အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့် အချက် ၁၃ ချက်

အောင်မြင်မှုအတွက် စွန့်လွှတ်ရမယ့် အချက် ၁၃ ချက်
တစ်ခါတလေ အောင်မြင်မှုရရှိဖို့နဲ့ အောင်မြင်မှုနဲ့ပိုပြီးနီးစပ်လာဖို့ ကျွန်တော်တို့ ဘာမှထပ်လောင်းမလိုအပ်ပါဘူး။ တချို့အရာတွေကို စွန့်လွှတ်လိုက်ရုံပါပဲ။
အောင်မြင်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့အားလုံးမှာ ကိုယ်စီသီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနေကြပေမယ့် ဒီအရာတွေကို စွန့်လွှတ်လိုက်ရင်တော့ အောင်မြင်မှုဆီ အရောက်လှမ်းနိုင်မှာပါ။
တစ်ပါးသူအတွက် စွန့်လွှတ်ဖို့အချိန်အတော်ကြာနိုင်ပေမယ့် ဒီအရာတွေကို ဒီနေ့ပဲနောက်လှည့် ကျောခိုင်းနိုင်ပါတယ်။

၁။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုတွေကို စွန့်လွှတ်ပါ

ကိုယ်မှာသက်ရှင်နေထိုင်နိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။

Jim Rohn
(Entrepreneur, author & motivational speaker)

ဘဝမှာ အစစအရာရာ အောင်မြင်မှုရရှိချင်ရင် အရာအားလုံးကို အခုပဲစတင်လိုက်ပါ။ ပထမဦးဆုံးလုပ်ဆောင်ရမှာကတော့ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ပါ။ အမြဲတမ်း စိတ်ထဲမှတ်သားထားရမယ့် အချက်နှစ်ချက်ရှိပါတယ်။

၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာ
၂။ ကိုယ်လက်လှုပ်ရှားမှု

အရေးမကြီးဘူးလို့ထင်ရပေမယ့် တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ကျေးဇူးတင်မိမှာပါ။

၂။ ရေတိုသဘောထားတတ်တဲ့ စိတ်ကိုစွန့်လွှတ်ပါ

တစ်ကြိမ်တစ်ခါသာ ရှင်သန်နိုင်တဲ့ဘဝမှာ မှန်ကန်တဲ့အရာကို စဉ်ဆက်မပြတ်လုပ်သွားနိုင်ဖို့ ကြိုးစားလိုစိတ်ရှိရပါမယ်။

Mae West
(Actress, singer, playwright, screenwriter & Comedian)

အောင်မြင်ကျော်ကြားတဲ့သူတွေမှာ ရေရှည်ရည်မှန်းချက်တွေရှိကြသလို သူတို့ရဲ့ရည်မှန်းချက်တွေဟာ နေ့စဉ်မပျက်လုပ်ဆောင်သွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း နားလည်ကြပါတယ်။ အခုလိုကောင်းမွန်တဲ့ အမူအကျင့်ဟာ ကိုယ့်ပင်ကိုအမူအကျင့်တစ်ခု ဖြစ်သင့်ပါတယ်။ ခဏတာအတွက် ကြိုးစားအားထုတ်မှုနဲ့ တစ်ဘဝတာအတွက် ကြိုးစားအားထုတ်မှုက ကွာခြားပါတယ်။

၃။ ရှက်ကြောက်မှုတွေကို စွန့်လွှတ်ပါ

ရှက်ကြောက်တတ်တဲ့ စိတ်တွေက လောကကြီးအတွက် အသုံးမဝင်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ကလေးတွေလိုပဲ ရှက်တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ မသိစိတ်ကလည်း တခြားသူတွေကို အလားတူဖြစ်စေဖို့ ခွင့်ပြုနေပါတယ်။ ကျွန်တော်တို့သာ စိုးရိမ်ပူပန်မှုတွေက လွတ်မြောက်မယ်ဆိုရင် ကျွန်တော်တို့ဟာ တခြားသူတွေကိုလည်း အလိုအလျောက်လွတ်မြောက်စေမှာပါ။

