်ထိုင်ရမယ့် ကုလားထိုင်မှာ တပ်ဆင်ထားတဲ့ ကွန်ပျူတာမှာ ဝန်ကြီးတစ်ဦးအနေနဲ့ နိုင်ငံကို စီမံခန့်ခွဲနိုင်တဲ့ အာဏာတွေ ရှိနေပါတယ်။ ကျနော်က အစိုးရဂိမ်းဇတ်ထဲမှာ ဝန်ကြီး၊ ဇတ်ထဲက ဝန်ကြီးဖြစ်ခဲ့ရပါပြီ။

အစိုးရဂိမ်း ၅ ရက် ကစားခဲ့ပြီး ပထမရက်နဲ့ ဒုတိယရက်က ကွန်ပျူတာမှာရှိတဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို စမ်းသပ်တာမျိုးပဲဖြစ်ခဲ့ပါတယ်။

ကျနော် တံတားတစ်ခု တည်ဆောက်တိုင်း၊ လမ်းတစ်ခုဖောက်တိုင်း တိုင်းပြည် ဘတ်ဂျက်၊ လူမှုဝင်မှု ကြီးကြပ်ရေး ၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ၊ သဘာဝ ပတ်ဝန်းကျင်၊ မှုခင်းဖြစ်ပွားမှု ၊ ရွှေ့ပြောင်း လုပ်သား စတဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဇယားတွေ အကုန်လုံးဝ ပြောင်းလဲကုန်ပါတယ်။ အဲဒီ ဇယားတွေကို ကြည့်ပြီး ကျနော် အတော်ကို ကျေနပ်မိပါတယ်။

ကျနော်အနေနဲ့ ဝန်ကြီးတဦးအနေနဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိလာတာကို အတော် သဘောကျမိပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဖြစ်တဲ့ ဗေဒါကျောင်းက ကိုမျိုးရန်နောင် သိမ်းက လည်း ကျနော်နဲ့ ရင်းနှီးတော့ ကျနော့်အတွက် ဘတ်ဂျက်လိုရင် သူ့ကို တိုးတိုး တိတ်တိတ်သွားတောင်းမယ်ဆိုတဲ့ စိတ်ကူးကလည်း ရှိနေပါပြီ။

အာဏာကို သိလာပြီ။ ရင်းနှီးမှုကို အခြေခံပြီး ကိုယ့်ဝန်ကြီးဌာနအတွက် ငွေရဖို့ တနည်းအားဖြင့် ကိုယ်ကျိုးမပါတဲ့ ခြစာမှုး လုပ်ဖို့ ကျနော် စတွေးနေပါပြီ။

အစိုးရဝန်ကြီးတဦးဖြစ်တဲ့ ကျနော်အနေနဲ့ သယ်ယူပို့ဆောင်ရေး မူဝါဒနဲ့ အစိုးရအဖွဲ့မှာ တိုင်းပြည်ဖွံ့ဖြိုးဖို့ သွားသင့်တဲ့ မူဝါဒတခု ရှိသင့်တယ်ဆိုတာ တင်ပြသင့်ပေမယ့် အဲဒါကို မတင်ပြဘဲ အာဏာအပေါ် သာယာပြီး ခြစားဖို့ စစဉ်းစားခဲ့လို့ နိုင်ငံတော်ဟာ အရှုံးနဲ့ စတွေ့ရပြီလို့ ဆိုရမှာပါ။

ဘဏ္ဍာရေးနှစ်

အစိုးရဂိမ်းမှာ ဘဏ္ဍာရေး ၁ နှစ်ကို ၁ နာရီ ကျော်ကြာ ကြာမြင့်ပါတယ်။ ဘဏ္ဍာရေးနှစ်တွေဟာ သိပ်မကြာလှသလို မိနစ်ပိုင်းအတွင်း ဆုံးဖြတ်တဲ့ အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် တိုင်းပြည် ပြည်သူသားတွေရဲ့ လူမှုရေး၊ စားဝတ်နေရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်တဲ့ ကိန်းဂဏန်းက ခပ်မြန်မြန် ကို ထွက်လာပါတယ်။

