အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်း ၁၅ ခု

အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချနိုင်မယ့် နည်းလမ်း ၁၅ ခု
အလုပ်ချိန်ပြီးတဲ့ အားလပ်ချိန်တွေမှာ တီဗီကြည့်ကြတာ၊ ကွန်ပျူတာဂိမ်းကစားကြတာနဲ့ Social Media တွေပေါ်မှာ အချိန်ကုန်ဆုံးကြတာက ယနေ့ခေတ်မှာ မဆန်းကြတော့ပါဘူး။ ဒါပေမဲ့ အဲဒီလို Screen တွေကြည့်တဲ့အချိန်တွေ ကြာလာတဲ့အခါမှာ အိပ်ရေးပျက်တာ၊ ခေါင်းကိုက်တာတွေဖြစ်လာနိုင်ပြီး ကျန်းမာရေးထိခိုက်စေတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အားလပ်ချိန်လေးကို ကိုယ့်ကျန်းမာရေးအတွက်၊ ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းအတွက် အထောက်အပံ့ဖြစ်စေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ စာဖတ်ပါ။
နာမည်ကြီးစာရေးဆရာတွေရဲ့ စာအုပ်ကောင်းတွေ၊ ဘဝတိုးတက်ရေးဒဿနတွေနဲ့ ကိုယ့်အလုပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်၊ မှတ်၊ လေ့လာပါ။

၂။ ဗဟုသုတရစေတဲ့ Podcast တွေနားထောင်ပါ။
ကိုယ့်အတွက် အကျိုးဖြစ်ထွန်းစေတဲ့၊ ဗဟုသုတရစေတဲ့ ရေဒီယိုအစီအစဉ်တွေ၊ Podcast တွေကို အပြည့်အ၀ အနားယူ၊ မျက်လုံးလေးမှိတ်ပြီး နားထောင်ပါ။

၃။ သူငယ်ချင်းတွေနဲ့ ဖုန်းပြောပါ။
ကိုယ့်အလုပ်နဲ့ကိုယ်ကြောင့် မဆက်သွယ်ဖြစ်၊ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ဖုန်းပြောပါ။

၄။ သူငယ်ချင်းမိတ်ဆွေနဲ့ အပြင်မှာ လူချင်းတွေ့ဆုံစကားပြောပါ။
အလုပ်ပြန်တဲ့အချိန်၊ ဒါမှမဟုတ် အလုပ်နားချိန်တွေမှာ မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့ဆုံပြီး ညစာစားတာ၊ စကားပြောတာတွေလုပ်ပါ။ အဲဒီအချိန်မှာလည်း တွေ့ဆုံတဲ့အပေါ်မှာ အပြည့်အဝအာရုံစိုက်နိုင်ဖို့အတွက် ဖုန်းကိုမဖွင့်ပါနဲ့။

၅။ စာရေးပါ။
ဆောင်းပါး၊ စာမူတိုလေးတွေရေးပြီး LinkedIn နဲ့ ဘလော့ခ် တွေမှာတင်ပါ။ အဓိကက ကိုယ့်ရဲ့အတွေးတွေကို စာနဲ့ရေးကြည့်ဖို့ပါ။ အဲဒီလိုရေးလိုက်ရင် စိတ်တွေပေါ့ပါးသွားတာ ကို ခံစားမိပါလိမ့်မယ်။

၆။ ချက်ပြုတ်ပါ။
ကိုယ်မချက်ဖူးသေးတဲ့ အစားအစာတွေ စမ်းချက်ကြည့်ပါ။ ကိုယ့်ရဲ့လက်ရာတွေ အလုပ်ကိုယူလာမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေကလည်း ကိုယ့်ကိုသဘောကျလာပါလိမ့်မယ်။

၇။ တရားထိုင်ပါ။
ကိုယ့်ရဲ့စိတ်ကို ကြည်လင်လန်းဆန်းစေဖို့ ဆယ်မိနစ်ကနေ မိနစ်သုံးဆယ်လောက်အချိန်ပေးပြီး အိပ်ရာမဝင်ခင်မှာ တရားထိုင်ပါ။

၈။ အိမ်သန့်ရှင်းရေးလုပ်ပါ။
သန့်ရှင်းရေးလုပ်တာ၊ အဝတ်လျော်မီးပူတိုက်တာ စတဲ့ အိမ်အလုပ်တွေကို စုပုံမထားဘဲနဲ့ နေ့စဉ်လုပ်ဆောင်သွားပါ။ ဒါမှ ရုံးပိတ်ရက်မှာ လွတ်လွတ်လပ်လပ်အနားယူနိုင် မှာဖြစ်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ။
Gym သွားပြီး လေ့ကျင့်ခန်းလုပ်ပါ၊ ယောဂကျင့်ပါ၊ ဒါမှ မဟုတ် အိမ်မှာပဲကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

၁၀။ လမ်းလျောက်ထွက်ပါ။
ကိုယ်က အားကစားမလုပ်ချင်တဲ့သူဆိုရင် ရာသီဥတုသာယာတဲ့အချိန်မှာ သီချင်းအေးအေးလေးနားထောင်ပြီး သူငယ်ချင်းနဲ့လမ်းလျောက်ထွက်ပါ။

၁၁။ ကိုယ်ဝါသနာပါရာတစ်ခုခုကို စတင်လေ့လာပါ။
ဥပမာ- ပန်းချီဆွဲသင်တာ၊ သိုးမွေးထိုးတာ၊ ဘာသာစကား သင်တန်းတက်တာ၊ လေ့လာတာမျိုးတွေ လုပ်ဆောင်ပါ။

၁၂။ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားပါ။
အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေရှိတယ်ဆိုရင် သူတို့နဲ့ဆော့ကစားပါ။

၁၃။ ကိုယ့်ကိုယ်ကိုယ် လှပဖို့အတွက်အချိန်ပေးပါ။
Spa သွားပါ။ အလုပ်ကြိုးစားထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေချာလေးဂရုစိုက်ပြီး အနားယူပါ။

၁၄။ ပဟေဠိကစားနည်းလေးတွေကို ကစားပါ။
ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပြီး ခက်ခဲတဲ့ပဟေဠိတွေ ဖြေရှင်းကြည့်ပါ။ သူငယ်ချင်းတွေနဲ့ ယှဉ်ပြိုင်ကစားပါ။

၁၅။ စာရင်းပြုစုပါ။
တစ်ပတ်စာဝယ်ရမယ့် ဈေးဝယ်စာရင်း၊ ကိုယ်အလုပ်လုပ်ချင်တဲ့ ကုမ္ပဏီစာရင်း၊ တစ်နှစ်တာအတွင်း ကိုယ်လုပ်ဆောင်ချင်တဲ့အရာတွေကို ချရေးထားပါ။ ဒါတွေက ကိုယ့်ကိုယ်စိတ်အားတက်ကြွအောင် လုပ်ပေးမယ့်အရာတွေ ဖြစ်ပါတယ်။

Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