Intelligent Negotiation

Intelligent Negotiation

ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်တဲ့အခါ ဘယ်အချက်တွေက ပျော့ကွက်တွေ၊ အခက်အခဲတွေ ရှိနိုင်သလဲဆိုတာ သိ အောင်လုပ်ဖို့လိုပါတယ်။ ဒါမှ ဒီလိုအခက်အခဲတွေကို ရှောင်ရှားနိုင်မှာဖြစ်ပြီး ရေရှည်ကျေနပ်စရာကောင်းတဲ့အကျိုး ရနိုင်မှာဖြစ်တယ်။

ဟားဗတ်စီးပွားရေးပညာသင်ကျောင်း (HBS) ရဲ့ ပါမောက္ခ James Sebenius ဟာ ရှုပ်ထွေးတဲ့ညှိနှိုင်းဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ အထူးလေ့လာနေသူဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်မှာ HBS ဟာ ဆွေးနွေးညှိနှိုင်းမှုဆိုတဲ့ ဘာသာရပ်ကို MBA သင်တန်းမှာ မသင်မနေရဘာသာရပ်အဖြစ် ထည့်သွင်းခဲ့ပြီး အဲဒီကျောင်းမှာပဲ ဆွေးနွေးညှိနှိုင်းရေး ဘာသာရပ်ဆိုင်ရာသင်ကြားရေးဌာနကို စတင်ဖွင့်လှစ်ခဲ့တယ်။

ဆွေးနွေးညှိနှိုင်းရာမှာ မအောင်မမြင်ဖြစ်သွားရခြင်းရဲ့ အမှားခြောက်ချက်ကို သူက အောက်ပါအတိုင်း တင်ပြခဲ့ တယ်။ ဒီအမှားတွေကို ရှောင်လွှဲနိုင်ရင် ဆွေးနွေးပွဲအောင်မြင်နိုင်တယ်။


၁။ တစ်ဖက်လူရဲ့ ပြဿနာကို မျက်ကွယ်ပြုခြင်း
အဲဒီလူ ကျော်လွှားဖို့ကြိုးစားနေတဲ့ပြဿနာကို သင်နားမလည်ဘူးဆိုရင် သင့်အတွက် အကောင်းဆုံးအဖြေထွက်လာမှာမဟုတ်ဘူး။


၂။ ဈေးရရင် (ငွေရရင်) ပြီးရောဆိုပြီး တခြားကိစ္စတွေကို ဖြစ်ချင်ရာဖြစ်သဘောထားခြင်း
ဈေးရဖို့ချည်း၊ ငွေရဖို့ချည်း အာရုံစိုက်တာလွယ်ပါတယ်။ တခြားကိစ္စတွေကိုလည်း ပစ်ပယ်မထားဖို့လိုတယ်။ အဲဒါတွေကတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ဆက်ဆံရေး၊ စေတနာ၊ နှစ်ဦး နှစ်ဖက်လိုက်နာဖို့ သဘောတူထားတာတွေ၊ နှစ်ဦးနှစ်ဖက် လေးလေးစားစားနဲ့ တရားမျတစွာ စေ့စပ်ပြောဆိုရတာတွေ စတဲ့အရာတွေ ဖြစ်တယ်။


၃။ မိမိရဲ့ရပ်တည်ချက်အနေအထားကိုပဲ စွဲကိုင်ထားခြင်း
ရပ်တည်ချက်ချင်း၊ အနေအထားချင်း ကွဲပြားပေမဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်တာတွေ ရှိနိုင်တယ်။ တစ်ဖက်သားကို သူ့ရဲ့ရပ်တည်ချက် စွန့်လွှတ်လိုက်ဖို့ ကြိုးစားတာထက် တခြားအကျိုးတူ စီးပွားဖြစ်လုပ်ကိုင်နိုင်တာတွေမှာ သဘောတူညီမှုရအောင် ကြိုးစားတာက ပိုအကျိုးရှိတယ်။


၄။ ဘုံအကျိုးစီးပွားရဖို့ချည်း တအားဖိပြီး ကြိုးစားနေခြင်း
ဘုံအကျိုးစီးပွားရှိရင် ဆွေးနွေးပွဲအောင်မြင်ဖို့ အထောက်အကူပြုတယ်။ ဒါပေမဲ့ မတူကွဲပြားတဲ့မျော်မှန်းချက်တွေ ထဲကလည်း ကောင်းတဲ့အကျိုးရလဒ်တစ်စုံတစ်ခု ရလာနိုင်တယ်။