သယ်ယူပို့ဆောင်ရေး တစ်ခေတ်ပြောင်းဖို့ စဉ်းစားပြီ

ကျနော်ရဲ့ နိုင်ငံဖြစ်တဲ့ အခရိုနာ နိုင်ငံတော်ကို ကြည့်လိုက်တော့ တောင်တန်းတွေ၊ မြေပြန့်တွေနဲ့ ရောနှောပြီး မဖွံ့ဖြိုးတဲ့ နိုင်ငံဆိုတာ သိလို့ ကျနော် လမ်းတံတားတွေ မဖြစ်မနေ ဆောက်ဖို့ လိုတယ်ဆိုတာ ကျနော် သိပါတယ်။

ပထမဆုံးအကြိမ် နိုင်ငံရဲ့ အရေးကြီးတဲ့ အဝေးပြေးလမ်းနဲ့ တံတားလေးတွေ ကျနော်ရတဲ့ အစိုးရ ဘတ်ဂျက်ထဲက သုံးပြီး ဆောက်လိုက်ပါတယ်။ အဲဒီမှာ နိုင်ငံတော်ဟာ လမ်းပန်း ဆက်သွယ်ရေး စတင်ဖွံ့ဖြိုးလာပြီး စီးပွားရေး၊ အလုပ်အကိုင်ရရှိမှု၊ ဖွံ့ဖြိုးမှု ကိန်းဂဏန်းလေး နည်းနည်းတက်လာပါတယ်။ ကျနော် အရမ်းဝမ်းသာသွားပါတယ်။ ကျနော်ရဲ့လုပ်ပိုင်ခွင့် အာဏာက ထိရောက်ပါလားဆိုပြီး တွေးလာပါတယ်။

လမ်းဖောက်ဖို့ ကျနော် သမ္မတကိုလည်း မတိုင်ပင်ခဲ့သလို အစိုးရဝန်ကြီးအဖွဲ့တွေနဲ့လည်း မဆွေးနွေးခဲ့ပါဘူး။ အခြားသော ဝန်ကြီးဌာနတွေလည်း ကျနော့်လိုပါပဲ ကောင်းနိုးရာရာ လုပ်ခဲ့ကြပါတယ်။

သမ္မတကြီးဒေါက်တာခင်ဇော်ဝင်းကလည်း ဘာမှ မညွှန်ကြားနိုင်ပါဘူး။ သူ့ မှာ ဝန်ကြီးတွေကို ဖြုတ်နိုင်တဲ့ ပါ၀ါ မရှိတာမို့ ဝန်ကြီးတွေ လုပ်သမျှကို လိုက်လံ ညှိနှိုင်းပေးတာလောက်ပဲ လုပ်နိုင်ပါတယ်။

ကျနော်အနေနဲ့ကတော့ အခရိုနာ နိုင်ငံကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ နိုင်ငံကြီးအဖြစ် အသွင်ပြောင်းဖို့ ရူးရူးမိုက်မိုက် စဉ်းစားလိုက်ပါတယ်။ ကျနော့်မှာ ပေါ်လစီ မရှိပါဘူး။ မြစ်မြင်ရင် တံတားဆောက်မယ်။ တောင်မြင်ရင် ဖြိုပြီး လမ်းဖောက်တယ်။ ကျနော့် အတွေးမှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ဖို့ပဲ သိပါတယ်။

ကျနော့် ဝန်ကြီးဌာနက တိုင်းပြည်အတွက် အလုပ်လုပ်တဲ့ ဝန်ကြီးဌာန၊ အရမ်းတော်တဲ့ ဝန်ကြီးဌာနဖြစ်ချင်ပါတယ်။ အခရိုနာ နိုင်ငံတော်ဟာ တဇောက်ကန်း အစိုးရဝန်ကြီးတွေ ရရှိထားပါပြီ။ အချိန်မီ ထိန်းသိမ်းနိုင်တဲ့ သမ္မတမှာလည်း အာဏာမရှိပါဘူး။ နိုင်ငံတော်အတွက် ရင်လေးစရာပါပဲ။

ခြစားပြီ

သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်တဲ့ ကျနော့်အတွက် လမ်းတွေ ဖောက်ဖို့ ဘတ်ဂျက်လိုပါတယ်။ ကိစ္စမရှိပါဘူး ။ ဘဏ္ဍာရေးဝန်ကြီး ကိုမျိုးရန်နောင်သိမ်းကို ကျနော့်ကို ဘတ်ဂျက်ပိုပေးဖို့ ခပ်တိုးတိုး သွားပြီး တောင်းဆိုပါတယ်။ ရင်းနှီးမှုရှိတော့ သိပ်ပြသနာမရှိ။ ကျနော့် ဝန်ကြီးဌာနက သူများ ဝန်ကြီးဌာနတွေထက် ဘတ်ဂျက် နည်းနည်း လေး မသိမသာရော ၊ သိသိသာသာရော ပိုရပါတယ်။