Marianne Williamson 
(Spiritual teacher, author and lecturer)

ကြီးမားတဲ့ အခွင့်အလမ်းတွေကိုရယူဖို့ ဘယ်တော့မှမကြိုးစားခဲ့ရင်၊ ဒါမှမဟုတ် ကိုယ့်အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာဖို့ ခွင့်မပြုခဲ့ရင် ကိုယ့်ရဲ့အခြေအနေမှန်ကို ဘယ်တော့မှ ဖော်ထုတ်နိုင်မှာမဟုတ်ပါဘူး။

လောကကြီးကလည်း ကိုယ့်ရဲ့အောင်မြင်မှု အသီးအပွင့်တွေကို ဘယ်တော့မှ ခံစားခွင့်ရရှိမှာမဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့အတွေးအမြင်တွေကို ဖော်ထုတ်ပါ။ ကျဆုံးမှာကို မကြောက်ပါနဲ့။ ဒါဟာ အောင်မြင်မှုရဲ့ လမ်းစတစ်ခုပါ။

၄။ ရှောင်လွှဲမှုကို စွန့်လွှတ်ပါ

ဖဲကစားရာမှာ ဖဲချပ်တွေက အဓိကမဟုတ်ပါဘူး။ ဖဲချပ်ကို ကိုင်ကစားတဲ့ လက်ကအဓိကပါ။

Randy Pausch
(Professor of computer science, human–computer interaction, and design, Carnegie Mellon University)

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ဘဝအတွက် သူတို့မှာ တာဝန်ရှိတယ်ဆိုတာကို နားလည်ကြပါတယ်။ အတိတ်မှာ ကျဆုံးခဲ့တာ၊ ဘယ်အခြေအနေက စတင်ခဲ့တာနဲ့ လိုအပ်ချက်တွေက အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအတွက် အဓိက ပြဿနာမဟုတ်ပါဘူး။

ထိတ်လန့်စရာဖြစ်ဖြစ်၊ စိတ်လှုပ်ရှားစရာဖြစ်ဖြစ် ကိုယ့်ရဲ့ဘဝမှာ နောင်ဖြစ်လာမယ့်အရာတွေအတွက် ကိုယ့်မှာ တာဝန်ရှိတာ အမှန်တရားပါပဲ။

ဒါကြောင့် ရှောင်လွှဲမှုဆိုတာ အကန့်အသတ်ရှိပြီး ကျွန်တော်တို့ရဲ့ အောင်မြင်တိုးတက်မှုကို ဟန့်တားနိုင်တဲ့အတွက် ရှောင်လွှဲမှုကို စွန့်ပစ်ခြင်းကသာ အောင်မြင်မှုအတွက် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်သာပိုင်ပါတယ်။ ဘယ်သူမှ မပိုင်ပါ။ (The Last Lecture စာအုပ်မှကောက်နုတ်ချက်)

၅။ ပြီးပြည့်စုံပြီဆိုတဲ့စိတ်ကို စွန့်လွှတ်ပါ

အမြဲတမ်းလေ့လာဆည်းပူးနေပြီး တီထွင်ကြံဆမှုတွေနဲ့ ပေါင်းစပ်နေတဲ့သူတွေမှာ အနာဂတ်တွေရှိတယ်။

Robert Greene
(Author)

ပြီးပြည့်စုံပြီဆိုတဲ့ စိတ်ရှိသူတွေဟာ သူတို့ရဲ့ ဉာဏ်စွမ်း ဉာဏ်စနဲ့ ပင်ကိုအရည်အသွေးကို ပုံသေလက္ခဏာရပ်တစ်ခုလို့ယူဆကြပြီး ကြိုးစားအားထုတ်မှုမရှိဘဲ အောင်မြင်နိုင်တယ်လို့ ထင်မှတ်ကြပါတယ်။ မှားပါတယ်။

