Dark Web စတင်ရာ သမိုင်းကြောင်း နှင့် သွေးစွန်းနေသော နည်းပညာအမှောင်လောက
“Google မှာ ကိုယ်သိချင်တာ လိုချင်တာမှန်သမျှ မွှေနှောက်ရှာဖွေလို့ ရတယ်။ Public Search Engine ပေါ်မှာ ဘာမဆို ရနိုင်တယ်” လို့ လူအများစုက ထင်ကောင်းထင်ထားကြပါလိမ့်မယ်။ ဒါပေမယ့် Dark Web မှာလိုတော့ အစုံအလင် ရနိုင်မယ် ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်မကျေနပ်တဲ့ လူတစ်ယောက်ကို သတ်ဖို့ ကြေးစားလူသတ်သမား ငှါးချင်လား၊ ဘိန်းဖြူနဲ့ ဆေးခြောက်တွေ ဖြန့်ချင်လား ဝယ်ချင်လား၊ ဒါမှမဟုတ် လက်နက် မှောင်ခိုလုပ်ချင်လား၊ အကြမ်းဖက်သမားတွေနဲ့ ဆက်သွယ်ချင်လား။
Dark Web ပေါ်မှာ တရားမဝင် ကလေးမုဒိမ်းလို Porn Video ကစပြီး လက်ပစ်ဗုံးတစ်လုံး ဘယ်လိုလုပ်ရသလဲအဆုံး အကုန်ရှိတယ်။ ပြောကြတာကတော့ ဒီအမှောင်လောကအတွင်းမှာ နျူကလီးယားထုတ်ဖော်ပုံ စာရွက်စာတမ်းတွေ၊ လူသိမခံနိုင်တဲ့ စမ်းသပ်ချက်တွေကအစ ရှိနေနိုင်ပါတယ်တဲ့။ ဒါကြောင့် ပုံမှန် Google လို search engine ဟာ တရားဝင် ကိစ္စတွေ အတွက် ရှာဖွေဖို့ အတွက် ရှိနေခဲ့တာ ဖြစ်တယ်ဆိုရင် တရားမဝင်တဲ့ ကိစ္စအားလုံး Dark Web မှာ ရှာဖွေလို့ ရနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့တွေ ဘာကြောင့် ဒီလို ဥပဒေမရှိ လွတ်လပ်လှတဲ့ Dark Web နဲ့ လွယ်လွယ်ကူကူ ချိတ်ဆက်လို့ မရနိုင်တာလဲ။ Dark Web ဟာ World Wide Web တစ်ခုဖြစ်တာကြောင့် ကမ္ဘာအနှံ့က ကြိုက်ရာနေရာ၊ ကြိုက်ရာအချိန်မှာ သုံးလို့ရတယ်ဆိုပေမယ့် သူ့ကို သုံးဖို့ဆိုရင် သတ်မှတ်ထားတဲ့ Software၊ သိကျွမ်းထားရမယ့် အသုံးပြုပုံတွေအပြင် အသုံးပြုခွင့်ရရှိထားဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
ဆိုလိုတာက Dark Web ဟာ Network အလွှာပေါင်းများစွာနဲ့ တည်ဆောက်ထားတာကြောင့် ဥပဒေ မထိုးဖောက်နိုင်လောက်အောင် လုံခြုံလွန်းတဲ့ ဒုစရိုက်နယ်မြေဖြစ်တယ်။ ဒါကြောင့် ဒီအသိုင်းအဝိုင်းထဲ ဝင်ချင်ရင် အနည်းဆုံး သက်ဆိုင်သူတွေအချင်းချင်းသာ သိရှိနိုင်တဲ့ password, access granted ဆိုတာမျိုးတွေ လိုအပ်ပါတယ်။
