စာဖတ်ခြင်းက သင့်အတွက်ကောင်းစေတဲ့ အကြောင်းရင်း ၅ ချက်

စာဖတ်ခြင်းက သင့်အတွက်ကောင်းစေတဲ့ အကြောင်းရင်း ၅ ချက်

အောင်မြင်သူအများအပြားဟာ သူတို့ချမ်းသာနေနိုင်တာဟာ တစ်နည်းအားဖြင့် စာဖတ်ခြင်းကြောင့်လို့ ပြောကြပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဒီနေ့ချက်ချင်းကိုပဲ စာတစ်အုပ်လောက်စဖတ်သင့်တဲ့အကြောင်း ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စာဖတ်ခြင်းက သင့်ကို အသက်ပိုရှည်စေနိုင်တယ်။

စာဖတ်တဲ့လူတွေဟာ (လိင်၊ ဥစ္စာဓန၊ ပညာရေး၊ ကျန်းမာရေးနဲ့ မဆိုင်ဘဲ) စာမဖတ်တဲ့လူတွေထက် အသက်နှစ်နှစ်ခန့်ပိုရှည်ကြပါတယ်။ စာအုပ်ဖတ်လို့ အသက်ရှည်တဲ့အကျိုးဟာ သတင်းစာ၊ မဂ္ဂဇင်းတွေဖတ်တာထက် ပိုများပါတယ်။ 'စာလုံးဝမဖတ်တဲ့သူတွေနဲ့ယှဉ်ရင် စာအုပ်ဖတ်သူတွေက ၂၃ လလောက် အသက်ပိုရှည်ပါတယ်' လို့ ဒီကိစ္စနဲ့ပတ်သ်ကလို့စာတမ်းပြုစုလေ့လာနေတဲ့ စာရေးဆရာတွေက ပြောပါတယ်။ စာကို အလေးအနက်ဖတ်တာကြောင့် စာနာစိတ်နဲ့ ခံစားချက်ဆိုင်ရာအသိဉာဏ်ကို တိုးပွားစေပါတယ်။ သိမြင်ခြင်းဖြစ်စဉ်တွေက အသက်ဆက်ရှင်သန်ရေးအတွက် အခွင့်အလမ်းပိုများစေ ပါတယ်။

၂။ စာအုပ်အစစ်ဖတ်တာက ဒစ်ဂျစ်တယ်စာအုပ်ဖတ်တာထက် ပညာပိုရနိုင်ပါတယ်။

တချို့လေ့လာချက်တွေအရ ကျောင်းသားတွေဟာ ဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက်တွေနဲ့ စာဖတ်တာထက် ပုံနှိပ်စာအုပ်ဖတ်တာ ပိုပြီးသတင်းတွေရရှိကြောင်း တွေ့ရပါတယ်။ Ebook ဖတ်တာထက် တကယ့်စာအုပ်ကိုပဲ ဖတ်သင့်ပါတယ်။ ပုံနှိပ်စာတွေဖတ်တဲ့ ကျောင်းသားတွေဟာ ဒစ်ဂျစ်တယ်ဖြင့် စာဖတ်သူတွေထက် နားလည်သဘောပေါက်နိုင်စွမ်းပိုရှိကြောင်း နော်ဝေနိုင်ငံမှ လေ့လာချက် တစ်ခုက ဖော်ပြပါတယ်။ SAGE Journals မှ ပညာရေးသုတေသနပြုမှုကို သုံးသပ်မှုအရ စာဖတ်သူဟာ ဒစ်ဂျစ်တယ်နည်းဖြင့် စာဖတ်ရင်ရှုပ်ထွေးတဲ့ အကြောင်းအရာ၊ ဒါမှမဟုတ် ရှည်လျားတဲ့ အကြောင်းအရာတွေကို နားလည်သဘောပေါက်မှာ မဟုတ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

၃။ အနာဂတ်အတွက် ကျွမ်းကျင်မှုတွေ ပိုဖွံ့ဖြိုးတိုးတက်လိမ့်မယ်။

စာအုပ်ဦးစားပေးတဲ့ ပတ်ဝန်းကျင်မှာ သင်ပါဝင်နေခြင်းက ပညာရေးတိုးတက်အောင်မြင်မှုအတွက် အကျိုးရှိကြောင်း အထောက်အထားတွေ တွေ့ရပါတယ်။ စာအုပ်စင်ရှိတဲ့ အိမ်ထဲမှာကြီးပြင်းသူဟာ အရွယ်ရောက်တဲ့အခါ စာပေ၊ သင်္ချာ၊ နည်းပညာဆိုင်ရာပြဿနာဖြေရှင်းနိုင်စွမ်းတွေပိုမိုမြင့်မားပါတယ်။ လူငယ်မျိုးဆက်တွေဟာ စတုတ္ထစက်မှုတော်လှန်ရေးကို လမ်းကြောင်းရှာဖို့ ကြိုးစားရာမှာ အဲဒီလိုကျွမ်းကျင်မှုတွေက ပိုအရေးကြီးပါတယ်။ ကျွမ်းကျင်မှုတွေလိုအပ်ချက်က Softskill တွေကို တစ်ဖက်တစ်လမ်းမှ စာဖတ်ခြင်းဖြင့် မွေးမြူဖို့ပြောပြနေကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အလုပ်အကိုင်များ အနာဂတ်အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

