စီမံအုပ်ချုပ်ရေးလုပ်ငန်းစဥ် ပိုမိုကောင်းမွန်စေဖို့

စီမံအုပ်ချုပ်ရေးလုပ်ငန်းစဥ် ပိုမိုကောင်းမွန်စေဖို့

၁။ ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုဆိုတာ

အဖွဲ့အစည်းတစ်ခုမှာ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုရှိဖို့ဆိုရင် Board အဖွဲ့ဟာ ကိုယ်နဲ့ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေရဲ့ လုပ်နိုင်မှုစွမ်းရည်တွေ တိုးတက်အောင်မြင်လာဖို့ ကျင့်သုံးလိုက်နာရမယ့် ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ နည်းဗျူဟာတွေနဲ့မူဝါဒတွေ စတဲ့အချက်အလက်တွေကို စုစည်းပြီး ကဏ္ဍအားလုံးကို ဘက်ညီမျတအောင် ဆောင်ရွက်ဖို့လိုပါတယ်။ အဖွဲ့အစည်းအတွက် လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်ရာမှာ Board အဖွဲ့ရဲ့ အဖွဲ့အစည်းအတွင်း အရေးပါမှုကဏ္ဍ၊ အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုကဏ္ဍ၊ အဖွဲ့အစည်းအတွက်ရပ်တည်ပေးမှု စတဲ့အခန်းကဏ္ဍတွေကို ပြင်ဆင်ထားဖို့ လိုပါတယ်။

စီမံခန့်ခွဲရာမှာ အဖွဲ့အစည်းတစ်ခုရဲ့ မူဝါဒပေါ်မူတည်ပြီး စီမံခန့်ခွဲမှုပုံစံ ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲကွာခြားနေပါစေ Board အဖွဲ့ဟာ သူ့ရဲ့ အရေးပါမှုကဏ္ဍ၊ ရပ်တည်မှုကဏ္ဍနဲ့ ဘယ်သူက ဘယ်တာဝန်တွေကို ထမ်းဆောင်တယ်ဆိုတာနဲ့ပတ်သက်ပြီး ကောင်းကောင်းနားလည်ထားရင် အဖွဲ့အစည်းနဲ့ စီမံခန့်ခွဲမှုအကြား ဆက်ဆံရေးအပိုင်းကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

၂။ Board အဖွဲ့ရဲ့အခန်းကဏ္ဍ

ကနေ့ထိ အဖွဲ့အစည်းတစ်ခု ကျင့်သုံးရမယ့် နည်းဗျူဟာ၊ အကောင်အထည်ဖော်ရမယ့် နည်းလမ်းစတာတွေကို သတ်မှတ်ပြဋ္ဌာန်းပေးရာမှာ Board အဖွဲ့ဟာ အဓိက ကျနေဆဲဖြစ်ပါတယ်လို့ လက်ခံထားကြပါတယ်။ Board အဖွဲ့ရဲ့ အခန်းကဏ္ဍထဲမှာ ဘယ်နည်းဗျူဟာတွေကို ဆက်သုံးမယ်၊ မသုံးဘူးစတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်မျိုးတွေ ချမှတ်ပေးတဲ့အထိ ပါဝင်နေပါတယ်။ ဒါအပြင် Board အဖွဲ့ဟာ အဖွဲ့အစည်းမှာ ဘယ်အတိုင်းအတာအထိ ပါဝင်ဆောင်ရွက်မယ်ဆိုတာကို ဆုံးဖြတ်ထားရမှာဖြစ်ပြီး ဆုံးဖြတ်ထားတဲ့အတိုင်းလည်း စီမံခန့်ခွဲရမှာ ဖြစ်တယ်။

၃။ အဖွဲ့အစည်းရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်

Board အဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေထဲမှာ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်ရွက်နိုင်မှုစွမ်းရည်ကို စောင့်ကြည့်အကဲခတ်တာလည်း ပါဝင်ပါတယ်။ ဒါမှသာ အဖွဲ့အစည်းရဲ့ ဆောင်ရွက်ချက်တွေဟာ ချမှတ်ထားတဲ့ စည်းမျဉ်းစည်း ကမ်း၊ နည်းဗျူဟာ၊ မူဝါဒတွေနဲ့ အဖွဲ့အစည်းကို ဦးဆောင်သူ (ပိုင်ရှင်) မျော်လင့်ထားတဲ့အချက်တွေနဲ့ ကိုက်ညီမှုရှိ၊ မရှိသိနိုင်ပြီး လုပ်ငန်းတွေကို တိတိကျကျ ဆောင်ရွက်နိုင်မှာဖြစ်တယ်။ လုပ်ငန်းအောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို တိုင်းတာရာမှာလည်း စံသတ်မှတ်ထားချက်ရှိတာက လုပ်ငန်းကိုအကောင်းဆုံး လုပ်ဆောင်နိုင်မှာဖြစ်သလို ဖြစ်လာနိုင်တဲ့ Complain တွေကို ရှောင်ရှားပြီးသားလည်း ဖြစ်စေပါတယ်။

