မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ

မန်နေဂျာများအတွက် ဆွန်ဇူးရဲ့ စစ်ဆင်ရေးပညာ
( စိတ်ဓာတ်အရ အသာစီးရအောင်လုပ်ပါ )
ဆွန်ဇူးကအောက်ပါအတိုင်း ဆက်လက်မိန့်ကြားပါတယ်

စစ်တပ်တစ်တပ်လုံးဟာ စိတ်ဓာတ်တွေ ချွတ်ခြုံကျသွား တာမျိုးဖြစ်နိုင်ပါတယ်။ တပ်မှူးဟာလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားနိုင်ပါတယ်။ တိုက်ပွဲအစတုန်းကတော့ စစ်သားတွေဟာ စိတ်ဓာတ်တက်ကြွနေတယ်။ နောက်ပိုင်းကျတော့ စိတ်ဓာတ်တွေ လျော့တိလျော့ရွဲ ဖြစ်လာတယ်။ နောက်ဆုံးမှာ စိတ်ဓာတ်တက်ကြွမှုဆိုတာ လုံးဝမရှိတော့ဘူး။ တော်တဲ့တပ်မှူးဟာ ရန်သူစိတ်ဓာတ် တက်ကြွနေရင် အဲဒီရန်သူကို မတိုက်ပါဘူး။ ရန်သူ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တက်တိုက်တယ်။ ဒါဟာ စိတ်ဓာတ်အတက်အကျရဲ့ အရေးကြီးပုံကို သိအောင်လုပ်ရတဲ့ နည်းတစ်နည်းဖြစ်တယ်။ စည်းကမ်းတကျ သေသေဝပ်ဝပ် ရှိနေတဲ့ အခြေအနေမှာဆိုရင် ဖရိုဖရဲဖြစ်နေတဲ့ ရန်သူကို စောင့်နေတယ်။ တည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ အခြေအနေ မှာဆိုရင် ဆူဆူညံညံဖြစ်နေတဲ့ ရန်သူကိုစောင့် တယ်။ ဒါဟာ မိမိရဲ့တပ်ကို ယုံကြည်မှုအပြည့်အဝနဲ့ စိတ်တည်တည် ငြိမ်ငြိမ်ထားနိုင်မယ့် နည်းတစ်နည်းဖြစ်တယ်။ စစ်တိုက်ရ မယ့် နေရာနားရောက်လာပြီဆိုရင် အဝေးကလာမယ့် ရန်သူကို စောင့်တယ်။ အေးအေးဆေးဆေး အနားယူနေတယ် ဆိုရင် မောပန်းနွမ်းနယ်နေတဲ့ ရန်သူကိုစောင့်တယ်။ ရိက္ခာ အပြည့်အစုံရှိနေရင် ရိက္ခာပြတ်လပ်နေတဲ့ ရန်သူကိုစောင့် တယ်။ ဒါဟာ မိမိရဲ့အင်အားကို မွေးမြူရတဲ့နည်းဖြစ် တယ်။

အလံတွေ တံခွန်တွေနဲ့ စနစ် တကျချီတက်လာတဲ့ ရန်သူတပ်တွေ ကိုမြင်တွေ့တဲ့အခါ ကျွမ်းကျင်လိမ္မာတဲ့ တပ်မှူးဟာ ကြားဖြတ်မတိုက်ဘူး။ ဒီလိုပါပဲ အလွန်ကြည့်လို့ကောင်းအောင် စနစ်တကျ ဖွဲ့စည်းနေရာယူထားတဲ့ ရန်သူတပ်တွေကိုလည်း ဝင်မတိုက်ပါဘူး။ ဒါဟာ အခြေအနေကို သုံးသပ်ပြီး ဆုံးဖြတ်လုပ်ကိုင်ရတဲ့နည်း ဖြစ်တယ်။

တပ်တွေကို ဘယ်လိုအသုံးချမလဲဆိုတာနဲ့ ပတ်သက်လို့ပြောရရင် ရန်သူဟာ ကုန်းမြင့်ပေါ်မှာရှိတဲ့အခါ ကုန်းမြင့်ပေါ်မှာတက်ပြီး ရင်မဆိုင်ပါနဲ့။ ရန်သူကထွက် ပြေးဟန်ဆောင်ရင် လိုက်မတိုက်နဲ့။ စိတ်ကြည်လင်ဖြတ်လတ်နေတဲ့ ရန်သူတွေကိုမတိုက်နဲ့။ ဖြားယောင်းသိမ်းသွင်းတာလည်း လက်မခံလိုက်နဲ့။ အိမ်ကိုပြန်သွားတဲ့ ရန်သူကိုလည်း ပြန်မရအောင် အနှောင့်အယှက်မပေးနဲ့။ ရန်သူကို ဝိုင်းထားမိပြီဆိုရင် သူ့အတွက် ထွက်ပေါက်ဖွင့်ပေးပါ။ စိတ်ဓာတ်အကြီးအကျယ်ကျနေတဲ့ ရန်သူကို တအားကြီး မဖိနှိပ်ပါနဲ့။ ဒါတွေဟာ မိမိရဲ့တပ်တွေကို ဘယ်လိုအသုံး ချဆောင်ရွက်ရမလဲဆိုတဲ့ နည်းဖြစ်တယ်။

