မြေသြဇာဥပဒေ

မြေသြဇာဥပဒေ

မြေသြဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေ

(၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅ ။)
၁၃၇၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်
(၂၀၁၅ ခုနှစ်၊ မတ်လ ၂၃ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဌာန်းလိုက်သည်။

၁။    ဤဥပဒေကို မြေသြဇာဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ (က) မြေသြဇာဥပဒေတွင်ပါရှိသော ''မန်နေဂျာ''ဆိုသည့် စကားရပ်ကို "ဦးစီးမှူး"ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။
(ခ) မြေသြဇာဥပဒေတွင်ပါရှိသော"စစ်ဆေးရေးမှူး"ဆိုသည့်စကားရပ်ကို "စစ်ဆေးရေးအဖွဲ့" ဆိုသည့်စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။
(ဂ) မြေသြဇာဥပဒေတွင်ပါရှိသော "မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း" ဆိုသည့် စကားရပ်ကို        " စိုက်ပျိုးရေးဦးစီးဌာန"ဆိုသည့် စကားရပ်ဖြင့် အသီးသီး အစားထိုးရမည်။
(ဃ) ပုဒ်မ၄၊ ပုဒ်မခွဲ(က)တွင် ပါရှိသော "ဦးဆောင်ညွှန်ကြားရေးမှူး ဆိုသည့်စကားရပ်ကို "ညွှန်ကြားရေးမှူးချုပ်"ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၃။    မြေသြဇာဥပဒေပုဒ်မ ၂ တွင် -
(က) ပုဒ်မခွဲ (င) ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(င) စံချိန်စံညွှန်းဆိုသည်မှာ သက်ဆိုင်ရာမြေသြဇာတွင် ပါဝင်ရမည့် အပင်အာဟာရ ဓါတ် သို့မဟုတ် အခြားလိုအပ်သောပစ္စည်းများနှင့်စပ်လျဉ်း၍ မြေသြဇာကော်မတီက သတ်မှတ်သော အနည်းဆုံးပါဝင်ရမည့် အချိုးအစားနှင့် အရည်အသွေးစံ သတ်မှတ် ချက်ကိုဆိုသည်။"
(ခ) ပုဒ်မခွဲ (ဍ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(ဍ) လိုင်စင် ဆိုသည်မှာ မြေသြဇာကို စီးပွားရေးအလို့ငှာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေး သော ခွင့်ပြုချက်ကို ဆိုသည်။"
(ဂ) ပုဒ်မခွဲ (ဏ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(ဏ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ပုဒ်မ ၂၂ အရ စိုက်ပျိုးရေးဦးစီးဌာနက တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်။"

၄။    မြေသြဇာဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ (ခ)ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(ခ)    မြေသြဇာ၏ စံချိန်စံညွှန်းကိုသတ်မှတ်ခြင်း၊စစ်ဆေးရေးအဖွဲ့က တင်ပြလာသော မြေသြဇာ နမူနာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးချက်နှင့်စပ်လျဉ်း၍ မြေသြဇာစံချိန်စံညွှန်းနှင့် ညီမညီ အဆုံးအဖြတ်ပေးခြင်း၊"

၅။    မြေသြဇာဥပဒေပုဒ်မ ၁၃၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-
"(က) မြေသြဇာကိုစီးပွားရေးအလို့ငှာ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ငန်း လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။"

၆။    မြေသြဇာဥပဒေပုဒ်မ ၁၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-
"၁၆။ မြေသြဇာလုပ်ငန်းလုပ်ကိုင်သူသည် မြေသြဇာထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ်တွင် အောက်ပါအချက်များကို ဖော်ပြရမည်-
(က) တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင်လက်မှတ်အမှတ်၊
(ခ) အမှတ်တံဆိပ်၊
(ဂ) မြေသြဇာ၏ အသားတင်အလေးချိန်၊
(ဃ) အရည်အသွေးအာမခံချက်၊
(င) မြေသြဇာတွင် ပါဝင်သည့် အပင်အာဟာရဓာတ်ရာခိုင်နှုန်း၊
(စ) ထုတ်လုပ်သည့် ကုမ္ပဏီ၊
(က) တင်သွင်း၊ ထုတ်လုပ် မှတ်ပုံတင်လက်မှတ်အမှတ်၊
(ခ) အမှတ်တံဆိပ်၊
(ဂ) မြေသြဇာ၏ အသားတင်အလေးချိန်၊
(ဃ) အရည်အသွေးအာမခံချက်၊
(င) မြေသြဇာတွင် ပါဝင်သည့် အပင်အာဟာရဓာတ်ရာခိုင်နှုန်း၊
(စ) ထုတ်လုပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း၊ အသင်းအဖွဲ့အမည်၊ ထုတ်လုပ်ရာဒေသ၊ ထုတ်လုပ် သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊သိုလှောင်ထားရှိရမည့် နည်းစနစ်၊
(ဆ) မြန်မာဘာသာဖြင့် ဖော်ပြထားသော သုံးစွဲရန်အညွှန်းစာနှင့် သတိပြုရန် အချက်များ။"