၄။ Board အဖွဲ့နဲ့ CEO

CEO နဲ့ Board အဖွဲ့ကြား ဆက်ဆံရေးကလည်း အရေးကြီးပါတယ်။ Board အဖွဲ့ဟာ အဖွဲ့အစည်းအတွက် လိုအပ်တဲ့ CEO ကို ခန့်ထားပေးရမယ်။ CEO နဲ့ အလုပ်အတူ တွဲလုပ်ရမယ်။ CEO ရဲ့လုပ်ဆောင်ချက်တွေကိုလည်း လေ့လာသုံးသပ်နေရမှာဖြစ်တယ်။ လိုအပ်လာရင် အစားထိုးခန့်အပ်ရမယ်။ ဒါကြောင့် Board အဖွဲ့နဲ့ CEO အကြား ဆက်ဆံရေးဟာ အဖွဲ့အစည်းတစ်ခုကို အတူတကွ ပူးပေါင်းစီမံအုပ်ချုပ်ရာမှာ အင်မတန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ နည်းဗျူဟာတွေ ချမှတ်ရတဲ့အခန်းကဏ္ဍနဲ့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေ အထမြောက်အောင်မြင်အောင် ဆောင်ရွက်ရတဲ့ အခန်းကဏ္ဍနှစ်ခုအကြားမှာ Board အဖွဲ့နဲ့ CEO ဟာ ပေါင်းကူးတံတားသဖွယ် ဖြစ်နေလို့ပါပဲ။

၅။ စီမံအုပ်ချုပ်မှုကြောင့်ဖြစ်လာတဲ့ Risk တွေဟာ Board အဖွဲ့ရဲ့တာဝန်ဖြစ်တယ်

Board အဖွဲ့ဟာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တဲ့အချိန်တုန်းက သတိမထားမိလိုက်တဲ့ အချက်အလက်တွေကနေတစ်ဆင့် ဖြစ်လာနိုင်တဲ့ပြဿနာတွေကို မဖြစ်အောင်၊ ဖြစ်ပြီးတဲ့ ပြဿနာတွေကိုလည်း အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ဖြေရှင်းနိုင်မယ့် စနစ်တစ်ခု (Risk Management System) ကို ကြိုတင်ရေးဆွဲတည်ဆောက်ထားဖို့ လိုတယ်။ ဒါဟာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အကျိုးရှိပြီး အသုံးဝင်ပါတယ်။

၆။ Director တွေမှာ သတင်းအချက်အလက် အပြည့်အစုံရှိရမယ်

ပြည့်စုံကောင်းမွန်တဲ့ သတင်းအချက်အလက်တွေက ပြည့်စုံကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ အသုံးဝင်ပြီး အထောက်အကူဖြစ်ပါတယ်။ ဒါကြောင့် ပြည့်စုံမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို Director တွေဆီမှာ ရှိနေဖို့လိုပါတယ်။ CEO နဲ့ စီမံခန့်ခွဲမှုဌာနရဲ့ ဆုံးဖြတ်ချက်တွေကို Board အဖွဲ့က ပုံမှန်တင်ပြပေးတဲ့ စာရွက်စာတမ်းတွေပေါ်ဖော်ပြပြီး Director ဆီကို ပေးပို့ရမှာ ဖြစ်တယ်။ ဒါပေမဲ့ Director တွေရဲ့ ဗဟုသုတစွမ်းရည်၊ ကျမ်းကျင်မှုစွမ်းရည်နဲ့ အတွေ့အကြုံပေါ်မူတည်ပြီး သတင်းအချက်အလက် ရရှိမှုအနေအထား သတင်းပုံဖော်မှုအနေအထားတွေဟာ ကွဲပြားသွားနိုင်ပါတယ်။ ဒါကြောင့်ပြည့်စုံတိကျပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့အတွက် လုပ်ငန်းဆောင်ရွက်နေသူတွေကိုခေါ်ပြီး အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတာတွေ၊ Presentation ပြုလုပ်ခိုင်းတာတွေ၊ လုပ်ငန်းခွင် ဆောင်ရွက်ရာနေရာကို ကိုယ်တိုင်ကွင်းဆင်းလေ့လာတာတွေကို အစီအစဉ်ရေးဆွဲပြီး နည်းလမ်းတကျ ဆောင်ရွက်ပါ။ Director တွေဟာ ဒီနည်းလမ်းတွေကို အသုံးပြုပြီး ကိုယ့်ဆီရောက်လာမယ့် မေးခွန်းတွေရဲ့အဖြေကို ရှာဖွေနိုင်ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်ရာမှာလည်း ဘယ်သူ့ကိုမှ မမှီခိုဘဲ လွတ်လွတ်လပ်လပ်နဲ့ မှန်မှန်ကန်ကန်ချမှတ်နိုင်ဖို့ လိုပါတယ်။