ကျနော် လမ်းတွေ တံတားတွေ ဆက်ဆောက်တယ်။ လမ်းတွေ ထပ်ဖောက်တယ်။ နိုင်ငံတဝန်းလုံးကို လွှမ်းခြုံနိုင်မယ့် လမ်းကွန်ရက်ကြီး ဖောက်ဖို့ စဉ်းစားလိုက်တယ်။ ဘဏ္ဍာရေးဝန်ကြီးဆီက ဘတ်ဂျက် ပိုရပေမယ့် ကျနော်လုပ်ချင်တဲ့ လမ်းကွန်ရက်အတွက် ငွေလိုပါတယ်။ ကျနော် ဘာဆက်လုပ်မလဲ စဉ်းစားပြီး ဟိုဘက်ခန်းမှာ ရှိတဲ့ နိုင်ငံတကာ ချေးငွေပေးတဲ့ အဖွဲ့အစည်းတွေကို စပြီး ဆက်သွယ်ပါတယ်။

သူတိုု့တွေကလည်း ငွေချေးချင်လို့ ကျနော့်ဆီကို မကြာခဏ လာကြပါတယ်။ နိုင်ငံတကာအဖွဲ့တွေဆီက ငွေချေးမယ်ဆိုတာ သမ္မတကိုလည်း အသိပေးရုံပဲပြောတယ်။ သမ္မတကို ချေးငွေ ချေးဖို့ လိုအပ်တယ်ဆိုတာလောက်ပဲ ကျနော်ပြောပါတယ်။ အတိုးဘယ်လောက်၊ ဘယ်နှစ်ကြာရင် ဆပ်ရမယ်ဆိုတာမျိုး အသေးစိတ် အသိမပေးပါဘူး။ နိုင်ငံအတွက် လိုအပ်တယ် ဆိုတာလောက်ပဲ ပြောပါတယ်။

သမ္မတကြီးက ရိုးရှာပါတယ်။ အေးအေး လုပ်လိုက်၊ လုပ်လိုက်ပေါ့။ ရသမျှ ငွေကြေး မှန်သမျှ ကျနော်ချေးပါတယ်။ တံတားတွေ ဆောက်တယ်၊ လမ်းတွေ ဆက်ဖောက်ပါတယ်။

ကျနော်တဦးတည်း ဒီလိုလုပ်နေတယ်လို့ မထင်ပါနဲ့ ဝန်ကြီးတိုင်း အဲဒီလိုတွေချည်းပါပဲ။ ဝန်ကြီးတိုင်း ကိုယ်ကျိုးမပါဘဲ လုပ်ချင်ရာလုပ် အချင်းချင်းတိုင်ပင်တာရှိသလို မတိုင်ပင်ဘဲ တိုင်းပြည် ဘတ်ဂျက်ကို ဝန်ကြီးဌာနကောင်းစားရေး ခြစားကြပါတယ်။

ရိုးတဲ့ဝန်ကြီးတွေ

အခရိုနာ အစိုးရအဖွဲ့မှာ အရမ်းရိုးတဲ့ ဝန်ကြီး ၂ ဦး ပါပါတယ်။ သူတို့တွေက ကျန်းမာရေးဝန်ကြီး ကိုမျိုးညွှန့်နဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဒေါ်နေရီဗဆွေတို့ပဲ ဖြစ်ပါတယ်။

ဟ လုပ်ကြပါဦးဟ။ ငါ့လူတွေ တစ်နေ့ပြီး တစ်နေ့ သေနေပြီ။ ဘတ်ဂျက်ပေးဦးဟ။ ဟာ သေပြန်ပြီဟ ဆိုပြီး အမြဲ ဒေါသထွက်နေတဲ့ ကျန်းမာရေး ဝန်ကြီး ကိုမျိုးညွှန့်က အတော်ချစ်ဖို့ကောင်းပါတယ်။ သူ့ ကျန်းမာရေး ဘတ်ဂျက်ရဖို့ ဘဏ္ဍာရေးဝန်ကြီး ကိုမျိုးရန်နောင်သိမ်းကို ရှုးရှုးရှဲရှဲလည်း ရန်သွားတွေ့ပါတယ်။

