ချက်ချင်း အလုပ်ဖြုတ်သင့်သူများ

ချက်ချင်း အလုပ်ဖြုတ်သင့်သူများ
အချိန်သည် ငွေဟု ဆိုရိုးပြုကြသည်။ ကျားစီးဖားစီး စီးပွားရှာနေသူတို့သည် ဤအချက်ကို ပို၍သဘောပေါက် ကြသည်။ လုပ်ငန်းတစ်ခု အဆင်ပြေစွာ လည် ပတ်နေရာမှ အရှိန် အဟုန် ရပ်တန့်၊ သို့မဟုတ် လျော့ကျသွားသည်နှင့် လျော့ကျသည့် အချိုးကျဝင်ငွေ ထိခိုက် စမြဲပင် ဖြစ်သည်။ ထို့ကြောင့် အဟန့် အတားအနှောင့် အယှက်ဖြစ်မှုကို မလိုလားသလို ထိုအဟန့် အတား အနှောင့် အယှက် ဖြစ်စေနိုင်သူကို မလိုလားချေ။ သို့သော် မတစ်ရာ သားဘုံ လောကတွင် အမျိုးမျိုးအဖုံဖုံသော စုန်းပြူးသဘာဝရှိသူများကို ဝန်ထမ်းများ ထဲတွင် မလွဲမသွေကြုံရ တတ်သည်။ ဤသူတို့ကို သတိချပ်မိရန် သူတို့၏ စရိုက် လက္ခဏာကို သိ တတ်ရန်လိုသည်။

၁။ ဘဝင်ရူး
ဤသူမျိုးများကို လောကတွင် များစွာတွေ့ရ တတ်သည်။ ကိုယ့်ကိုယ်ကိုယ် ရွှေဇွန်းကိုက် မွေးလာသူ၊ နရဏီသိင်္ဂီရွှေ ခွက်က ခြင်္သေ့ဆီ၊ ခြင်္သေ့သွေးဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ် တတ်သည်။ သို့သော်တကယ် တမ်းတွင် ဘဝင် က အထက်၊ အတတ်က အောက်ရောက် နေသော ဇော်ကန့်လန့်များ ဖြစ် တတ်သည်။ သူ့ဘာသာသူ အပြင်မှာ နေ၍ ဝတိံဖျား ထိရောက်နေခြင်းက အကြောင်း မဟုတ်တတ် ပါသော်လည်း လုပ်ငန်းခွင် အတွင်းတွင်မူ ထို အသွင်နှင့် ထိုမူများက အလျဉ်းအံမဝင်ချေ။ သူ့ကိုယ်သူ အားလုံးသိ အားလုံး တတ် အများ တကာ ထက်နှံ့စပ်ဟူသော အတွေးကြောင့် လုပ်ငန်း ခွင်တွင် မည်သူ့ကိုမျှ ကြည့်မရ သည့် အနေရှိသည်။ တန်းတူ လုပ်ဖော် ကိုင်ဘက် များကို ဒီလောက်လေးတောင် မသိ မတတ်ဘူးလား၊ သို့မဟုတ် ဒီလောက် လေး တောင် သိတတ်စွမ်း မရှိသူများအဖြစ် သဘော ထား ဆက်ဆံသလို အထက်လူ၊ အထက်အရာရှိများကို ကံကောင်း၍၊ သူဌေးနှင့်အကြောင်း ပေါင်းသင့်၍ နေရာရထား သူများအဖြစ်သာ မြင်တတ်သည်။ စိတ်ပိုင်း၊ နှလုံး ရည်ပိုင်း အား နည်းသော ဤဘဝင်ရူးများသည် ရုပ်ပိုင်း အားကောင်း တတ်သည်။ ရုပ်ရည် အရ သော် လည်း ကောင်း၊ ဥစ္စာဓနအရသော် လည်း ကောင်း အင်အား အထိုက်အလျောက် ရှိတတ် သည်။ ခြေစွမ်းသည့်အတိုင်း အတာ အလျောက်ရံပေးမည့် သူများရှိတတ်သည့် လောက ထုံးအရ ဤသူတို့သည် သူတို့၏ အားသာချက်များ အကျိုးကြောင့် သူတို့၏အပါး ရပ်မည့် သူများ၊ ရံမည့်သူများ ရတတ်သည်။ ရလွယ်ကြသည်။ ဘဝင်သမားက အထက် အောက် ဘေး လျှောက်ရမ်း အတင်း အဖျင်းတုတ်သမျှကို သူ့အပါး ကပ်၊ အလကားရသမျှ စားလုပ် လာ သူတို့က အားဖြည့် သောအခါ လုပ်ငန်း ခွင်တွင် သင်းကွဲအုပ်စုရှိ လာတတ် သည်။