၇။    မြေသြဇာဥပဒေပုဒ်မ ၁၇ ကို အောက်ပါအတိုင်းအစားထိုးရမည်-
"၁၇။ လိုင်စင်ရရှိသူသည် ပုဒ်မ ၁၆ ပါအချက်များ ဖော်ပြထားသော မှတ်ပုံတင် လက်မှတ်ရရှိ ထားသည့် မြေသြဇာကိုသာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းပြုရမည်။"

၈။    မြေသြဇာဥပဒေပုဒ်မ ၁၉၊ ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-
"(က) မြေသြဇာ သိုလှောင်ခြင်းလုပ်ငန်း လိုင်စင်ရရှိသူသည် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် လိုလျှင် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။"

၉။    မြေသြဇာဥပဒေ ပုဒ်မ ၂၂ကို အောက်ပါအတိုင်းအစားထိုးရမည်-
"၂၂။    စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေပါ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊
(က) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-
(၁) တိုင်းဒေသကြီး သို့မဟုတ်  အဖွဲ့ခေါင်းဆောင် ပြည်နယ်မြေအသုံးချရေးတာဝန်ခံ
(၂) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဦးစီးအဖွဲ့ဝင်များက တာဝန်ပေးအပ်သော ဝန်ထမ်း နှစ်ဦး

(ခ) ခရိုင်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-
(၁) ခရိုင်မြေအသုံးချရေးတာဝန်ခံ                          အဖွဲ့ခေါင်းဆောင်
(၂) ခရိုင်ဦးစီးမှူးက တာဝန်ပေးအပ်သောဝန်ထမ်းနှစ်ဦး     အဖွဲ့ဝင်များ

(ဂ) မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်း တာဝန်ပေးအပ်နိုင်သည်-
(၁) မြို့နယ်ဦးစီးမှူး                           အဖွဲ့ခေါင်းဆောင်
(၂) မြို့နယ်ဦးစီးမှူးက                       အဖွဲ့ဝင်များ
တာဝန်ပေးအပ်သောဝန်ထမ်းနှစ်ဦး

၁၀။    မြေသြဇာဥပဒေ ပုဒ်မ ၂၃ တွင်-
(က) ပုဒ်မခွဲ(ခ)ကို အောက်ပါအတိုင်းအစားထိုးရမည်-
"(ခ) မြေသြဇာကို စံချိန်စံညွှန်းနှင့်ညီ၊ မညီစစ်ဆေးရန် မြေသြဇာနမူနာကို ရယူခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်တို့ကို မြေအသုံးချရေးဌာနခွဲသို့ ဆက်လက် တင်ပြခြင်း၊"
(ခ) ပုဒ်မခွဲ (ဃ)ကို အောက်ပါအတိုင်းအစားထိုးရမည်-
"(ဃ) ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေး တွေ့ရှိပါက  သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှတဆင့် မြေသြဇာကော်မတီသို့ တင်ပြခြင်း၊"

၁၁။    မြေသြဇာဥပဒေ ပုဒ်မ ၂၆ တွင်-
(က) ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်း အစားထိုးရမည်-
"(က) မြေသြဇာသိုလှောင်ခြင်းလုပ်ငန်း လိုင်စင်ရရှိသူကပုဒ်မ ၁၅ ပါတာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊"
(ခ) ပုဒ်မခွဲ (ခ)ကို ပယ်ဖျက်ရမည်။