၅။ BATNA ကို လျစ်လျူပြုခြင်း
BATNA ဆိုတာကတော့ Best Alternative To a Negotiated Agreement ရဲ့အတိုကောက်ဖြစ်တယ်။ ဆိုလိုရင်းကတော့ ဆွေးနွေးညှိ နှိုင်းမှုတွေမအောင်မြင်တဲ့အခါ တခြားအကောင်းဆုံးနည်း လမ်းတစ်ခုကိုဆိုလိုတယ်။ ဆွေးနွေးပွဲ မအောင်မြင်တဲ့အခါ သူ့ဘက်က ရှေ့အလားအလာတွေနဲ့ ကိုယ့်ဘက်က ရှေ့အလားအလာတွေကိုစိစစ်ပြီး ကိုယ့်ဘက်က ဘယ်အခါမှာ ဘာတွေ ပေးနိုင်သလဲဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။


၆။ တစ်ဖက်စောင်းနင်းဖြစ်နေတဲ့ မိမိရဲ့အမြင်ကိုမပြင်ခြင်း
အောင်မြင်မှုရနိုင်တယ်လို့ မိမိကိုယ်မိမိ အလွန်အကျူးတွက် ဆမှတ်ယူထားခြင်းဆိုတဲ့အမြင်နဲ့ မိမိကိုယ်မိမိ အမွှန်းတင်ကာ သူတစ်ပါးကို အပုပ်ချခြင်းဆိုတဲ့ ဘက်လိုက်တဲ့အမြင်တွေ ဖြစ်တယ်။ မိမိကိုယ်မိမိ တစ်ပါးသူရဲ့နေရာမှာထားကြည့်ရင် ဒီလိုအမြင်စောင်းတာတွေကို ကျော်လွှားနိုင်ပါတယ်။

ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ ဆွေးနွေးညှိနှိုင်းမူဖြစ်လာစေဖို့...
- တစ်ဖက်သားရဲ့လိုအင်ဆန္ဒတွေနဲ့ ရှုထောင့်အမြင်တွေကို နားလည်ဖို့လိုတယ်။ ဒါမှလည်း သင့်ရဲ့ အဆိုပြုချက်တွေ၊ တင်ပြချက်တွေကို လက်ခံချင်စိတ်ပေါက်လာမှာဖြစ်တယ်။

- ဆွေးနွေးတဲ့အခါ လူပုဂ္ဂိုလ်ကိုပဲဖြစ်ဖြစ် ကုမ္ပဏီကိုပဲဖြစ်ဖြစ် သူတို့အကြောင်း သိသင့်တာတွေ သိအောင်လုပ်ပါ။ လောလောဆယ်ဆွေးနွေးမှုနဲ့ ပတ်သက်တာတွေသာမက သူတို့ဆောင်ရွက်နေတဲ့လုပ်ငန်းလောက အကြောင်း၊ ကုမ္ပဏီရဲ့ရည်မှန်းဦးတည်ချက်တွေ၊ အဲဒီ အဖွဲ့အစည်းတွေ ကြုံတွေ့နေရတဲ့ ဈေးကွက်အခြေအနေတွေကိုပါ လေ့လာသိရှိထားရင် သူတို့နဲ့ဆွေးနွေး ရာမှာ ကိုယ့်ဘက်က သူတို့အပေါ် ဖိအားပေးနိုင်တဲ့ အားသာချက်တစ်ရပ်ရလာနိုင်တယ်။

- တအားတွန်းတွန်းတိုက်တိုက်ဖိပြီး ပြောဖို့လိုတယ်လို့ မယူဆသင့်ဘူး။ ဆွေးနွေးညှိနှိုင်းရာမှာ ပြတ်ပြတ်သားသားရှိတယ်ဆိုတာကိုပဲ ပြပါ။ အချင်းချင်း ခင်မင်ရင်းနှီးမှုနဲ့ နားလည်မှုတွေဟာ အလွန်အကျိုးရှိတယ်ဆိုတာ မမေ့ပါနဲ့။

- ဘယ်ဘက်ကမှ အရှုံးမရှိဘဲ နှစ်ဦးနှစ်ဝအကျိုးရှိစေမယ့် သဘောတူညီမှုတွေ ဘယ်လိုရလာနိုင်မလဲဆို တာ ကြိုတင်စိစစ်ထားပါ။


Credit: CEO Myanmar Facebook Page


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again