စွန့်ဦးတီထွင်လုပ်ငန်းရှင် ၇ ဦး၏ အောင်မြင်ခြင်းလျှို့ဝှက်ချက်များ

စွန့်ဦးတီထွင်လုပ်ငန်းရှင် ၇ ဦး၏ အောင်မြင်ခြင်းလျှို့ဝှက်ချက်များ
ကနဦးလုပ်ငန်းစတင်တည်ထောင်သူ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ လုပ်ငန်းတည်ထောင်မှုအစပိုင်းကာလ၏ သင်ခန်းစာများသည် အောင်မြင်မှုများအတွက် အရေးပါလှသည်မှာ အထင်ကရပင်ဖြစ်ပါသည်။ ထိုသို့သော သင်ခန်းစာများနှင့်အလင်းပြသော အချက်အလက်များသည် အခြားစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ သို့မဟုတ် လုပ်ငန်းတစ်ခုစတင်ရန် တာစူနေသူများအတွက်အဖိုးတန်လှပေသည်။

၁။ ဖောက်သည်နောင်တမရစေရန် အကောင်းဆုံးပြင်ဆင်ထားပါ

လုပ်ငန်းငယ်များအနေဖြင့် လုပ်ငန်းစတင်သည့် အစပိုင်းကာလတွင် အရှုံးမရှိရန်နှင့်အမြတ်ရရှိရန်အတွက် ငွေနောက်သို့လိုက်ကြလေသည်။ မဖြစ်နိုင်သည့်ကတိများ၊ အချိန်ဇယား၊ မိမိနှင့်မဆိုင်သည့် တာဝန်များပေးမိတတ်ကြပြီး လက်တွေ့တွင် မိမိလုပ်ငန်း၏ မူလရပ်တည်ချက်နှင့်တန်ဖိုးများကို အလေးမထားဂရုမပြုမူတတ်ပေ။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းငယ်များအနေဖြင့် အလုပ်တစ်ခုလက်မခံခင်ကကတိမျိုးစုံပေးတတ်ကြပြီး စရန်ငွေတစ်စိတ်တစ်ပိုင်းရသည်နှင့်လေသံပြောင်းကာအငြင်းအခုံဖြစ်ရပါသည်။ ထိုသို့သော နောင်တရသွားသည့်ဖောက်သည်များစွာကို IT လောကတွင်ကြားသိတွေ့မြင်နေရပါသည်။

ပုံတူဓာတ်ပုံဆရာဖြစ်သူ John Bentley အနေဖြင့် တစ်နှစ်လျှင်မိသားစုရှစ်ရာခန့်ကိုဓာတ်ပုံရိုက်ပေးရပြီး အနည်းဆုံးရိုက်ချိန်တစ်နာရီကို ဒေါ်လာနှစ်ရာခန့်ယူလေသည်။ ဈေးကြီးသော်လည်း ဖောက်သည်များ မပြတ်ပေ။ “အဓိကတော့ ဈေးလျှော့ပေးတာထက် ဖောက်သည်တွေကို တန်ရာတန်ကြေးထက်ပိုပေးတဲ့အကျိုးနဲ့ ရလဒ်ကြောင့်ပါ” ဟု ဆိုလေသည်။

၂။ ငွေကြေးဆိုင်ရာ အရေးကြီးသည့် အချက်များကိုတန်ဖိုးထားပါ

စာရင်းအင်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်လျှင် လုပ်ငန်းရှင်အများစုက တွန့်ဆုတ်နေတတ်ကြသည်။ လက်တွေ့တွင်မူ ဤစာရင်းအင်းဆိုင်ရာကိစ္စရပ်များနှင့် အကျွမ်းတဝင်ရှိနေခြင်းသည် မိမိလုပ်ငန်းအတွက် လွန်စွာအကျိုးအမြတ်ရှိတတ်ပါသည်။ မိမိလုပ်ငန်း၏စာရင်းအင်းကို သိရှိထားခြင်းဖြင့် တစ်ခါတစ်ရံ ငွေကြေးအကျိုးအမြတ်ထက် မိမိလုပ်ငန်းလူသိရှိစေရန်၊ သို့မဟုတ် မိမိလုပ်ငန်းသမိုင်းကြောင်းအတွက် အကျိုးရှိပါကအရှုံးခံလုပ်ကောင်း လုပ်ရမည်ဖြစ်ပါသည်။ ထိုအခြေအနေမျိုးတွင် စာရင်းအင်းသိရှိနားလည်ထားမှသာ အထောက်အကူပြုနိုင်ပေသည်။

Sixth Story ဒစ်ဂျစ်တယ်အေဂျင်စီတည်ထောင်သူ Sian Lenegan မှ “စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေက စာရင်းဇယားနဲ့ပတ်သက်ပြီး ကြောက်နေမယ့်အစား အခွင့်အရေးတစ်ခုလို့သတ်မှတ်ပြီး အချိန်ယူလေ့လာပြင်ဆင်ရင် မိမိအဖွဲ့အစည်းတိုးတက်ဖွံ့ဖြိုးဖို့ အလွန်ပဲအထောက် အကူပြုပါလိမ့်မယ်” ဟု အကြံပြုလေသည်။