၁၂။    မြေသြဇာဥပဒေ ပုဒ်မ ၂၉၊  ပုဒ်မခွဲ(က)ကို အောက်ပါအတိုင်းအစားထိုးရမည်-
"(က) မြေသြဇာသိုလှောင်ခြင်းလုပ်ငန်းလိုင်စင်နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနက ချမှတ် သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ် ချက်ကိုလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀အတွင်း သတ်မှတ်ချက်များနှင့်အညီ မြေသြဇာ ကော်မတီသို့ အယူခံနိုင်သည်။"

၁၃။    မြေသြဇာဥပဒေ ပုဒ်မ ၃၂ တွင် ပါရှိသော "ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည် ထုပ်ပိုးခြင်း" ဆိုသည့် စကားရပ်ကို ပယ်ဖျက်ရမည်။

၁၄။    မြေသြဇာဥပဒေ ပုဒ်မ ၃၆ တွင် ပါရှိသော "ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၅၀၀၀၀ အထိဖြစ်စေ၊" ဆိုသည့် စကားရပ်ကို "ထောင်ဒဏ်သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀ သိန်းအထိဖြစ်စေ၊" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

၁၅။    မြေသြဇာဥပဒေ ပုဒ်မ ၃၇တွင်ပါရှိသော "ထောင်ဒဏ် ၁ နှစ်အထိဖြစ် စေ၊ ငွေဒဏ်ကျပ် ၅၀၀၀၀ အထိဖြစ်စေ၊" ဆိုသည့် စကားရပ်ကို "ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ငါးသိန်း အထိဖြစ်စေ၊" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

 

မြေသြဇာ ဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေ အမှတ် ၇/၂၀၀၂)
၁၃၆၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။    ဤဥပဒေကို မြေသြဇာဥပဒေဟု ခေါ်တွင်စေရမည်။