ဘတ်ဂျက်မရရင် သူ့မျက်နှာကြီး နီရဲနေတာပါပဲ။ ပြည်သူတွေ မသေစေချင်တဲ့ သူက ကျန်မားရေး ဝန်ကြီး ကောင်းတဦးဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း ပေါ်လစီ မရှိသလို ဘာတွေ လုပ်ရမယ်ဆိုတာ သူလည်း ကျနော်တို့လိုပဲ မသိပါဘူး။ ကောင်းနိုးရာရာ လျောက်လုပ်နေရပါတယ်။

နောက်ဝန်ကြီးတဦးကတော့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဒေါ်နေရီဗဆွေပါပဲ။ အရမ်းအေးပြီး စကားကို အေးအေးလေး ပြောတတ်တဲ့ ဝန်ကြီးပါ။ သူရဲ့ ဖခင်က တကယ့် မြန်မာပြည်ရဲ့ ဝန်ကြီးချုပ် လုပ်ခဲ့ဖူးတဲ့ ဦးဘဆွေဖြစ်ပါတယ်။

ကျနော် လမ်းတံတားတွေ ဖောက်တာ၊ သစ်တရားမဝင် ခုတ်မှုတွေ ရှိနေတာ တွေကြောင့် သစ်တောတွေ ပြုန်းပြီး သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာပါတယ်။ သူ့မှာ ကွန်ပျူတာမှာလည်း သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ကိန်းဂဏန်းတွေ တက်လာတော့ သူ့ခမျာလည်း ဘာလုပ်ရမှန်းမသိပါဘူး။

သား အန်တီ သစ်တောတွေ ကုန်ပြီ။ မြစ်တွေလည်း ပျက်ကုန်ပြီ။ တံတားတွေ လမ်းတွေ ဆက်မဖောက်ပါနဲ့တော့လား ဆိုပြီး ခပ်အေးအေး လေသံနဲ့ ချစ်စဖွယ် ပြောပါတယ်။ သူလာပြောရင် ကျနော် ခဏရပ်ထားလိုက်ပါတယ်။ ပြီးရင် ဆက်ဆောက်ပါတယ်။

အစိုးရအဖွဲ့မှာ စေတနာကောင််းပေမယ့် လည်တဲ့ ဝန်ကြီးတွေ၊ ရိုးတဲ့ ဝန်ကြီးတွေ ပါနေတာ အကြောင်းမဟုတ်ပေမယ့် အခုအချိန်အထိ ပေါ်လစီကို သေသေချာချာ မချနိုင်ကြသေးတာကြောင့် နိုင်ငံတော် ဟာ အီလည်လည်ကြီးဖြစ်နေပါပြီ။ အစိုးရဘတ်ဂျက်က တဖြည်းဖြည်းကြီးလာနေတယ်။

နိုင်ငံတော် ဖွံ့ဖြိုးသလို၊ မဖွံ့ဖြိုးသလို စီးပွားရေး ကောင်းသလိုလို မကောင်းသလိုလို ရလဒ်မရှိဘဲ အကြွေးတွေကတော့ တရစ်ရစ်တင်လာပါတယ်။

ငြိမ်းချမ်းရေး စိတ်မဝင်စားခဲ့၊ ငြိမ်းချမ်းရေးလည်း ကျရှုံးခဲ့

အခရိုနာ နိုင်ငံတော်မှာ သူပုန်တွေ ရှိပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့လည်း ရှိပါတယ်။ အခရိုနာ သမ္မတကြီးနဲ့ အစိုးရက ငြိမ်းချမ်းရေးအတွက် တစ်ခါမှ အစည်းအဝေး မခေါ်ခဲ့သလို ကျနော်တို့ ဝန်ကြီးတွေကလည်း စိတ်မဝင်စားခဲ့ပါဘူး။ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့သူပုန် အဖွဲ့ တွေကိုလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပိုလန် ဆရာတွေက ကျင်းပပေးပြီး ညှိနှိုင်းခိုင်းပါတယ်။

ဘယ်လောက် ငြိမ်းချမ်းရေး အစည်းအဝေး အောင်မြင်တယ်၊ မအောင်မြင်တယ် မသိပေမယ့် ငြိမ်းချမ်းရေးအဖွဲ့က ကောင်မလေး တစ်ယောက် သူပုန်တွေနဲ့ ညှိနှိုင်းရင်း ထိုင်ငိုသွားတဲ့အထိပါပဲ။ ငြိမ်းချမ်းရေးနဲ့ သူပုန်အဖွဲ့တွေ အပြင်မှာ မခေါ် မပြောနိုင်တဲ့ အထိ ဖြစ်ကုန်တယ်လို့လည်း ပြန်ကြားရပါတယ်။ ကျနော်တို့ အစိုးရမှာ ငြိမ်းချမ်းရေး အောင်မြင်ဖို့ တာဝန်ရှိတယ်ဆိုတာ ကျနော်တို့ လုံးဝကို မေ့ခဲ့ပါတယ်။