ထို့ထက်ဆိုးသည့် အချက်ကား အထက်ကို အကြည်ညိုတန်၊ ဖီဆန်မှုများ ရှိလာတတ်ခြင်း ပင်ဖြစ်သည်။ ဤသို့လျှိုဝင် လာသည့် 'သပ်' ကို အရေးယူ ဖြေရှင်းရန် အကောင်းဆုံး နည်း လမ်းကား တစ်ပါးသူ၊ အထက် လူများက မတတ်၊ သူသာတတ်သည်ဟု မပြတ်မလပ် ဌာန တွင်း၌ ဆီမန်းမန်းသလို လျှောက်ပြောနေခဲ့ သော အလုပ်တာဝန် ကြီးတစ်ခုကို သတ်သတ် မှတ်မှတ် တာဝန်ပေး လိုက်ရန်ပင် ဖြစ်သည်။ ထိုတာဝန် ပေးသည့်အတိုင်း သူဖြစ် ထွန်း အထမြောက်အောင် ဆောင်ရွက်နိုင်လျှင် သူသည် အပြောသမား သက်သက် ဘဝင်ရူး တစ်ယောက် မဟုတ်ဟု အထိုက်အလျောက် လက်ခံ ပြီး ပိုကြီးသော တာဝန်ပေးပါ။ ထိုသို့ အဆင့်ဆင့်စမ်းသပ် လက်တွဲ ခေါ်မှုကို သူလိုက်နိုင် ပါလျှင် ဘဝင်အမှန်မြင့် ထိုက်ခဲ့သူဟု လက်ခံလိုက်ပါ။ ကနဦး စမ်းသပ်မှုမှာပင် သူ့လေနှင့်သူ့လက် လိုက်ဖက်မှုမရှိခဲ့လျှင် ချက်ချင်း အလုပ် ဖြုတ် ပစ်လိုက်ပါ။ ထိုသို့မပြုလျှင် အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းတွင်း ဘက်စုံ ပွန်းပဲ့မှု များကြုံရမည်မှာမလွဲချေ။

၂။ လှေကြုံစီးနေသူ
ယေဘုယျပြော ရလျှင် အလုပ်တစ် ခုကို မကျွမ်းကျင်သူတို့သည် ရေသာခို လှေ ကြုံစီး လိုက် တတ်ကြသည်။ သို့သော် ထိုသူတို့သည် လုပ်ရင်းကိုင် ရင်း လုပ်ငန်း ကျွမ်းကျင် လာလျှင် အကျိုးအမြတ် များကို ခံစား လာရလျှင် စိတ် နေစိတ်ထား ပြောင်းပြီး စေတနာထား လုပ် ကိုင်လာ တတ်သည်။ သို့တိုင် အောင် အလုပ်ကိုသိတတ်၊ အကျိုးအမြတ်ကိုလည်း ရယူ ခံစားနေရ ပါသော်လည်း တာဝန်ကျေအောင်ပင် မလုပ်ဆောင် ချင်သူများ ရှိတတ်သည်။ ထိုလူ စားတို့သည် သူတို့၏ပုံမှန်အလုပ်ဟု သတ်မှတ်ထားသည့် အတိုင်းအတာ ထက် နှမ်းတစ်စေ့၊ ပဲတစ်လုံးစာပင် အပိုမလုပ်ချင် တတ်ချေ။ ထိုသူတို့၏ လက်သုံး အကြောင်း ပြချက်များက ခေါင်းကိုက်တယ်၊ ဖင်နာတယ်ဖြစ် တတ်သည်။ သို့မဟုတ် ဧကာဒသမ မြောက် ဘကြီးဆုံး၍၊ ဒွါဒသမမြောက် ခယ်မ လင်နောက်လိုက်၍ ဖြစ်တတ်သည်။ အဓိက သူ၏ရည်ရွယ်ချက်မှာ အဆင် ပြေပြေ မပင်မပန်းနှင့် ရက်ပေါင်း ၃၀ စီကို အေးအေးလူလူ ဖြတ်သန်း ရေး ပင် ဖြစ်သည်။ သို့သော် ထိုလူစားသည် အလုပ်ကပေးသည့် အခွင့်အရေး မှန်သမျှ ယူမည်။ အလုပ်သမား ဥပဒေအရ သတ်မှတ်ထား သည့် အခွင့် အရေးနှင့် ခံစားခွင့် အပြည့်အဝ မရခဲ့လျှင် အကျယ်လောင်ဆုံး ကန့်ကွက် ဆန္ဒ ပြမည့်သူဖြစ်သည်။ အချိန်ပိုဆင်း ရလျှင် ဘာလုပ်ရန်ရှိ၍ဟု မမေးဘဲ အချိန်ပိုကြေးက ဘယ်လောက်လဲဟု မေးတတ်သော လူစား ဖြစ်သည်။ ကိုယ့်ကို ထမင်းကျွေးသော အလုပ်ကို စေတနာမဲ့ ဈေးတွက်တွက်၊ အပေး အယူ သဘောထားလုပ်နေသော သူအကျင့်စရိုက် လောင်းရိပ်သင့်လာပါ လျှင် လုပ်ငန်းခွင် တစ်ခုလုံး ထိခိုက်နိုင်သည်။ ထို့ကြောင့် သူလို အကျင့်ရှိ သူများ မတိုးပွားလာခင် သူ့ကို လုပ်ငန်း ခွင်မှ ရှင်းထုတ် ပစ်ရန်လိုသည်။ ထို သို့သော သူများ၏ အကျင့်စရိုက်များမှာ သန္ဓေ အကျင့် စရိုက်များဖြစ် သော ကြောင့် ပြုပြင်ရခက်သည်။ သူ၏ချို့ယွင်းချက်နှင့် ပတ်သက်၍ သူ့ကိုထိပ် တိုက်တွေ့၊ တည့်ရှင်းလင်းလျှင် ပြုပြုင်မည်ဟု ကတိကဝတ်ပြုမည် မုချဖြစ် သော် လည်း ခွေးမြီးကောက် ကျည် တောက်စွပ် သဘာဝသာရှိမည်။