၂။    ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-
(က) မြေသြဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့် အပင်များ ရှင်သန်ကြီးထွားရေး အတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေရန် သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် အာဟာရဓါတ်ရရှိစေရန် ထောက်ပံ့ပေးနိုင်သော ပစ္စည်းပါဝင်သည့် ဓာတ်မြေ သြဇာ၊ ဇီဝမြေသြဇာနှင့် သဘာဝမြေသြဇာတို့ကိုဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးသူ တစ်ဦးဦးက မိမိ၏ ကိုယ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးစွဲရန် ပြုလုပ်သည့် သဘာဝ မြေသြဇာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးသူတစ်ဦးဦးက မိမိ၏ ကိုယ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းတွင် သုံးစွဲရန်ပြုလုပ်သည့် သဘာဝမြေသြဇာမပါဝင်။
(ခ) ဓာတ်မြေသြဇာဆိုသည်မှာ သဘာဝအရ ပြုလုပ်ဖွဲ့စည်းမှုမဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် တစ်နည်းနည်း ပြုပြင်စီမံထားသည့် မြေသြဇာကိုဆိုသည်။ ယင်းစကားရပ်တွင် တွင်းထွက် သို့မဟုတ် စက်ရုံမှထုတ်လုပ်သည့် အော်ဂဲနစ်နှင့် အင်အော်ဂဲနစ် ဓာတ်မြေသြဇာတို့လည်း ပါဝင်သည်။
(ဂ) ဇီဝမြေသြဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ် သည့် ဘက်တီးရီးယား၊ မှိုစသည်တို့ဖြင့် ပွားများထုတ်လုပ်သည့် မြေသြဇာကိုဆိုသည်။
(ဃ) သဘာဝမြေသြဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့် အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်း များနှင့် ဘေးထွက်ပစ္စည်းများကိုလည်းကောင်း၊ ယင်းတို့ကို ဆွေးမြည့်စေပြီး ပြုပြင်စီမံ၍ ရရှိသော ပစ္စည်းများကိုလည်းကောင်း ဆိုသည်။
(င) စံချိန်စံညွှန်းဆိုသည်မှာ မြေသြဇာတွင်ပါဝင်ရမည့် အပင်အာဟာရဓာတ် သို့မဟုတ် အခြား လိုအပ်သော ပစ္စည်းများ၏ အချိုးအစား၊ အရည်အသွေးတို့နှင့် စပ်လျဉ်း၍ မြေသြဇာ ကော်မတီက စံအဖြစ် သတ်မှတ်ပေးချက်ကို ဆိုသည်။
(စ) အဆိပ်ရှိပစ္စည်းဆိုသည်မှာ သက်ရှိသတ္တဝါ သို့မဟုတ် အပင်ကို အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်သင့်စေသည့် ဓာတုပစ္စည်းတစ်မျိုးမျိုးကို ဆိုသည်။
(ဆ) အရည်အသွေး အာမခံချက်ဆိုသည်မှာ မြေသြဇာထုတ်လုပ်သူက စံချိန်စံညွှန်းနှင့် ကိုက်ညီ မှုရှိကြောင်း အာမခံချက်ကိုလည်းကောင်း၊ ပြည်တွင်းသို့တင်သွင်းသူ သို့မဟုတ် ပြည်ပသို့ တင်ပို့သူက ပြည်ပနှင့်ချုပ်ဆိုသည့် သဘောတူစာချုပ်ပါ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ ကြောင်း အာမခံချက်ကိုလည်းကောင်းဆိုသည်။
(ဇ) အမှတ်တံဆိပ်ဆိုသည်မှာ မြေသြဇာထုတ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ် တွင် ကပ်ထားသို့မဟုတ်ချိတ်ဆွဲထားသော ပုံနှိပ်ထားသည့် အမှတ်အသားကို ဆိုသည်။
(ဈ) မြေသြဇာလုပ်ငန်း ဆိုသည်မှာ မြေသြဇာကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပေါင်းစပ် ခြင်း၊ရောနှောခြင်း၊ပြန်လည်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း လုပ်ငန်းများကို ဆိုသည်။
(ည) သိုလှောင်ခြင်းဆိုသည်မှာ မြေသြဇာဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် အလို့ငှာ သိုလှောင်ခြင်းကို ဆိုသည်။
(ဋ) ဖြန့်ဖြူးရောင်းချခြင်းဆိုသည်မှာ လိုင်စင်လျှောက်ထားရယူရန်အလို့ငှာ မြေသြဇာ ကော်မတီက သတ်မှတ်သော အလေးချိန်၊ ပမာဏထက်ကျော်လွန်သည့် မြေသြဇာ ဖြန့်ဖြူး ရောင်းချခြင်းကို ဆိုသည်။
(ဌ) မှတ်ပုံတင်လက်မှတ်ဆိုသည်မှာ မြေသြဇာကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်း လုပ်ငန်းကို လုပ်ကိုင်ခွင့်ပြု ကြောင်း ဤဥပဒေအရ ထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။
(ဍ) လိုင်စင်ဆိုသည်မှာ မြေသြဇာကို စီးပွားရေ:အလို့ငှာ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင် ခွင့်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသော ခွင့်ပြုချက်ကို ဆိုသည်။
(ဎ) မန်နေဂျာဆိုသည်မှာ ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အသီးသီးတွင် တာဝန်ထမ်းဆောင် သည့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ တာဝန်ခံကို ဆိုသည်။
(ဏ) စစ်ဆေးရေးမှူးဆိုသည်မှာ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက စစ်ဆေးရေးမှူးအဖြစ် ဤ ဥပဒေပုဒ်မ ၂၂ အရ တာဝန်ပေးအပ်ခြင်းခံရသည့် ပုဂ္ဂိုလ်ကို ဆိုသည်။
(တ) ဝန်ကြီးဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးကို ဆိုသည်။
(ထ) ဝန်ကြီးဌာနဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။

 

အခန်း(၂)
ရည်ရွယ်ချက်များ

၃။    ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူဖြစ်စေရန်၊
(ခ) မြေသြဇာလုပ်ငန်းများကို စနစ်တကျကွပ်ကဲထိန်းသိမ်းနိုင်ရန်၊
(ဂ) အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသောမြေသြဇာကို စိုက်ပျိုးသူများ သုံးစွဲနိုင်ရန်၊
(ဃ) သင့်လျော်သောမြေသြဇာကိုသုံးစွဲခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအထောက်အကူပြုနိုင်ရန်
(င) မြေသြဇာကို စိုက်ပျိုးသူများ စနစ်တကျ သုံးစွဲနိုင်ရေးအတွက် ပညာပေးလုပ်ငန်းနှင့် သုတေသနလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊
(စ) မြေသြဇာလုပ်ငန်းနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်။

 