၃။ အလုပ်ထုတ်အပ်ခြင်း (စက်ကိရိယာ၊ သတင်းနည်းပညာကို အသုံးချတတ်ရန်)

လုပ်ငန်းတစ်ခုစတင်သည့် အစပိုင်းကာလများတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအဖို့ အလုပ်မျိုးစုံတာဝန်မျိုး စုံယူတတ်ကြရာ တတ်နိုင်သည်ထက်ပိုလုပ်ရသဖြင့် လူပင်ပန်းစိတ်ပင်ပန်း မလွဲမသွေကြုံရတတ်ပါသည်။ မိမိလုပ်ငန်းနှင့်ဆိုင်သည့် အလုပ်များစွာအနက်မဖြစ်မနေလုပ်ရမည့် အလုပ်များကိုလုပ်ကိုင်ရမည်ဖြစ်သော်လည်း တချို့အလုပ်များကိုမူအပြင်ထုတ်ရန် ကျွမ်းကျင်သည့်အဖွဲ့အစည်းများကို အပ်နှံရန် (Outsourcing) လိုအပ်ပါသည်။ အလားတူယနေ့ခေတ်ကာလတွင် စက်မှုပညာရပ်များ ထွန်းကားလာခြင်း (Automation) နှင့် သတင်းနည်းပညာရပ်ဆိုင်ရာ (Information Technology) များ ဖွံ့ဖြိုးလာသဖြင့် စနစ်တကျအသုံးချတတ်ရန် လိုအပ်လှပါသည်။ Outsourcing ဆောင်ရွက်ခြင်းဖြင့် အချိန်ကုန်လူပန်းသက်သာစေပြီး မိမိအားစိုက်ရမည့်အလုပ်ကို အာရုံစိုက်လုပ်ကိုင်နိုင်ပါသည်။

ဈးကွက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Karlene Agard မှ “ကျွန်မအလုပ်စတုန်းက ဖောက်သည်တစ်ဦးအတွက် အချိန်ပေးရတာဖတ်ဖတ်ကိုမောနေတာပဲ။ အားလုံးသိတဲ့အတိုင်းပဲ အချိန်ဆိုတာပြန်အစားထိုးလို့ မရဘူးဆိုတော့ စနစ်တကျအသုံးချတတ်ဖို့ လိုတယ်လေ။ ဒါ ကြောင့် Outsourcing ရယ်၊ စက်ကိရိယာရယ်၊ ITရယ်ကို စနစ်တကျအသုံးချဖို့ တိုက်တွန်းလိုပါတယ်” ဟု အကြံပြုလေသည်။         

၄။ ဆန်းသစ်တီထွင်မှုနှင့် တီထွင်မှုခွဲခြားတတ်ပါစေ

လုပ်ငန်းသစ်အစပြုသူလုပ်ငန်းရှင်အများစုအနေဖြင့် တီထွင်မှု (Invention) နှင့် ဆန်းသစ်တီထွင်မှု (Innovation) ကို ရောထွေးနေတတ်ပါသည်။ လုပ်ငန်းတစ်ခုအတွက် စတင်တည်ထောင်သည်နှင့် ပြိုင်ဆိုင်မှုပုံစံမျိုးနှင့်အခြေနေမျိုးစုံတို့ကို ကြုံတွေ့ရမည်ဖြစ်ရာ အလုပ်နှင့်ပတ်သက်၍“တန်ဖိုး” (Value) တစ်နည်းအားဖြင့် အကျိုးရှိမှုအစဉ်ရှိနေရန် လိုအပ်ပါသည်။

နယူးဂျာစီရှိ Comodo CA တည်ထောင်သူ Bill Holtz က “ဆန်းသစ်တီထွင်မှုဆိုတာ ဈေးကွက်ပြိုင်ဆိုင်မှုဖောက်သည်အခြေအနေ၊ အခွင့်အရေးနှင့်စိန်ခေါ်မှုတို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဆန်းသစ်တီထွင်မှုရှိမှသာ လုပ်ငန်းရေရှည်ရပ်တည်နိုင်မှုနှင့် အစဉ်အောင်မြင်မှုအတွက် သေချာပါတယ်။ ဆန်းသစ်တီထွင်မှုမရှိတဲ့အဖွဲ့အစည်းဟာ လက်ရှိအခြေအနေမှာရှိတဲ့အခွင့်အရေးတွေ ဆုံးရှုံးသလိုလူသစ်တွေ ဈေးကွက်ထဲဝင်လာဖို့ အခွင့်အရေးဖန်တီးလာသလိုပါပဲ” ဟု အကြံပြုလေသည်။