Surface Web, Deep Web, Dark Web ကွာခြားပုံ
Dark Web အကြောင်းစမပြောခင် ပထမဆုံး Surface Web နဲ့ Deep Web အကြောင်း အရင်ပြောမှ ရပါလိမ့်မယ်။ Google, Yahoo, Bing တို့လို Search Engines တွေမှာ အကြောင်းအရာတစ်ခုကို ရှာကြည့်တယ် ဆိုပါစို့။ အဲဒီ Search Engines တွေက ပြပေးသမျှ အချက်အလက်အားလုံးဟာ သာမန် အသုံးပြုသူအတွက် ပြည့်စုံ လုံလောက်တယ် ထင်ရပေမယ့် တကယ်တော့ အဲဒီအချက်အလက်တွေဟာ အပေါ်ယံ အလွှာတစ်ခုစာလောက်ပဲ ရှိပါသေးတယ်။
ဥပမာ - ရန်ကုန်မြို့ရဲ့ တည်းခိုခန်းတွေကို Google မှာ ရှာမယ်ဆိုရင် တရားဝင်ဖြစ်တဲ့ တည်ခိုးခန်းတွေလောက်သာ တွေ့ရမှာဖြစ်ပေမယ့် တရားမဝင် ဘိန်းခန်း၊ ပြည့်တန်ဆာခန်းတွေကိုတော့ သိနိုင်မှာ မဟုတ်ပါဘူး။
ဒါတွေကို သိဖို့ အကြောင်းသိ၊ အတွင်းသိ ကြားခံတွေ၊ အဆက်အသွယ်တွေ လိုဦးမှာပါ။ ဒီဖြစ်စဉ်ကို လေ့လာကြည့်မယ်ဆိုရင် တရားဝင် တည်းခိုခန်းတွေကို အပေါ်ယံအလွှာလို့ သတ်မှတ်နိုင်ပြီး သာမန်လူ မမြင်နိုင်တဲ့ ဘိန်းခန်းတွေကိုတော့ Deep Web (ပိုမိုနက်ရှိုင်းတဲ့ တရားမဝင်နယ်မြေ) လို့ အလွယ်မှတ်နိုင်ပါတယ်။
ဒါဆိုရင် Deep Web နဲ့ Dark Web ကြားမှာရော ဘယ်လိုကွာခြားနေသလဲ
တကယ်တော့ Dark Web ဆိုတာ အပြောကျယ်လှတဲ့ Deep Web ထဲက အစိတ်အပိုင်းတစ်ခုပါပဲ။ နှစ်ခုစလုံးဟာ ရာဇဝတ်မှုနယ်မြေတွေပဲဖြစ်လို့ အသွင်တူပေမယ့် Dark Web ထဲမှာ ပိုမိုရှုပ်ထွေးတဲ့ အဖွဲ့အစည်းတွေ၊ အသိုင်းအဝိုင်းတွေ ပါဝင်နေတယ်။
ဥပမာ - အယ်ကိုင်ဒါ ခေါင်းဆောင်ပိုင်းတွေ ကိုယ်တိုင်ကြီးကြပ်နေတဲ့ ဆိုဒ်တွေ၊ လက်နက် မှောင်ခို အကြောင်းအရာတွေကို Dark Web ကနေ တစ်ဆင့် လွတ်လပ် လွယ်ကူစွာ ဝင်ကြည့်နိုင်ပါတယ်။ Dark Web နဲ့ တရားဥပဒေ ဆိုတာ မအပ်စပ်တဲ့ နေရာတစ်ခုလို့လည်း မှတ်ယူလို့ရပါတယ်။
Dark Web စတင်ရာ သမိုင်းကြောင်း
အင်တာနက်ပေါ်မှာ ကိုယ်ဘာတွေလုပ်နေကြောင်း ခြေရာကောက်ဖို့ မဖြစ်နိုင်တာကြောင့် ဥပေဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေအားလုံး Dark Web ပေါ်မှာ စုပြုံနေကြတယ်။ ဒီလို လုပ်ချင်ရာလုပ်လို့ရနေတဲ့ Dark Web တွေ ဘယ်အချိန်ကတည်းက ရှိနေခဲ့တာလဲ။ သူတို့ရဲ့ သမိုင်းကြောင်းက ဘယ်လိုများ ဖြစ်နေမလဲ။