အခန်း(၃)
မြေသြဇာ ကော်မတီ ဖွဲ့စည်းခြင်း

၅။     မြေသြဇာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ် သည်-
(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် ကျွမ်းကျင်သူပညာရှင်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်သောမြေသြဇာ ကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော မြေသြဇာကော်မတီကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်း နိုင်သည်။

 

အခန်း(၄)
မြေသြဇာကော်မတီ၏ လုပ်ငန်းတာဝန်များ

၅။    မြေသြဇာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြေသြဇာလုပ်ငန်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊ လမ်းညွှန်ခြင်း၊
(ခ) မြေသြဇာ၏ စံချိန်စံညွှန်းကို သတ်မှတ်ခြင်း၊
(ဂ) ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လိုင်စင်ရယူရန် လိုအပ်သည့် မြေသြဇာ အလေးချိန်၊ ပမာဏ ကို သတ်မှတ်ခြင်း၊
(ဃ) မြေသြဇာလုပ်ငန်းနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုကင်းရှင်းစေရေး၊ လူနှင့် တိရစ္ဆာန်များကို အန္တရာယ်မဖြစ်စေရေးတို့အတွက် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
(င) မှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(စ) မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးခြင်း၊
(ဆ) မှတ်ပုံတင်လက်မှတ် သက်တမ်းသတ်မှတ်ခြင်း၊
(ဇ) မြေသြဇာနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊
(ဈ) စိုက်ပျိုးသူများက မြေသြဇာကို စနစ်တကျ သုံးစွဲကြစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ည) မြေသြဇာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း။

၆။    မြေသြဇာကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်-
(က) မြေသြဇာကော်မတီ၏ အတွင်းရေးမှူးအား အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်စေလျှက် သင့်လျော်သော ကျွမ်းကျင်သူပညာရှင်များဖြင့် မြေသြဇာဆိုင်ရာ နည်းပညာအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းအဖွဲ့၏ တာဝန်များကို သတ်မှတ်ရမည်။
(ခ) သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီများကို ဖွဲ့စည်းပြီး ယင်း ဆပ်ကော်မတီများ၏ တာဝန်များကို သတ်မှတ်ရမည်။

 

အခန်း(၅)
မှတ်ပုံတင်အမှတ်

၇။    မြေသြဇာကို စီးပွားရေးအလို့ငှာထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းလုပ်ကိုင်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မြေသြဇာ ကော်မတီသို့ လျှောက်ထားရမည်။

၈။    မြေသြဇာကော်မတီသည်-
(က) ပုဒ်မ ၇ အရ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီမညီ မြေသြဇာ ဆိုင်ရာ နည်းပညာအဖွဲ့အား စစ်ဆေးတင်ပြစေရမည်။
(ခ) ပုဒ်မခွဲ (က)အရ တင်ပြချက်ကို စိစစ်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။

၉။    မှတ်ပုံတင်လက်မှတ်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) အရည်အသွေးအာမခံချက်၊ အမှတ်တံဆိပ်နှင့် စံချိန်စံညွှန်းတို့ကို သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ရမည်။
(ဆ) သက်ဆိုင်ရာ မန်နေဂျာနှင့် စစ်ဆေးရေးမှူးများက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေး ခြင်းကို ခံယူရမည်။

၁၀။    မှတ်ပုံတင်လက်မှတ်ရရှိသူသည် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုလျှင် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက် များနှင့်အညီ မြေသြဇာကော်မတီသို့ လျှောက်ထားရမည်။

၁၁။    မြေသြဇာကော်မတီသည်-
(က) ပုဒ်မ ၁၀ အရ လျှောက်ထားချက်ကို စိစစ်ပြီး သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ ခွင့်ပြုပါက လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် သက်တမ်း တိုးမြှင့် ပေးရမည်။

 

အခန်း(၆)
လိုင်စင်

၁၃။ (က) မြေသြဇာကို စီးပွားရေးအလို့ငှာ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း သို့မဟုတ် သိုလှောင်ခြင်းလုပ်ငန်းလုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ် ချက်များနှင့်အညီ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ လျှောက်ထားရမည်။
(ခ) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်း ချက်များ သတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။