၃။ ထော်လော်ကန့်လန့်သမား
ဤလိုလူစားတို့၏ ရည်ရွယ်ချက်သည် စည်းကမ်းဖောက် ဖျက်ရေးပင်ဖြစ် သည်။ သာမန် ရုံးတက် ရုံးဆင်း သတ်မှတ် ချိန်မှသည် လုပ်ငန်း၏ အကြီး ဆုံး ကိစ္စရပ်အထိ ပတ်သက်ရာ စည်းမျဉ်းစည်းကမ်း အဝဝကို တစ်စိတ်ဖဲ့ရ ရ၊ နှစ်စိတ်ဖဲ့ရရ ဖောက် ဖျက်ရန် ကြိုးစားလေ့ ရှိသူများပင် ဖြစ်သည်။ ရုံးဝတ်စုံ သတ်မှတ်ချက် ရှိပါလျှင် ဤလူစားက ပြူးပြူးပြောင်ပြောင် စာတမ်းများ၊ အရုပ်များနှင့် တီရှပ်ကို အလျဉ်းသင့်သလို ဝတ်ဝတ် လာမည်။ အလုပ် တစ်ခု လုပ်ရိုးလုပ်စဉ် စည်းကမ်းသတ်မှတ်ချက် ရှိပါလျှင် ဤသူ့ကို အချိန် တိုင်း ထိုအစဉ်အလာကို ရှင်းပြနေရတတ် သည်။ သူသည် စည်းကမ်းကို တမင်သက် သက်ချုပ်ကိုင်ရန် သတ်မှတ် ထားချက်ဟု ယူ ဆသည်။ ယေဘုယျ ပြောရလျှင် ဤသူတို့၏ လောက အမြင်သည် လူများစု အမြင်နှင့် မတူ သလို သူသည် အစဉ်အလာကို လိုက်နာကာ အများနောက်က တစ် ယောက်အဖြစ် မျှောလိုက်ရန် ဆန္ဒမရှိချေ။ သို့သော် သူ၏သွေးတိုးစမ်း စည်းကမ်း ဖောက် နေ မှုများ၊ ကန့်လန့် တိုက်နေမှုများကို သည်းခံနေ၍ မရချေ။ ယင်းသည် လုပ်ငန်းခွင်ကူး စက်ရောဂါ တစ်ရပ်ဖြစ်သည်။ သူ့ကို ပေယျာလကန်ထား လျစ်လျူရှုလိုက်လျှင် ကျန်လူများ လည်း အကျင့် စရိုက် ကူး ဖောက်ပြန်မှုပြုလာမည်။ သို့ကြောင့် ထိုထော်လော် ကန့်လန့် သမားသည် ကိုယ့်လူရင်း ဖြစ်ပါလျှင်ပင် အလိုလိုက်ခွင့်ပြုထား၍ မရချေ။ လူကို ခင်၍ မူကို ပြင်သည့် စည်းကမ်း ဖောက်ဖျက်မှုမျိုး လုပ်ငန်းခွင်တွင် ရှိ၍ မရချေ။ ကျောသားရင် သားမခွဲ တစ်ပြေးညီ သဘောသဘာဝ အလိုဆုံး အရပ်မှာ လုပ်ငန်းခွင်တွင်ဖြစ်သည်။ အကယ်၍ ထိုထော်လော်ကန့် လန့် သမားသည် အစဉ်လာသွေ ဖည်ရေးသမားတစ်ဦး ဖြစ်နေလျှင် အခြေအနေတို့ကို ဆန်းစစ်ရန် လိုမည်။ အများနှင့် ဖီလာတတ်သူ တချို့တွင် သမားရိုးကျ ဘောင်၏ အပြင် ဖောက်ထွက်သည့် အကျင့်များရှိတတ်သည်။ ထိုသူတွင် ဆန်းသစ်သော အတွေးခေါ်အမြင်များရှိ၍ လုပ်ငန်းအကျိုး ပြုနိုင်သည် ဆိုလျှင် အလွန်ကောင်းပေသည်။ ထိုသို့မဟုတ်ပါဘဲ ဝသီကြောင့် စည်း ဖောက် နေသည် ဆိုပါလျှင် ချက်ချင်း အလုပ်ထုတ် ပစ်ခြင်းက အကောင်း ဆုံးဖြေ ရှင်းနည်းပင် ဖြစ်သည်။

Via: B2B Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