တကယ်တော့ Dark Web တွေဟာ အင်တာနက် စတင် ပေါ်ပေါက်ခဲ့စဥ် အချိန်ကတည်းက ပေါက်ဖွားခဲ့တယ်လို့ ပြောနိုင်တယ်။ ပုံမှန်အတိုင်း လူပေါင်းစုံ အသုံးပြုနိုင်တဲ့ ကွန်ရက် နဲ့ Dark Web ကွန်ရက်ဟာ အမွှာတွေအဖြစ် မွေးဖွားလာခဲ့ကြတယ်လို့ သတ်မှတ်ရမှာပါ။
(၁၉၆၉) ခုနှစ် အောက်တိုဘာ (၂၉) ရက်နေ့၊ အမေရိကန် လော့စ်အိန်ဂျလိစ်မြို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က နည်းပညာကျောင်းသား ချာလီကလိုင်း ဆိုသူက ကွန်ပျူတာ တစ်လုံးကနေ နောက်တစ်လုံးဆီ စာပို့နိုင်မယ့် ပထမဆုံး စနစ်ကို ဖန်တီးနိုင်ခဲ့တယ်။ ဒီစနစ်ဟာ ARPANET ကို အခြေခံထားတာပါ။
ARPANET (Advanced Research Projects Agency Network) ဆိုတာ ပင်တဂွန်ရဲ့ Defense Advanced Research Projects Agency အတွက် ရည်ရွယ်ဖန်တီးခဲ့တဲ့ ပရောဂျက်တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပရောဂျက်ကို အမေရိကန် တက္ကသိုလ် လေးခု နဲ့ ပင်တဂွန်တို့ ပူးပေါင်းဖန်တီးခဲ့တယ်လို့လည်း သိရတယ်။ ပရောဂျက်အောင်မြင်ပြီးနောက် ARPANET ဟာ ကမ္ဘာ့ပထမဆုံး Packet Switching Network ဖြစ်လာခဲ့ပြီး ယနေ့အင်တာနက် ဆိုတာရဲ့ နိဒါန်းအဖွင့်လည်း ဖြစ်လာခဲ့ပါတယ်။
နှစ်အနည်းငယ်အကြာမှာပဲ ARPANET ကိုအသုံးပြုထားတဲ့ ကွန်ရက်ပေါင်းများစွာ ပေါ်ထွက်လာတယ်။ ဒီထဲကမှ တစ်ချို့ လူသိမခံချင်တဲ့ကိစ္စတွေ၊ လူသိခံလို့ မဖြစ်တဲ့ ပရောဂျက်တွေဟာ တစ်ဖြည်းဖြည်းနဲ့ Dark Nets တွေအဖြစ် အသွင်ကူးပြောင်းလာပါတော့တယ်။ ဒီကနေပဲ Dark Web ဆိုတာ စတင် ဖြစ်ပေါ်လာခဲ့တယ်။
Dark Web နှင့် အွန်လိုင်းစီးပွားရေး
လက်ရှိ လုပ်ကိုင်နေကြတဲ့ အင်တာနက်ပေါ်ကတစ်ဆင့် ရောင်းဝယ်ဖောက်ကားခြင်း ကိစ္စတွေဟာ တကယ်တော့ Dark Web ကနေ သန္ဓေတည် စတင်လာခဲ့တာပါ။ ကမ္ဘာ့ပထမဆုံး Online Shopping ဟာ အများထင်ထားသလို စာအုပ်အရောင်းအဝယ်၊ အသုံးအဆောင်အရောင်းအဝယ်တွေ မဟုတ်ခဲ့ဘဲ ဆေးခြောက်နဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ဖြစ်ခဲ့တယ် ဆိုတာကိုတော့ သိထားရပါမယ်။