၁၄။  (က) မြေသြဇာကော်မတီက သတ်မှတ်သော အလေးချိန်၊ ပမာဏထက် ကျော်လွန်သည့် မြေသြဇာ ကို ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ် ချက်နှင့်အညီ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းမန်နေဂျာထံ လျှောက်ထားရမည်။
(ခ) ပြည်နယ်၊ တိုင်းမန်နေဂျာသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်း ချက်များ သတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။

၁၅။    လိုင်စင်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) သက်ဆိုင်ရာ မန်နေဂျာနှင့် စစ်ဆေးရေးမှူးများက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေး ခြင်းကို ခံယူရမည်။

၁၆။    မြေသြဇာကိုပေါင်းစပ်ခြင်း၊ ရောနှောခြင်း သို့မဟုတ် ပြန်လည်ထုပ်ပိုးခြင်း လုပ်ငန်းလိုင်စင် ရရှိသူသည် မြေသြဇာထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ်တွင် အောက်ပါအချက်များကို ဖော်ပြရမည်-
(က) အမှတ်တံဆိပ်၊
(ခ) မြေသြဇာ၏ အသားတင်အလေးချိန်၊
(ဂ) အရည်အသွေး အာမခံချက်၊
(ဃ) မြေသြဇာတွင် ပါဝင်သော အပင်အာဟာရ ရာခိုင်နှုန်း၊
(င) မြေသြဇာတွင်ပါဝင်သော ပေါင်းစပ်၊ရောနှောသည့်ပစ္စည်းများ၏ အမည်နှင့် အချိုးအစား၊
(စ) သုံးစွဲရန် အညွှန်းစာ။

၁၇။    မြေသြဇာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူသည် ပုဒ်မ ၁၆ ပါအချက်များ ဖေါ်ပြထားသော မြေသြဇာကိုသာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း ပြုရ မည်။

၁၈။    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် မိမိထုတ်ပေးခွင့်ရှိသည့် လိုင်စင်နှင့်ပြည်နယ်၊တိုင်းမန်နေဂျာက ထုတ်ပေးခွင့်ရှိသည့် လိုင်စင်များ၏ သက်တမ်းကို သတ်မှတ်ရမည်။

၁၉။ (က) မြေသြဇာပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုတ်ပိုးခြင်း သို့မဟုတ် သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုလျှင် လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ် ချက်များနှင့်အညီ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ လျှောက်ထားရမည်။
(ခ) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင် သက်တမ်း တိုးမြှင့်ပေးရန် ခွင့်ပြခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၂၀။ (က) မြေသြဇာ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်လိုလျှင် လိုင်စင်သက်တမ်း တိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညိ သက်ဆိုင်ရာပြည်နယ်၊တိုင်း မန်နေဂျာထံ လျှောက်ထားရမည်။
(ခ) သက်ဆိုင်ရာ ပြည်နယ်၊တိုင်းမန်နေဂျာသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကိုစိစစ်ပြီး လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။

၂၁။    မြေသြဇာ လုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခတို့ကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာပြည်နယ်၊ တိုင်းမန်နေဂျာရုံးသို့ ပေးသွင်းရမည်။

 

အခန်း(၇)
စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း

၂၂။    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် သင့်လျော်သော အရာရှိတစ်ဦးဦးအား စစ်ဆေးရေးမှူးအဖြစ် တာဝန်ပေးအပ်နိုင်သည်။

၂၃။    စစ်ဆေးရေးမှူး၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မိမိအား တာဝန်ပေးအပ်သည့် နယ်မြေအတွင်း၌ မြေသြဇာလုပ်ငန်းကို စစ်ဆေးခြင်း၊
(ခ) မြေသြဇာကို စံချိန်စံညွှန်းနှင့်ညီမညီ စစ်ဆေးရန် မြေသြဇာနမူနာကို ရယူခြင်း၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်ကို မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့တင်ပြခြင်း၊
(ဂ) မြေသြဇာကို စိုက်ပျိုးရေးလုပ်ငန်းတွင်သာ သုံးစွဲခြင်း ပြု မပြု စစ်ဆေးခြင်း၊
(ဃ) ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိ ပါက သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ တင်ပြခြင်း၊
(င) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ခြင်း။

 