၇။ ထိရောက်ပြီး အကျိုးရှိတဲ့စီမံအုပ်ချုပ်မှုဖြစ်လာစေဖို့

အဖွဲ့အစည်းတစ်ခုရဲ့ဆောင်ရွက်ချက်တွေ ဆုံးဖြတ်ချက်တွေအားလုံးဟာ Board အဖွဲ့ပေါ်မှာ အလုံးစုံတာဝန်ရှိတယ်။ ဒါကြောင့် Board အဖွဲ့ဟာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြုမူဆောင်ရွက်ချက်တွေကို ထိန်းကျောင်းပဲ့ကိုင်နိုင်ဖို့အတွက် တိကျတဲ့မူဝါဒတွေကို ထားရှိရမှာဖြစ်တယ်။ Board အဖွဲ့နဲ့စီမံဌာနကြား ထားရှိရမယ့် တာဝန်တွေကို ရှင်းရှင်းလင်းလင်းနဲ့ အသေးစိတ်ဖော်ပြပေးထားရမယ်။ မူဝါဒတွေကို ပြုစုပျိုးထောင်တာဟာ Board အဖွဲ့ရဲ့ တာဝန်ဖြစ်ပြီး ဒီလိုမူဝါဒတွေရှိနေတာက ဆက်ဆံရေးအပိုင်းတွေ၊ တာဝန်ခွဲဝေရေးအပိုင်းတွေကို အများကြီး အထောက်အကူဖြစ်စေမှာ ဖြစ်တယ်။ ဒါအပြင် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေနဲ့ လုပ်ငန်းဆောင်ရွက်မှုကဏ္ဍတွေကို စီမံခန့်ခွဲမှုအားနည်းနေတယ်ဆိုရင် မှန်ကန်တိကျတဲ့ သတင်းအချက်အလက်တွေကို ရမှာမဟုတ်သလို Director တွေ တစ်ဦးနဲ့တစ်ဦးကြား ဆက်ဆံမှုရေးရာတွေဟာလည်း အားနည်းသွားပြီး လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ မကျေလည်မှုတွေ ဖြစ်လာနိုင်ပါတယ်။

Board အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ စွမ်းဆောင်နိုင်မှုတွေကိုကြည့်ပြီး သာမန်စွမ်းဆောင်ရည်ပဲရှိတဲ့ Board အဖွဲ့လား၊ ဒါမှမဟုတ် စွမ်းဆောင်ရည်မြင့် Board အဖွဲ့လားဆိုတာကိုလည်း သုံးသပ်နိုင်တယ်။

၈။ စွမ်းရည်ပြည့်ဝပြီး ကျွမ်းကျင်တဲ့သူကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးပါ

စွမ်းဆောင်ရည်ပြည့်ဝတဲ့သူကို Board အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးထားပါ။ လေ့လာဆန်းစစ်ချက်တွေအရ အဖွဲ့အစည်းမှာ စီမံအုပ်ချုပ်မှုပိုင်း လိုအပ်ချက်တွေကြောင့်ဖြစ်ပေါ်လာတဲ့ ကတိကဝတ်ပျက်မှုတွေ၊ အမှားလုပ်ဆောင်မှုတွေစတဲ့ ပြဿနာတွေကို မဖြစ်အောင် ကြိုတင်ကာကွယ်တဲ့နေရာမှာ Board အဖွဲ့ရဲ့ စည်းမျဉ်းတွေထက် ဥက္ကဋ္ဌရဲ့ စည်းမျဉ်းတွေ၊ ယုံကြည်မှုတည်ဆောက်ခြင်းတွေက ပိုပြီးထိရောက်မှုရှိတယ်လို့ ဖော်ပြထားပါတယ်။ ဥက္ကဋ္ဌဟာလည်း အဖွဲ့အစည်းရဲ့ခေါင်းဆောင်ဖြစ်တာနဲ့အညီ သူ့ရဲ့ထိုက်တန်တဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်တွေကို ပြသရမှာဖြစ်တယ်။ CEO နဲ့ ဆက်ဆံရေးပိုင်းကို ကောင်းကောင်းမွန်မွန် တည်ဆောက်ထားရမှာဖြစ်သလို ရုံးတွင်းအစည်းအဝေးတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်ပေးတာတွေကိုလည်း ဦးဆောင်လမ်းပြအဖြစ် မှန်ကန်တိကျစွာ လုပ်ဆောင်နိုင်ရမှာဖြစ်တယ်။