အစိုးရအဖွဲ့ လုပ်ငန်းတွေနဲ့ပဲ နစ်ပြီး ငြိမ်းချမ်းရေးဘက်ကို အစိုးရတစ်ဖွဲ့လုံး ခြေလှမ်း မပြင်ခဲ့ပါဘူး။ အဆုံးစွန် ငြိမ်းချမ်းရေး အဖွဲ့ လုပ်နေတဲ့ သူတွေ ဘယ်သူတွေဆိုတာ တောင် မသိခဲ့ရတဲ့အထိ မေ့ခဲ့ပါတယ်။

နိုင်ငံတော်ဟာ ကျနော်တို့ အစိုးရလက်ထက်မှာ မငြိမ်းချမ်းခဲ့ပါဘူး။

မူဝါဒ မရှိတဲ့ စီးပွားရေး

စီးပွားရေး ဝန်ကြီး ဒေါ် ယူဇာမော်ထွန်းက ဆောင်ရွက်ပြီး နိုင်ငံတကာ ပေါက်စျေးတွေ ထုတ်ကုန်စျေးနှုန်းတွေ ကြည့်ပြီး နိုင်ငံတော်ရဲ့ ထုတ်ကုန်တွေ စျေးနှုန်းပြင်ဆင် ရောင်းချတာတွေ သူလုပ်ပါတယ်။

အရှုံးပေါ်နေတဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ရောင်းချတာတွေလည်း လုပ်ပါတယ်။ အစိုးရ ဝန်ကြီးအဖွဲ့မှာ သူအတော်ဆုံးလို့ ချီးကျူးခံရပါတယ်။ ဒါပေမယ့် ကျနော်တို့နဲ့ စီးပွားရေး မူဝါဒ တိုင်ပင် ဆွေးနွေးခဲ့တာမျိုး မရှိခဲ့သလို ကျနော်တို့ကလည်း စီးပွားရေး မူဝါဒ ဘာလဲဆိုတာ မသိခဲ့ပါဘူး။ သူ့သဘောအတိုင်း သူလုပ်ပိုင်ခွင့် ဆိုပြီး ခပ်ဆိတ်ဆိတ်နေခဲ့ပါတယ်။

မူဝါဒ မရှိတဲ့အခါ လူကောင်းသူကောင်းရရင် တော်ရဲ့ ။ ကျနော်တို့လို တဇောက်ကန်း ဝန်ကြီး လူဆိုးတွေ ရရင် နိုင်ငံတော်ဟာ ထိခိုက်တယ်ဆိုတာ နားလည်ရပါတယ်။

လူဆိုး ဝန်ကြီးတွေ

အခရိုနာ အစိုးရ ရဲ့ လုပ်ဆောင်ချက်နဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေကို နောက်ဆုံး သင်ခန်းစာမှာ ပိုလန် ဆရာတွေက ပြန်လည် သုံးသပ်ပြောဆို ပါတယ်။

ဝန်ကြီးတချို့ ချီကျူးမခံရတောင် အသိအမှတ်ပြုခံရပါတယ်။ ကျနော့်နဲ့ ဝန်ကြီးတချို့ကိုတော့ ပိုလန်ဆရာတွေ စကားထဲမှာကို ထည့်မပြောခဲ့ပါဘူး။ ကျနော်တို့ကို လူဆိုးဝန်ကြီးတွေ အဖြစ် သတ်မှတ်ခဲ့ပုံရ ပါတယ်။

သုံးသပ်ချက်

အခရိုနာ အစိုးရ သင်ခန်းစာ ပြီးဆုံးသွား ပါပြီ။ ကျနော်တို့ အစိုးရ အဖွဲ့ ဟာ မနိုင်မနင်း အစိုးရအဖွဲ့ ဖြစ်သလို နိုင်ငံတော်ဟာလည်း Failed State ဖြစ်ခဲ့ရပါတယ်။ ကျနော်တို့ အစိုးရအဖွဲ့မှာ ဘာတွေ မှားခဲ့ပါသလဲ။ အမှားတွေကို ကျနော် သယ်ယူပို့ဆောင်ရေးဝန်ကြီးအနေနဲ့ မှတ်မိသလောက် ပြန်လည် ချရေးလိုက် ပါတယ်။