အခန်း(၈)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၄။    စီမံခန့်ခွဲရေး ပြစ်ဒဏ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ခွင့်ပြုထားသော မြေသြဇာလုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊
(ခ) ဒဏ်ကြေးငွေပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး မြေသြဇာလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခွင့်ပြုခြင်း၊
(ဂ) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ကာလ အကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း၊
(ဃ) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၅။    မြေသြဇာကော်မတီသည် ပုဒ်မ ၉ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက် သော မှတ်ပုံတင်လက်မှတ်ရရှိသူအား ပုဒ်မ ၂၄ ပါ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ ချမှတ်ရာတွင် စီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင် သည်။

၂၆။    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် အောက်ပါအချက်တစ်ရပ်ရပ်ကို စစ်ဆေးတွေ့ရှိလျှင် သက်ဆိုင် ရာ လုပ်ငန်းလိုင်စင်ရရှိသူအား ပုဒ်မ ၂၄ ပါ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ ချမှတ်ရာ တွင် စီမံခန့်ခွဲရေ: ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊တစ်ရပ်ထက်ပို၍ဖြစ်စေချမှတ်နိုင်သည်-
(က) မြေသြဇာပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း၊ သို့မဟုတ် သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူကပုဒ်မ ၁၅ ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊
(ခ) မြေသြဇာ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း သို့မဟုတ် ပြန်လည်ထုပ်ပိုးခြင်းလုပ်ငန်း လိုင်စင် ရရှိသူက ပုဒ်မ ၁၆ ပါတာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊
(ဂ) မြေသြဇာ သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူက ပုဒ်မ ၁၇ပါ ပြဋ္ဌာန်းချက်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း။

၂၇။    သက်ဆိုင်ရာ ပြည်နယ်၊တိုင်းမန်နေဂျာသည် ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၇တို့ ပါတာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော မြေသြဇာဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လိုင်စင်ရရှိသူအား ပုဒ်မ ၂၄ ပါ စီမံခန့်ခွဲရေ:ပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ချမှတ်ရာတွင် စီမံခန့်ခွဲရေ:ပြစ်ဒဏ် တစ်ရပ်ရပ် ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေ ချမှတ်နိုင်သည်။

 

အခန်း(၉)
အယူခံခြင်း

၂၈။  (က) မြေသြဇာဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းမန်နေဂျာက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသို့ အယူခံနိုင်သည်။
(ခ) မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် ပုဒ်မခွဲ(က)အရအယူခံခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်၊တိုင်းမန်နေဂျာက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြု ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ(ခ)အရမြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရ မည်။

၂၉။ (က) မြေသြဇာ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုပ်ပိုးခြင်း သို့မဟုတ် သိုလှောင်ခြင်း လုပ်ငန်းလိုင်စင်နှင့်စပ်လျဉ်း၍ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း၃၀အတွင်း သတ်မှတ်ချက်များနှင့်အညီ မြေသြဇာကော်မတီသို့ အယူခံနိုင်သည်။
(ခ) မြေသြဇာကော်မတီသည် ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့် စပ်လျဉ်း၍ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းကချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ(ခ)အရ မြေသြဇာကော်မတီ၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

၃၀။ (က) မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ မြေသြဇာကော်မတီက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိ သည့်နေ့မှ ရက်ပေါင်း ၃၀အတွင်း သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးထံ အယူခံနိုင်သည်။
(ခ) ဝန်ကြီးသည် ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ မြေသြဇာကော်မတီက ချမှတ် သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင် ခြင်း ပြုနိုင် သည်။
(ဂ) ပုဒ်မခွဲ(ခ)အရ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

 

အခန်း(၁၀)
တားမြစ်ချက်များ

၃၁။    မည်သူမျှမှတ်ပုံတင်လက်မှတ်မရှိဘဲ မြေသြဇာကို စီးပွားရေးအလို့ငှာထုတ်လုပ်ခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်း မပြုရ။

၃၂။    မည်သူမျှ လိုင်စင်မရှိဘဲ မြေသြဇာကို စီးပွားရေးအလို့ငှာ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည် ထုပ်ပိုးခြင်း၊သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုရ။

၃၃။    မည်သူမျှ မြေသြဇာအတုကိုဖြစ်စေ၊ မူလစံချိန်စံညွှန်းနှင့် ကိုက်ညီခြင်း မရှိသော မြေသြဇာကို ဖြစ်စေ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်း မပြုရ။