၄။ သင့်ရဲ့ဝေါဟာရကြွယ်ဝမှုကို တိုးတက်စေတယ်။

စာဖတ်ခြင်းက သင့်ရဲ့ခံစားမှုနဲ့ သိမြင်မှုအသိဉာဏ်တိုး မြှင့်တင်ခြင်းသာမက သင့်ရဲ့ဝေါဟာရကြွယ်ဝမှုကိုလည်း ပိုမိုကျယ်ပြန့်စေပါတယ်။ ပျမ်းမျအဆင့်ကျော်တဲ့ စာဖတ်သူတွေက ပျမ်းမျစာဖတ်သူတွေထက် ဗဟုသုတကြွယ်ဝမှုအဆင့်ပိုမြင့်ကြောင်း တချို့သုတေသနတွေက ကောက်ချက်ချပါတယ်။ ဗြိတိန်နိုင်ငံမှ သိသာတဲ့ ဝေါဟာရကွာဟချက်ဟာ တချို့ကလေးတွေရဲ့ ပညာရေးတိုးတက်မှုဖြစ်စဉ်ကို နှောင့်နှေးစေကြောင်း အထောက်အထားကို အောက်ဇ်ဖို့တက္ကသိုလ်ပုံနှိပ်တိုက်က တွေ့ရှိခဲ့ပါတယ်။ 'စာကို အသံကျယ်ကျယ်ဖတ်ခြင်း၊ စာဖတ်တဲ့အကြောင်း ဆွေးနွေးခြင်းနဲ့ ကျောင်းနဲ့အိမ်မှာ လွတ်လပ်စွာစာဖတ်ခြင်း အတွေ့အကြုံတွေက ဝေါဟာရတိုးပွားမှုကို အားပေးနိုင်တယ်' လို့ အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။

၅။ ဦးနှောက်ယိုယွင်းပျက်စီးမှုကို စာဖတ်ခြင်းက တားဆီးပေးပါတယ်။

အယ်ဇိုင်းမားရောဂါအသင်းရဲ့ အဆိုအရ သင့်စိတ်ကိုလေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်စိတ်ရောဂါဖြစ်နိုင်ခြေ ကို လျော့ပေးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဦးနှောက်ကိုစိန်ခေါ်တဲ့ သင်လုပ်ချင်တဲ့ အရာတစ်ခုခုကို ရှာဖွေခြင်းနဲ့ စိန်ခေါ်မှုရှိတဲ့ စာအုပ်တွေပုံမှန်ဖတ်ခြင်းကို အဲဒီအသင်းကြီးက လှုံ့ဆော်အားပေးထားပါတယ်။

သင့်ကိုယ်သင်စိတ်ဖြင့် စိန်ခေါ်ခြင်းဟာရောဂါကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းမြှင့်တင်ပေးပုံရပါတယ်။ သင်စဉ်းစားရမှာက သုံးမလားအဆုံးခံမလားဆိုတဲ့နည်းပါပဲ။ ကမ္ဘာ့စီးပွားရေးဖိုရမ်စာအုပ်အသင်းနဲ့ အလားတူအဖွဲ့အစည်းတွေက ဖတ်သင့်တဲ့စာအုပ်စာရင်းတွေ စုစည်းပြီး ဝတ္ထုနဲ့ဝတ္ထုမဟုတ်တဲ့စာအုပ်တွေ ဆွေးနွေးဖို့ အွန်လိုင်းမှာဖော်ပြပေးထားပါတယ်။ ကမ္ဘာမှာ သင်ဘယ်နေရာရှိရှိ ဒီစာအုပ်အသင်းထဲဝင်လို့ရပါတယ်။ စာရေးဆရာတွေဟာ အသင်းဝင်တွေရဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို ဗီဒီ ယိုဖြင့် မကြာခဏတုံ့ပြန်ဖြေကြားပေးပါတယ်။

ကဲဒီတော့ သင်ဘာကိုစောင့်နေသလဲ။ စာအုပ်ကောင်းတစ်အုပ် ဒီနေ့ပဲစဖတ်လိုက်ပါ။


နိုင်သီဟ

Credit: CEO Myanmar Facebook Page


Comments


Chan Myae
Chan Myae
23 Jul 2021 06:34 AM
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again