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ ဒါကိုနားလည်ပြီး နေ့တိုင်းအတွေ့အကြုံသစ်၊ အရည်အချင်းသစ်တွေ တိုးပွားလာဖို့ လေ့လာဆည်းပူးကြသလို သူတို့ဘဝကို အကျိုးရှိနိုင်ဖို့အတွက် သူတို့ရဲ့အတွေးအမြင်တွေကို အမြဲပြောင်းလဲတတ်ကြပါတယ်။ မမေ့ပါနဲ့။ မနက်ဖြန်မှာ ဒီနေ့ သင်မဟုတ်တော့ပါဘူး။(Mastery စာအုပ်မှ ကောက်နုတ်ချက်)

၆။ ဖြတ်လမ်းနည်းအပေါ်ယုံကြည်မှုကို စွန့်လွှတ်ပါ

တစ်နေ့ပြီး တစ်နေ့ ကျွန်တော် ပိုပိုတိုးတက်လာတယ်။

Emile Coue
(Psychologist and pharmacist)

တစ်ညအောင်မြင်မှုဟာ ပါးစပ်ရာဇဝင်တစ်ခုပါ။

အောင်မြင်တဲ့သူတွေဟာ နေ့စဉ်ပုံမှန် ဖြည်းဖြည်းချင်းတိုးတက်အောင် ကြိုးစားအားထုတ်မှုတွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ လိုချင်တဲ့ရလဒ်ကို ရရှိနိုင်တယ်ဆိုတာ နားလည်ကြပါတယ်။

ဒါကြောင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ဒါပေမဲ့ နေ့ရက်တိုင်းကို အာရုံစူးစိုက်မှုရှိပါစေ။ တစ်နေ့ကို ၁ ရာခိုင်နှုန်းပဲ တိုးတက်လာအောင် လုပ်ကြည့်ပါ။

၇။ ဇီဇာကြောင်မှုကို စွန့်လွှတ်ပါ

မရှိသေးတာထက် ရှိနေတာက ပိုကောင်းတယ်။

Khan Academy’s Development Mantra

ကျွန်တော်တို့ဘယ်လောက်ပဲ ကြိုးစားထားသည်ဖြစ်စေ ဘယ်အရာကမှ အမြဲတမ်းမပြည့်စုံပါဘူး။

ကျဆုံးမှာကို စိုးရိမ်မှုက ကျွန်တော်တို့ရဲ့ လက်တွေ့လုပ်ဆောင်မှုနဲ့ ဆန်းသစ်တီထွင်မှုတွေကို ထုတ်ဖော်ပြသနိုင်ဖို့ အဟန့်အတားတစ်ခု ဖြစ်တတ်ပါတယ်။ အရာအားလုံး ပြည့်စုံတဲ့အရာတွေအတွက် ကျွန်တော်တို့ စောင့်နေခဲ့မယ်ဆိုရင်တော့ အခွင့်အလမ်းအတော်များများကို ဆုံးရှုံးရပါလိမ့်မယ်။ ဒါကြောင့် အရင်လုပ်ပါ။ ပြီးမှ တိုးတက်အောင်လုပ်ပါ။

၈။ ဟိုစပ်စပ် ဒီစပ်စပ်လျှောက်လုပ်တာကို စွန့်လွှတ်ပါ

ရပ်ပြီး ဟောင်နေတဲ့ ခွေးတွေကို ခဲနဲ့ထုနေရင်တော့ ဘယ် တော့မှ ရှေ့ရောက်မှာမဟုတ်ဘူး။

Winston S.Churchill 
(Former Prime Minister of United Kingdom)

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေဟာ ဒါကိုကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့် သူတို့ဟာ တစ်ခုတည်းကိုသာ ရွေးချယ်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြပါတယ်။ စီးပွားရေးအတွေးအခေါ်၊ စကားပြောဖို့၊ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ဘာပဲဖြစ်ဖြစ်ပါ။ အလိုအပ်ဆုံးအရာက အလုပ်တစ်ခုတည်းကို စွဲစွဲမြဲမြဲလုပ်ဖို့ပါ။