အခရိုနာနိုင်ငံတော်ဟာ ဘာကြောင့် ကျဆုံးခဲ့ပါသလဲ။

၁- မူဝါဒ မရှိခဲ့ဘူး။ သမ္မတဟာ အာဏာ စရကတည်းက ငါတို့ ဘယ်လို လမ်းကြောင်းသွားမလဲဆိုတာ ချမပြခဲ့ပါဘူး။ နိုင်ငံတော် အခြေပြမိန့်ခွန်း မပြောခဲ့ဘူး၊ ချမပြဘူး၊

၂-ပြည်သူတွေဆိုတာ ကျနော်တို့ မစဉ်းစားခဲ့ဘူး။ အခရိုနာ ပြည်သူတွေ ဆိုတာ ကျနော်တို့ မစဉ်းစားခဲ့ဘဲ အစိုးရ လုပ်ငန်းစဉ်တွေမှာပဲ အချိန်ကုန်ခဲ့တယ်။

၃- ငြိမ်းချမ်းရေးအတွက် ဘာမှ မလုပ်နိုင်ခဲ့ဘူး။

၅- အချင်းချင်း လေးစားမှု မရှိသလို ကိုယ့်ဝန်ကြီးဌာနအတွက်ဆိုတဲ့ အတ္တတွေကို ရှေ့တန်းတင်ခဲ့ပါတယ်။

၆- တိုင်းပြည် ဘတ်ဂျက် ကြီးလာပြီး အကြွေးတင်လာတဲ့ အချိန်အထိ အသင်းအဖွဲ့ စိတ်ဓာတ် ပျောက်ဆုံးနေခဲ့ပါတယ်။

၇-ပြည်သူတွေရဲ့ ပညာရေးကို မစဉ်းစားခဲ့ဘူး။ ပညာရေးအတွက် ဘတ်ဂျက်ပုံပေးမယ်ဆိုပြီး မတွေးခဲ့ဘူး။

၈-ပြည်သူတွေရဲ့ ကျန်းမာရေးကို မစဉ်းစားခဲ့ဘူး။ ကျန်းမာရေးအတွက် ဘာလုပ်ပေးရမလဲဆိုပြီး မမေးခဲ့ဘူး။

၉ -ဝန်ကြီးဌာနအချင်းချင်း လုံးဝ (လုံးဝ) ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ အာဏာ အလွဲသုံးစားမှု၊ ခြစားမှုတွေ ရှိခဲ့တယ်။

၁၀- စိုင်ကော်လို့ ခြုံပေါ် ရောက် ဝန်ကြီးဖြစ်လာပေမယ့် ဝန်ကြီးတစ်ဦး လုပ်ရမယ့် အသိပညာမရှိခဲ့သလို တစ်ပါးသူ အကြံဉာဏ်မယူခဲ့ဘူး။ ကိုယ်လုပ်ရင် ဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိခဲ့ကြတယ်။

၁၁- စီးပွားရေး မူဝါဒ မရှိခဲ့ဘူး။ နိုင်ငံခြားရေး မူဝါဒ မရှိခဲ့ဘူး။

၁၂- တိုင်းသူပြည်သားတွေရဲ့ ပျော်ရွှင်မှုဆိုတာ ဘာမှန်းမသိလောက်အထိ လျစ်လျူ ရှုခဲ့တယ်။

၁၃- အခွန်အခ ပိုင်းဆိုင်ရာ ဘယ်လိုဆိုတာ မလေ့လာခဲ့ဘူး။

၁၄- တဇောက်ကန်း စိတ်များတဲ့ လူဆိုးဝန်ကြီးတွေ များလွန်းခြင်းပါ။

၁၅- အစိုးရ ကို ထိန်းကျောင်းမယ့် လွှတ်တော်ဆိုတာ အစိုးရဂိမ်းမှာ ပါမလာလို့ အစိုးရအဖွဲ့ ထင်ရာစိုင်းခဲ့ခြင်း တွေဖြစ်ပါတယ်။

ဒီဆောင်းပါးကို ဖတ်ပြီး ဘာကြောင့် အခရိုနာ နိုင်ငံတော် ကျဆုံးခဲ့သလဲဆိုတာ သင်စဉ်းစားမိတဲ့ အချက်တွေရှိရင်လည်း ပြန်လည် မျှဝေနိုင်ပါတယ်။


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again