မန်နေဂျာရှုထောင့် မှ သုံးသပ်ချက်

လူ့အရင်းအမြစ်များနဲ့ပတ်သက်တဲ့ စိတ်ပညာဆိုင်ရာ အချက်အလက်တွေကို နားလည်အောင်ကြိုးစားပါ။

စီးပွားရေးလုပ်ငန်းကို ခေါင်းဆောင်သူဟာ မဟာဗျူဟာ (စီမံကိန်း) နဲ့ နည်းဗျူဟာ (အကောင်အထည်ဖော်မှု) တို့ကို ချိတ်ဆက်လုပ်ကိုင်နိုင်ရင် လုပ်ငန်း အောင်မြင်မယ်။ အခွင့်အလမ်းတွေ တွေ့လာမယ်။လုပ်ငန်းတစ်ခုအောင်မြင်ခြင်း မအောင်မြင်ခြင်းနဲ့ပတ်သက်လို့ နောက်ဆုံးအဓိကတာဝန်ရှိသူဟာအဲဒီလုပ်ငန်း ကို ခေါင်းဆောင်နေသူဖြစ်တယ်။ ခေါင်းဆောင်ဟာ အစစအရာရာ လိုက်လုပ်ရဖို့ မဟုတ်ဘူး။ သူဟာ သဘာဝကျတဲ့မဟာဗျူဟာကို နည်းဗျူဟာနဲ့ အကောင် အထည်ဖော်ရာမှာ စိတ်စွမ်းရည်လည်း ရှိရမှာဖြစ်သလို လုပ်နည်းကိုင်နည်းကိုလည်း ပေးနိုင်တဲ့သူဖြစ်ဖို့လိုတာကြောင့်ပါပဲ။

စိတ်ဓာတ်နဲ့ပတ်သက်လို့ အသာစီးရစေဖို့အတွက် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

သဘောထားအမြင်
အပြုသဘောဆောင်တဲ့ သဘောထားအမြင်နဲ့ ခေါင်းအေးအေးနဲ့ စဉ်းစားလုပ်ကိုင်တတ်ဖို့ လိုတယ်။

စိတ်ဓာတ်
စီးပွားရေးလုပ်ရာမှာ လိုအပ်တဲ့ စိတ်ဓာတ်ဆိုတာ မှန်လည်း မှန်ကန်၊ တရားမျှတမှုလည်းရှိတဲ့ အလုပ်တွေကို သတ္တိရှိရှိ လုပ်နိုင်ခြင်းဖြစ်တယ်။ ခေါင်းဆောင်လုပ်သူဟာ လူတိုင်းကို သိက္ခာရှိအောင် ကူညီလုပ်ကိုင်ပေးသင့်တယ်။ စစ်ရေးမှာ သတ္တိရှိဖို့လိုသလို စီးပွားရေးလုပ်ကိုင်ရာမှာ ယုံကြည်မှုရှိဖို့လိုတယ်။ ဗဟုသုတနဲ့ အတွေ့အကြုံတွေပေါ်မှာ အခြေခံတဲ့ ယုံကြည်မှုလိုတယ်။

ကျန်းမာရေး
မိမိကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ ကျန်းမာရေးနဲ့ ညီညွတ်အောင်လုပ်ကိုင်ဆောင်ရွက်သင့်တယ်။

အခြေအနေနဲ့ လိုက်လျောညီထွေလုပ်ကိုင်ပါ
စီစဉ်ထားတဲ့အတိုင်း လုပ်သင့်တာမှန်ပေမယ့် ဘယ်အချိန် မှာ ဘယ်လိုအပြောင်းအလဲ လုပ်ကိုင်ရမလဲဆိုတာလည်း အရေးကြီးတယ်။

လုပ်ငန်းခွင်အတွင်း အားပေးချီးမြှောက်ခြင်း
လုပ်ငန်းကရတဲ့ ငွေကြေး၊ နာမည်ကောင်းစတာတွေကို မျှဝေခံစားတတ်ဖို့လိုသလို ကွက်ကျော်လေးလုပ်ပြီး ချီးကျူးတာလား ဆိုတာလေးကလည်းအများကြီးအရာ ရောက်တယ်။

ညွန့်သောင်း
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again