၉။ မလုပ်နိုင်တာတွေကို စွန့်လွှတ်ပါ

တချို့အရာတွေက ကျွန်တော်တို့အပေါ်မူတည်ပေမယ့် တချို့အရာတွေက ကျွန်တော်တို့အပေါ် မူတည်မနေပါဘူး။

Epictetus
(Stoic Philosopher)

မလုပ်နိုင်တာတွေကို ဖယ်ရှားပြီး ကိုယ်တတ်နိုင်စွမ်းတဲ့ အရာတွေကိုပဲ အာရုံစူးစိုက်ပါ။ တစ်ခါတလေမှာ ကိုယ်ရဲ့အာရုံစူးစိုက်မှုက တစ်ခုထက်မပိုနိုင်တော့ဘူးဆိုရင် တစ်စုံတစ်ခုကို အာရုံရနေပြီဆိုတာ နားလည်ပါ။ မမေ့ပါနဲ့။ စိတ်ဆိုးစရာမဟုတ်တဲ့ စကားလုံးကို ဒေါသတကြီးပြောလို့ ဘယ်သူမှစိတ်ဆိုးမှာမဟုတ်ပါဘူး။

၁၀။ ကိုယ့်ရည်မှန်းချက်အတွက် အထောက်အကူမဖြစ်တဲ့အရာတွေကို စွန့်လွှတ်ပါ

နည်းနည်းအောင်မြင်တဲ့သူက နည်းနည်းပေးဆပ်နိုင်တယ်။ များများအောင်မြင်တဲ့သူက များများပေးဆပ်နိုင်တယ်။ အကြီးအကျယ်အောင်မြင်တဲ့သူက အကြီးအကျယ်ပေးဆပ်နိုင်တယ်။

James Allen
(Broadcasters and journalists)

အောင်မြင်တဲ့ပုဂ္ဂိုလ်တွေက သူတို့ရဲ့ရည်မှန်းချက်ကို အကောင်အထည်ဖော်ရမယ့် အဆင့်ဆင့်တိုင်းကို နားလည်ကြပါတယ်။ အပေါင်းအသင်း၊ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီတောင်းဆိုမှုတွေကို တစ်ခါတလေ ငြင်းဆန်ရဖို့ ရှိပါတယ်။
ရေတိုမှာ ကိုယ့်အနေနဲ့ အနည်းအကျဉ်းသာအနစ်နာခံနိုင်သူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝလာတဲ့အချိန်မှာ အရာအားလုံးက ထိုက်တန်မှုရှိပါလိမ့်မယ်။

၁၁။ အကျိုးမရှိတဲ့သူတွေကို စွန့်လွှတ်ပါ

ကိုယ်ဟာ ကိုယ်အချိန်အများဆုံးပေးပြီး ပေါင်းသင်းတဲ့လူငါးယောက်ရဲ့ ပျမ်းမျှအဆင့်နဲ့ အတူတူပါပဲ။

Jim Rohn
(Entrepreneur, author and motivational speaker)

ကျွန်တော်တို့အချိန်ပေးပြီး ပေါင်းသင်းတဲ့သူတွေဟာ ကျွန်တော်တို့ဘာဖြစ်လာသလဲဆိုတာကို ပြသနိုင်ပါတယ်။ ဘဝမှာ ရည်မှန်းချက်တွေကို အပြည့်အဝပုံဖော်နိုင်တဲ့သူတွေရှိသလို ပုံမဖော်နိုင်တဲ့သူတွေလည်း ရှိကြပါတယ်။

ကိုယ့်ထက်နောက်ရောက်နေတဲ့သူတွေအတွက် အချိန်အများကြီးပေးခဲ့ရင် ကိုယ့်ရဲ့အဆင့်ဟာ အောင်မြင်မှုနဲ့အတူ ကျဆင်းသွားပါလိမ့်မယ်။