၁၉၇၀ ခုနှစ်တွေတုန်းက စတန်းဖို့ဒ် တက္ကသိုလ်က ကျောင်းသားတွေစုပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားလို့ရမယ့် ARPANET အသုံးပြု လျှို့ဝှက်ကွန်ရက် တစ်ခု တည်ဆောက်ခဲ့တယ်။ ဒီလုပ်ငန်းလေးဟာ အသေးစား၊ အပျော်တမ်းသာသာ ဆိုပေမယ့် သူတို့ရဲ့ ဆေးဝါး အလွှဲအပြောင်း ကိစ္စတွေ အားလုံးကို အင်တာနက်ကွန်ရက်ပေါ်ကနေ လျှို့ဝှက်စွာ ဆောင်ရွက်ခဲ့ကြတာကြောင့် အာဏာပိုင်တွေအနေနဲ့ ခြေရာခံလို့ မရခဲ့ဘူး။ ဒါကို အွန်လိုင်းစီးပွားရေးရဲ့ စွန့်ဦးတီထွင်မှု တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။
အချက်အလက်များ သိုလှောင်သိမ်းဆည်းခြင်း
(၁၉၈၀) အရောက်မှာတော့ Dark Web အသုံးပြုသူတွေ များပြားလာပြီး သူတို့ရဲ့ ဒေတာ အချက်အလက်တွေကို သိုမှီးဖို့ ခက်ခဲလာတယ်။ ကန့်သတ်ထားတဲ့ လျှို့ဝှက်အချက်အလက်တွေ၊ အဆက်အသွယ်တွေအားလုံးကို Web ပေါ်မှာ Digital နည်းပညာနဲ့ သိုသိုသိပ်သိပ် သိမ်းဆည်း ထားကြတယ် ဆိုပေမယ့် များပြားလွန်းလာတဲ့ အခါ ပင်မ ဆာဗာ (အထိုင် ဆာဗာ) တွေထဲ လွှဲပြောင်း သိမ်းဆည်းဖို့ အကြောင်းဖန်လာခဲ့တယ်။
ဒေတာတွေဟာ တရားဥပဒေနဲ့ လွတ်ကင်းတာမျိုး တစ်ခုမှ မပါတာကြောင့် စိတ်ချလက်ချ သိမ်းလို့ရမယ့် နေရာအတွက် ရှာဖွေကြရာမှာ ကာရေဘီယန် ဒေသက ကျွန်းစုဒေသတွေကို သွားတွေ့တယ်။ ဒီဒေသတွေရဲ့ ဥပဒေစိုးမိုးမှုဟာ ပြင်ပ ကမ္ဘာထက်စာရင် အတော်လေး လျော့ရဲပြီး သူ့ဒေသ သူ့အာဏာသာ ဖြစ်တာကြောင့် Dark Web အသိုင်းအဝိုင်းအတွက် မျက်စိကျစရာ ဖြစ်ခဲ့တယ်။ နောက်ပြီး အခွန်ကောက်ခံမှုနှုန်းထားဟာ သုညသာသာ ရှိတာကြောင့်လည်း ဆာဗာတွေ ထားရှိဖို့ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာခဲ့တယ်။
ဒါကြောင့် ပြင်ပကမ္ဘာ အာဏာပိုင်တွေ လက်လှမ်းမမီရာ ကာရေဘီယန်ဒေသ ကျွန်းစုတွေဆီ တရားမဝင် အချက်အလက် အားလုံးနီးပါး စီးဆင်းလာခဲ့တယ်။ အသုံးပြုသူတွေဟာ ဒီကျွန်းစုတွေပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် ဆာဗာတွေ လာထားကြတယ်။ အထူးသဖြင့် အန်ဂွယ်လာ (Anguilla) ဒေသတစ်ဝိုက်မှာပေါ့။ ဒီလိုနည်းနဲ့ ဥပေဒ စိုးမိုးမှုကို ရှောင်လွှဲခဲ့ကြပါတယ်။