၉။ ကျွမ်းကျင်မှုနဲ့စွမ်းရည်ကို အခြေခံတဲ့ Board အဖွဲ့ကို ဖွဲ့စည်းပါ

Board အဖွဲ့ဟာ ကိုယ့်ရဲ့ကျမ်းကျင်မှုကို ကောင်းကောင်းနားလည်သဘောပေါက်ထားပြီး ဘယ်လိုကျမ်းကျင်မှုမျိုးတွေ နောက်ထပ်လိုအပ်နေသေးတယ်ဆိုတာကိုလည်း သိထားရမှာဖြစ်တယ်။ Board အဖွဲ့မှာပါဝင်မယ့် သူတွေကို ရှာဖွေရွေးချယ်ရာမှာ မျမျတတဖြစ်အောင်ရွေးချယ်ဖို့လည်း လိုတယ်။ ဥပမာ – Director တွေ ရွေးမယ်ဆိုရင် အတွေ့အကြုံရှိတဲ့သူ၊ ထူးခြားတဲ့အမြင်ရှိပြီး ကျမ်းကျင်တဲ့သူစသဖြင့် မျတအောင်ရွေးချယ်ပြီး ပါဝင်စေရမှာ ဖြစ်တယ်။ ဒါအပြင် သူတို့ရဲ့စွမ်းဆောင်နိုင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဒါမှ Board အဖွဲ့ဟာ စီမံခန့်ခွဲမှုအပေါ်မှာရော Director တွေနဲ့ ရှယ်ယာပိုင်ဆိုင်ထားသူတွေကြားမှာပါ ဆက်ဆံရေးပိုမိုကောင်းမွန်စေပြီး အဖွဲ့အစည်းတစ်ခုလုံးအတွက် အကျိုးဖြစ်ထွန်းစေမှာ ဖြစ်တယ်။

၁၀။ Board အဖွဲ့နဲ့ Director တွေရဲ့ စွမ်းဆောင်နိုင်မှုကို အကဲဖြတ်ပါ။ အဖွဲ့အစည်းတိုးတက်ဖို့ အခွင့်အရေးတွေ အားလုံးလမ်းဖွင့်ပေးထားပါ

Board အဖွဲ့ဟာ စီမံအုပ်ချုပ်မှုကဏ္ဍတွေ အကျိုးသက်ရောက်မှုရှိရှိနဲ့ အလုပ်လုပ်၊ မလုပ်သိနိုင်ဖို့အတွက် အဖွဲ့အစည်းတစ်ခုလုံးရဲ့ အားနည်းချက်တွေ အားသာချက်တွေကို အမြဲသတိထားစောင့်ကြည့်နေရမယ်။ Board အဖွဲ့ဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်၊ စွမ်းဆောင်နိုင်စွမ်းကို ပုံမှန်ပြန်အကဲဖြတ်တာ၊ Director တစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းကို အကဲဖြတ်တာတွေကို ပြုလုပ်ရမယ်။

ဒီလိုအကဲဖြတ်ပြီး ပြင်သင့်တာပြင် ပယ်ဖျက်သင့်တာဖျက်မှသာ တိုးတက်မှုတွေ ရရှိနိုင်မှာဖြစ်တယ်။ Board အဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ Director တွေရဲ့ ကျမ်းကျင်မှု၊ စွမ်းရည်ပြည့်ဝမှု၊ စိတ်ဓာတ်တက်ကွမှုနဲ့ ရုံးတွင်းဆက်ဆံရေးတွေပေါ်မူတည်ပြီး တိုးတက်မှုတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုး ကွဲပြားနိုင်တယ်။ အားနည်းချက်၊ အားသာချက်တွေကို အကဲဖြတ်သုံးသပ်ပြီး နောက်ထပ်လုပ်ဆောင်ရမှာတွေကို သဘောတူဆုံးဖြတ်ရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်းလည်း လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပြီး အကျိုးရလဒ်တွေကိုလည်း ထိရောက်မှုရှိ၊ မရှိ စောင့်ကြည့်သွားရမှာ ဖြစ်တယ်။

Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