ထိပ်သီးလုပ်ငန်းရှင်ကြီးတွေရဲ့ လူအများရှေ့စကားပြောဆိုနည်း ၅ မျိုး

ထိပ်သီးလုပ်ငန်းရှင်ကြီးတွေရဲ့ လူအများရှေ့စကားပြောဆိုနည်း ၅ မျိုး

ထိပ်သီးလုပ်ငန်းရှင်ကြီးတွေရဲ့ လူအများရှေ့စကားပြောဆိုနည်း ၅ မျိုး


စွန့်ဦးတီထွင်သူတစ်ယောက်အနေနဲ့ ပရိသတ်အလယ်မှာ အကြောင်းအရာတစ်ခုကို ပြောဆိုတင်ဆက်ချိန်မှာ ပိုင်ပိုင်နိုင်နိုင်ပြောဆိုနိုင်ဖို့ လိုပါတယ်။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ကိုယ့်လုပ်ငန်းထဲမှာ ရင်းနှီးမြှုပ်နှံချင်လာအောင် ပြောဆိုစည်းရုံးတတ်ရမယ်။ ကိုယ့်ရဲ့ဖောက်သည်တွေနဲ့ ပြောဆိုဆက်ဆံတတ်ရမယ်။
ကြီးပွားတိုးတက်အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေဟာ လူအများနဲ့ စကားပြောဆိုဆက်ဆံရာမှာ ကျွမ်းကျင်လိမ္မာပါးနပ်မှု ရှိကြပါတယ်။ လုပ်ငန်းရှင်ကြီးတွေ ကျင့်သုံးလေ့ရှိတဲ့ စကားပြောဆိုမှု နည်းနာတွေကတော့ . . .

၁။ ကိုယ်တတ်ကျွမ်းတဲ့ အကြောင်းအရာကိုပြောပါ
အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာ Dale Carnegie (၁၈၈၈-၁၉၅၅) ရဲ့ “How to Win Friends and Influence People” စာအုပ်မှာကိုယ်တကယ်သိတဲ့၊ နားလည်တတ်ကျွမ်းတဲ့ အကြောင်းအရာကိုပဲ ပြောဆိုဖို့ အကြံပေးထားပါတယ်။ ကိုယ်တကယ်နားလည်ထားတဲ့ အကြောင်းအရာကို ပြောနေတာဖြစ်တဲ့အတွက် အမှားအယွင်းပါမှာလည်းစိုးရိမ်စရာမလိုဘဲ ယုံကြည်မှုရှိရှိပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

၂။ ဖြည်းဖြည်းမှန်မှန် ပြောဆိုပါ
TED စကားဝိုင်းတွေမှာ လူကြည့်အများဆုံးဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရနေတဲ့ Simon Sinek ဟာ “Start with why” နဲ့ “Leaders Eat Last” စာအုပ်တွေ ရေးသားထုတ်ဝေထားတဲ့ဲစာရေးဆရာဖြစ်ပါတယ်။

အရင်တုန်းက သူဟာရှက်ကြောက်တတ်တယ်ဆိုတာကို ဘယ်သူမှယုံနိုင်မှာမဟုတ်ပါဘူး။ ဖြည်းဖြည်းမှန်မှန် ပြောဆိုမှု၊ ကျိုးကြောင်းဆီလျော်တဲ့ ပြောဆိုတင်ဆက်မှုတွေက သူ့ကိုထင်ရှားကျော်ကြားစေခဲ့တာဖြစ်ပါတယ်။

ဖြည်းဖြည်းမှန်မှန်ပြောဆိုတင်ဆက်တဲ့သူဟာ ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံသူတစ်ယောက်လိုပါပဲ။ ပြောနေရင်းနဲ့ ဆက်ပြောမယ့်စကားကိုလည်း ကြိုတင်ပြင်ဆင်နိုင်သလို အမှားလည်း ကင်းပါလိမ့်မယ်။