Dark Web နှင့် မူပိုင်ခွင့် ချိုးဖောက်မှုများ
(၁၉၉၀) ခုနှစ်ကျော်လာတော့ အင်တာနက်အသုံးပြုမှု တစ်ဟုန်ထိုး မြင့်တက်လာခဲ့တယ်။ ဖိုင်တွေကို Compressed လုပ်ပြီး သိမ်းဆည်းလို့ရလာတယ်။ လွှဲပြောင်းလို့ ရလာကြတယ်။ ဒါကြောင့် ဖိုင်လွှဲပြောင်းခြင်း ကိစ္စတွေဟာ Dark Web အသုံးပြုသူတွေအကြား အုန်းအုန်းကျက်ကျက်နဲ့ ပေါက်ကွဲမှုတစ်ရပ် ဖြစ်လာခဲ့တယ်။
ဥပမာ - မူပိုင်ခွင့်တင်ထားတဲ့ သီချင်းခွေ တော်တော်များများကို တစ်ဆင့် ပြန်လည် လွှဲပြောင်းဖို့ ကန့်သတ်ထားပေမယ့် Dark Web အသုံးပြုသူတွေအကြား အလကားနီးပါး ဖြန့်ဝေခဲ့တယ်။ Mp3 format လို ဖိုင်တွေကို တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ပေးပို့ကြတယ်။
(ဆိုလိုတာက သီချင်းခွေကို ရန်ကုန်မှာ ရောင်းတုန်းပဲ ရှိသေးတယ်။ တစ်နိုင်ငံလုံး ကော်ပီတွေ ပြန့်ပြီးသား ဖြစ်သွားတဲ့ အဖြစ်မျိုးပေါ့)။ သီချင်းအပြင် တစ်ခြားမူပိုင်ခွင့် ချိုးဖောက်တဲ့ ကိစ္စတွေဟာလည်း ဒုနဲ့ဒေးပါ။
ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံးကြား ဖိုင်ဖြန့်ဝေတဲ့ခေတ်ထပြီး သိပ်မကြာခင်မှာပဲ တစ်နေရာတည်းမှာ အားလုံးစုပြီး ရယူနိုင်မယ့် Data Hubs တွေ ပေါ်ပေါက်လာတယ်။ တရားမဝင်တဲ့ သီချင်းတွေ၊ ကန့်သတ်ထားတဲ့ ရုပ်ရှင်တွေ အားလုံးနီးပါးရဲ့ မူလ ပင်မ ဌာနေကြီးတွေအဖြစ် အသွင် ပြောင်းလာကြတယ်။
ဒါပေမယ့် ဒီလိုဆိုဒ်မျိုးထဲ ဝင်ကြည့်ချင်တယ်၊ ဝင်နားထောင်ချင်တယ်ဆိုရင်တော့ ဒီအသိုင်းအဝိုင်းနဲ့ ရင်းနှီးဖို့လိုသလို အချင်းချင်းသာသိနိုင်တဲ့ password လည်း ရှိဖို့ လိုပါတယ်။ Napster လို ဆိုဒ်မှာဆိုရင် တစ်နေ့တာအတွင်း ဖိုင်အကူးအပြောင်း သန်းနဲ့ချီ လုပ်ဆောင်နေတယ်လို့ သိရတယ်။
အခကြေးငွေယူပြီး မဖြန့်ချီရသေးခင်မှာပဲ သီချင်းအသစ်တစ်ပုဒ် အွန်လိုင်းပေါ် ရောက်သွားပြီ ဆိုပါစို့။ ဒီသီချင်းဟာ ဈေးကွက်ထဲ မရောက်သေးခင်မှာပဲ လူသန်းပေါင်းများစွာဆီ ရောက်နှင့်နေနိုင်တယ် မဟုတ်လား။