ဒါပေမဲ့ ဘဝရဲ့ရည်မှန်းချက်တွေကို အပြည့်အ၀ ပုံဖော်နိုင်တဲ့သူတွေနဲ့ ကိုယ့််ရဲ့အချိန်ကို ကုန်လွန်စေခဲ့ရင်တော့ ဘယ်လိုစိန်ခေါ်မှုတွေပဲရှိရှိ အောင်မြင်လာပါလိမ့်မယ်။

အပြောင်းအလဲတစ်ခုလုပ်ဖို့ လိုနေပြီလားဆိုတာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြန်ပြီးလေ့လာဆန်းစစ်ပါ။

၁၂။ လူမုန်းခံရမယ့် ကိစ္စတွေကို စွန့်လွှတ်ပါ

ကိုယ့်အနားကလူတွေ စိတ်ဆိုးဒေါသထွက်ပြီး ထွက်မသွားဖို့ တစ်ခုတည်းသောနည်းလမ်းက ဘယ်အရာမှအရေး မကြီးသလိုနေဖို့ပါ။

Oliver Emberton
(Founder of Silktide, writer, pianist, programmer, artist)

ကိုယ့်ကိုယ်ကိုယ် ဈေးကွက်တစ်ခုလိုသဘောထားပါ။

ဒီဈေးကွက်ကို ကြိုက်တဲ့လူအများကြီးရှိနိုင်သလို မကြိုက်တဲ့လူတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်ဘာပဲလုပ်လုပ် ဈေးကွက်တစ်ခုလုံးက ကြိုက်အောင်တော့မလုပ်နိုင်ပါဘူး။

ဒါဟာ သဘာဝတရားပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မေးခွန်းထုတ်နေစရာမလိုပါဘူး။

တစ်ခုတည်းသော ကိုယ်လုပ်နိုင်တဲ့အရာက အကောင်းဆုံးဖြစ်နေဖို့၊ တိုးတက်မှုရှိဖို့နဲ့ နေ့စဉ်အကောင်းဆုံး ပံ့ပိုးမှုရှိနေဖို့ပါပဲ။ ကိုယ့်ကို မုန်းတီးသူတွေများပြားလာပြီဆိုရင်တော့ ကိုယ်ဟာ အရေးကြီးတာတွေလုပ်နေပြီဆိုတာ နားလည်ပါ။

၁၃။ ဆိုရှယ်မီဒီယာ၊ ရုပ်သံအစီအစဉ်တွေနဲ့ အချိန်ဖြုန်းတာကို စွန့်လွှတ်ပါ

အချိန်ရှိသေးတယ်လို့ ထင်နေတာက ပြဿနာပဲ။

Jack Kornfield
(Author, Buddhist Practitioner)

ဝက်ဘ်ဆိုဒ်တွေ မွှေနှောက်တာနဲ့ ရုပ်သံအစီအစဉ်ကြည့်တာတွေက ဒီနေ့ခေတ် လူမှုအဖွဲ့အစည်းရဲ့ ရောဂါတွေပါ။ ဒီအချက်နှစ်ချက်ဟာ ကိုယ့်ဘဝနဲ့ ရည်မှန်းချက်တွေထဲမှာ လုံးဝလွတ်မြောက်နေခွင့် မရှိသင့်ပါဘူး။

ကိုယ့်ရဲ့ရည်မှန်းချက်ဟာ ဒီအချက်နှစ်ချက်အပေါ်မှာ မူတည်မနေဘူးဆိုရင် ဝက်ဆိုဒ်တွေ မွှေနှောက်တာနဲ့ ရုပ်သံလိုင်းအလွန်အကျွံ ကြည့်တာတွေကို လျှော့ချသင့်ပါတယ်။ ဒါမှမဟုတ် စွန့်လွတ်သင့်ပါတယ်။ အဲဒီအတွက် အချိန်တွေကို ကိုယ့်ဘဝအတွက် အကျိုးရှိစေမယ့်အရာတွေအတွက် အသုံးချလိုက်ပါ။

ကိုဇေ (ရေဦး)
Credit: CEO Myanmar

Add New Comment

 Your Comment has been sent successfully. Thank you!   Refresh
Error: Please try again