၃။ အခန်းနောက်ဖက်က လူတွေကြားအောင်ပြောပါ
The Voice Exercise Book စာရေးဆရာ Jeannette Nelson ကတော့ ပြောဆိုတင်ဆက်ချိန်မှာ ပရိသတ်အားလုံးရဲ့ အာရုံစူးစိုက်မှုကို ရယူဖို့ပြောထားပါတယ်။ တင်ဆက်သူတချို့က အစပိုင်းမှာ အားတက်သရောပြောတတ်ကြပေမယ့် ပြီးခါနီးအသံသိပ်မအောင်တော့ပါဘူး။

အခန်းတစ်ခုလုံးကြားနိုင်တဲ့ အသံအနေအထားနဲ့ ပြောဆိုတင်ဆက်ပါ။ နောက်က လူတွေကြားအောင်ပြောပါ။ ဒါမှ ကိုယ့်ရဲ့တင်ဆက်မှုဟာ ပြီးပြည့်စုံမှာဖြစ်ပါတယ်။

၄။ တခြားလူရဲ့ စတိုင်ကိုအတုမယူပါနဲ့
ကိုယ့်အနေနဲ့ အောင်မြင်နေတဲ့ တင်ဆက်သူတစ်ယောက်ယောက်ရဲ့ ပုံစံအတိုင်းလိုက်လုပ်ချင်မိမှာပဲ။ ဒီလိုလုပ်လည်း အကျိုးမထူးပါဘူး။ စကော့တလန်ရဲ့ ပထမဆုံးဝန်ကြီးချုပ် Nicola Sturgeon ကတော့ ကိုယ့်အနေနဲ့ ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ပြောဆိုမှုပုံစံကို သိနားလည်ဖို့ လိုပါတယ်။ နဂိုကတည်းက အသံတိုးတယ်ဆိုရင် ကိုယ့်ပင်ကိုစရိုက်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ပုံစံရအောင်ကျင့်ကြည့်ပါ။ တခြားလူတစ်ယောက်ရဲ့ပုံစံကို အတုခိုးတာက ကိုယ်ပိုင်အရှိန်အဝါကို ကျစေတဲ့အတွက် ကိုယ့်ပင်ကိုယ်စတိုင်၊ ပုံစံနဲ့ပဲ တင်ဆက်တာပိုကောင်းပါလိမ့်မယ်။

၅။ ကိုယ့်စွမ်းအားကို အပြည့်အဝအသုံးချပါ
တင်ဆက်မှုမစခင်မှာ အတွေ့အကြုံရှိတဲ့သူပဲဖြစ်ဖြစ်၊ အတွေ့အကြုံမရှိသေးတဲ့သူပဲဖြစ်ဖြစ် အနည်းနဲ့အများတော့ စိတ်လှုပ်ရှားကြတာပါပဲ။ အဲဒီစိတ်လှုပ်ရှားမှုကို ကိုယ့်အနေနဲ့ ဘယ်လိုထိန်းမလဲဆိုတာ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တဲ့ Gary Vaynerchuk ကတော့ စိတ်လှုပ်ရှားရင် လက်ဝှေ့သမားတွေ ပြိုင်ပွဲမစခင်လုပ်သလို လုပ်ပါသတဲ့။

လူရှေ့သူရှေ့မှာစကားပြောတာ၊ တင်ဆက်တာတွေဟာ တခြားစွမ်းရည်တွေလိုမျိုးပဲလေ့ကျင့်မှ၊ နားလည်တတ်ကျွမ်းမှ ကျင့်သားရလာမှာဖြစ်ပါတယ်။ တင်ဆက်မှုမစခင် စိတ်လှုပ်ရှားတာကို အမြန်ဆုံးမဖယ်ရှားနိုင်သလို လူတိုင်းနဲ့ သင့်တော်မယ့် အကောင်းဆုံးနည်းလမ်းလည်းမရှိပါဘူး။ ကိုယ့်အနေနဲ့ ကိုယ့်ရှေ့က လူတွေကို စံနမူနာယူပြီး ကိုယ်ပိုင်အရည်အချင်းတွေကိုပဲ တိုးတက်အောင် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

နန်းဆွယ်ဆီဝမ်း
Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