၃၄။    မည်သူမှ အဆိပ်ရှိပစ္စည်းများ ရောနှောပါဝင်သော မြေသြဇာကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုရ။

၃၅။    မည်သူမျှ မြေသြဇာကို စိုက်ပျိုးရေးလုပ်ငန်းမှအပ အခြားနည်းသုံးစွဲ ခြင်း မပြုရ။

 

အခန်း(၁၁)
ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၆။    မည်သူမဆို ပုဒ်မ ၃၁၊ ၃၂၊ ၃၃ သို့မဟုတ် ၃၄ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၃နှစ် အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၅၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သော သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

၃၇။    မည်သူမဆို ပုဒ်မ၃၅ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀၀၀ အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

၃၈။    တရားရုံးသည် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသော မြေသြဇာကို စီမံခန့်ခွဲရန် မြန်မာ့ စိုက်ပျိုး ရေးလုပ်ငန်းသို့ လွှဲပြောင်းပေးရမည်။

 

အခန်း(၁၂)
အထွေထွေ

၃၉။    ဤဥပဒေပြဋ္ဌာန်းသည့်နေ့တွင် မြေသြဇာလုပ်ငန်းတစ်ခုခုကို လုပ်ကိုင်နေသူသည် ယင်းလုပ်ငန်း ကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ရက်ပေါင်း ၉၀အတွင်း လိုအပ်သော မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရယူရန် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရ မည်။

၄၀။    ဝန်ကြီးဌာနသည် မှတ်ပုံတင်ခ၊ လိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခ တို့ကို သတ်မှတ်ရမည်။

၄၁။    ဝန်ကြီးဌာနသည် မြေသြဇာကို သုံးစွဲခြင်းနှင့် မြေသြဇာလုပ်ငန်း တစ်ခုခုအတွက် မှတ်ပုံတင် လက်မှတ် လျှောက်ထားခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ အခကြေးငွေ ပေးဆောင်ခြင်းတို့နှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုအား ကင်းလွတ်ခွင့်ပြုနိုင်သည်။

၄၂။    မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းသည် ဤဥပဒေအရ ရရန်ရှိသော ဒဏ်ကြေးနှင့် အခကြေးငွေ       ပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုဒဏ်ကြေးနှင့် အခကြေးငွေများကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ အရကောက်ခံရန် သက်ဆိုင်ရာ မန်နေဂျာတစ်ဦးဦးအား တာဝန်ပေးအပ်ရမည်။

၄၃။    မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရသူသည် မိမိလက်ဝယ်တွင်ရှိသော မြေသြဇာနှင့်စပ်လျဉ်း၍ မြေသြဇာကော်မတီ သို့မဟုတ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းက ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

၄၄။    မြေသြဇာကို ပြည်တွင်သို့ တင်သွင်းရန်ဖြစ်စေ၊ ပြည်ပသို့တင်ပို့ရန်ဖြစ်စေ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးရန် လျှောက်ထားလာပါက ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရဌာန၊ အဖွဲ့အစည်းသည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၏ ထောက်ခံချက်ကို လျှောက်လွှာနှင့် အတူ ပူးတွဲတင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်။

၄၅။    ဤဥပဒေအရ တရားစွဲဆိုသောပြစ်မှုများတွင် မြေသြဇာနှင့်စပ်လျဉ်း၍ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် ယင်းပြစ်မှုအတွက် အပြီးသတ် သက်သေခံချက် ဖြစ်စေရမည်။

၄၆။    ဤဥပဒေ ပုဒ်မ ၃၇အရ တရားစွဲဆိုသော ပြစ်မှုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူနိုင်သော ပြစ်မှုအဖြစ် သတ်မှတ်သည်။

၄၇။    ဤဥပဒေအရ တရားစွဲဆိုသောပြစ်မှုနှင့် သက်ဆိုင်သည့်သက်သေခံ ပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် လွယ်ကူခြင်းမရှိက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ခြင်းမပြုပဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက် အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံ ပစ္စည်း တင်ပြဘိသကဲ့သို့မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြု နိုင်သည်။

၄၈။  ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့ ၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင် သည်။
(ခ) ဝန်ကြီးဌာန၊ မြေသြဇာကော်မတီနှင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေ:ကောင်စီ


Credit: Ministry of Agriculture, Livestock and Irrigation


Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again