ဒါကြောင့် Dark Web ဟာ အချောင်စီးပွားရေးသမားတွေနဲ့ ကွန်ပျူတာ ဟက်ကာတွေ ခြေချင်းလိမ် ပျော်စံရာ နေရာတစ်ခု ဖြစ်လာတယ်။ နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်မှန်သမျှကို hacking လုပ်ဖို့ ဦးတည်လာကြပြီး ရလာတဲ့ အချက်အလက်တွေကို Dark Web မှာ ပြန်လည်ရောင်းချဖို့ ကြိုးစားလာကြတယ်။
ပြောင်းလဲလာသော နည်းပညာများ
(၂၀၀၀) ခုနှစ်အရောက်မှာတော့ Software Developer အီရန် ကလာ့ ဟာ Dark Web ရဲ့ အနက်ရှိုင်းဆုံး Network တွေအထိ လွယ်လွယ်ကူကူ ရောက်ရှိနိုင်မယ့် Software တစ်မျိုး ဖန်တီးနိုင်ခဲ့တယ်။ လူတိုင်းနီးပါး အသုံးပြုနိုင်သလို အသုံးပြုသူဟာ ဘယ်သူဘယ်ဝါမှန်း၊ ဘယ်ကနေသုံးနေမှန်း ခြေရာကောက်လို့ မရနိုင်တဲ့ စနစ်လည်း ပါဝင်တာကြောင့် သူတီထွင်ခဲ့တဲ့ Freenet ဟာ အတော်လေး သတင်းကြီးခဲ့တယ်။
ကလာ့ရဲ့ အဆိုအရ “Freenet ဟာ ပြီးပြည့်စုံတဲ့ ဥပဒေမဲ့ မင်းမဲ့နေရာတစ်ခု (Near-Perfect Anarchy) ဖြစ်တယ်။ ဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ မူပိုင်ခွင့်၊ အချက်အလက် ဒေတာတွေ ထပ်ဆင့် ပြန့်ပွားခြင်း မရှိအောင် ကြိုးစားနေမှုဟာ အောင်မြင်နိုင်စရာအကြောင်း မရှိပါဘူး” တဲ့။
Dark Web ဟာ စီးပွားရေးသမားတွေ၊ အကြမ်းဖက်သမားတွေ၊ တရားမဝင် နည်းလမ်းနဲ့ ငွေရှာချင်တဲ့ ကွန်ပျူတာသမားတွေ အတွက် ပင်မ ဈေးကွက်ကြီး တစ်ခု ဖြစ်လာတယ်။ ဆိုက်ဘာချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ လစ်ဘရယ်ဝါဒီသမား ရိုင်ယန်လက်ကေး နဲ့ ရှောင်ဟတ်စ်တင်း ဆိုသူ ကွန်ပျူတာသမား နှစ်ယောက်ဟာ သူတို့ရရှိထားတဲ့ လျှို့ဝှက်ချက်တွေကို သိမ်းဆည်းဖို့ ဒုတိယကမ္ဘာစစ် လက်ကျန် ဗြိတိသျှပိုင် ကျွန်းစုဒေသ တစ်ခုမှာ နည်းပညာမြင့် Nitrogen-Encased ဆာဗာတွေ တည်ဆောက်ပြီး အချက်အလက်တွေ ပြန်လည် ရောင်းချဖို့အတွက် HavenCo လို့ အမည်ရတဲ့ ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လုပ်ငန်းစတင်ပြီး သိပ်မကြာခင်မှာပဲ HavenCo ရရှိနေတဲ့ ငွေကြေးမှာ သွေးစွန်းမှုတွေ ပါဝင်လာခဲ့တာကြောင့် ၂၀၀၂ ခုနှစ်လောက်မှာ လက်ကေး နဲ့ ဟတ်စ်တင်းတို့ နှစ်ယောက်ဟာလည်း ကိုယ်လွတ်ရုန်းပြေးရသည်အထိ ဖြစ်ခဲ့တယ်။