၅။ အကြွေးမကြောက်ပါနှင့်

လုပ်ငန်းသစ်တိုင်း ရေရှည်တွင်ငွေကြေးအကျိုးအမြတ်ရရှိနိုင်မည်ဟု ယုံကြည်ပြီး အကြွေးမကင်းတတ်ကြပေ။ ဤသည်မှာ ဖြစ်နိုင်ခြေတစ်ခုဖြစ်ပါသည်။ သို့သော် မိမိလုပ်ငန်း၏ အမှန်တကယ်အောင်မြင်ရန်ဖြစ်နိုင်ခြေကို ကြိုတင်တွက်ချက်ထားရန်လိုအပ်ပြီး မိမိ၏ အရင်းငွေထက် အဆများစွာပိုချေးခြင်းမျိုးမလုပ်ရန်နှင့် အချိန်နှင့်အတိုးပေးနိုင်ရန် ကြိုတင်တွက်ချက်ထားရန် လိုအပ်လှပေသည်။

Curaizon တည်ထောင်သူ  Nicholas James Rumble က အကြွေးကိုစနစ်တကျပြင်ဆင်တွက်ချက်ထားဖို့ လိုအပ်သလို ဘယ်လို၊ ဘယ်အချိန်ပြန်ပေးမယ်  ဆိုတာလည်းသိထားဖို့လိုပါတယ်။ အကြွေးနှင့်အတိုး မတန်တဆကြီးထွားလာတာကြောင့် လုပ်ငန်းကိုထိခိုက်နိုင်ပါတယ်။ အကြွေးရှိမှာ ကြောက်ဖို့မလိုသလို အကြွေးကြောက်ပြီး ဘာမှမလုပ်ရဲတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ စနစ်တကျတွက်ချက်ပြင်ဆင်ထားဖို့သာလိုတာ ပါ” ဟု အကြံပြုလေသည်။

၆။ အသေးစိတ်ကို ဂရုစိုက်တတ်ဖို့လိုပါတယ်

“ပထမဆုံးအကြိမ်” တွေ့ဆုံမှုသည် လွန်စွာအရေးပါလှပါသည်။ အင်တာဗျူးတွင်ဖြစ်စေ၊ ဧည့်ခံပွဲတွင်ဖြစ်စေ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှ အဆုံးအဖြတ်ပေါ်မူတည်ပြီး အကျိုးဆက်များစွာရှိလေသည်။ ထို “ပထမဆုံးအကြိမ်” တွေ့ဆုံမှုတွင် စာဖြင့်ရေးသားဆက်သွယ်ခြင်းလည်း ပါဝင်ပေသည်။ စာလုံးပေါင်းမှားခြင်းနှင့် သဒ္ဒါကို ပြီးစလွယ်ရေးခြင်း၊ ခပ်ပေါ့ပေါ့လုပ်ဆောင်ခြင်း စသည့်အသေးအဖွဲလေးများကြောင့် မိမိ၏အဆင့်အတန်းနှင့်စိတ်နေသဘောထားကို လှစ်ခနဲပြလိုက်မိသကဲ့သို့ ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ မိမိ၏အလုပ်တာဝန်၊ သို့မဟုတ် စီးပွားရေးကိုပါအနုတ်လက္ခဏာထိခိုက်တတ်ပါသည်။

Attiva Networks ကုမ္ပဏီ၏ ဈေးကွက်ရှာဖွေရေး၊ အကြီးတန်းအရာရှိဖြစ်သူ Carolyb Crandall “ဒီနေ့ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အရာရာကိုဆုံးဖြတ်လို့ရနိုင်တဲ့အချိန်နဲ့အခြေအနေမှာ ဘာမှမဟုတ်တဲ့အရေးမပါတဲ့ အသေးစိတ်ကိုဂရုမစိုက်ဘူးဆိုရင် ကိုယ့် Professional ထိခိုက်ဆုံးရှုံးဖို့သာမှန်းထားတော့၊ ကိုယ့်ရဲ့စံကို ကိုယ်မထိန်းသိမ်းနိုင်ရင်တော့ ဒုက္ခရောက်ဖို့သာဖြစ်ပါတယ်” ဟု အကြံပြုလေသည်။

၇။ မိမိ၏ ဓူဝံကြယ်ကို သိရှိနိုင်ပါစေ

မိမိလုပ်ငန်း၏ ဓူဝံကြယ်၊ တစ်နည်းအားဖြင့် ဈေးကွက်နှင့်ဖောက်သည်အနေထားတို့ကို ဂဃနဏ သိထားမှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါသည်။

Morressier ၏ ပူးတွဲတည်ထောင်သူနှင့် CEO ဖြစ်သူ Sami Benchekroun က “လုပ်ငန်းရဲ့ ဓူဝံကြယ်ကိုသိထားခြင်း၊ တစ်နည်းအားဖြင့် လုပ်ငန်းရဲ့ ပန်းတိုင်ကိုသိထားမှ လုပ်ငန်းရဲ့အဓိကကျတဲ့ဆုံးဖြတ်ချက်တွေ မှန်မှန်ကန်ကန်ချနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ဖြစ်ချင်ခဲ့တာကို မဆုတ်မနစ်စွဲကိုင်ကြိုးစားခဲ့တာကြောင့် ဘယ်လိုအခက်အခဲတွေကြုံရပါစေ ရည်မှန်းချက် ပန်းတိုင်ရောက်အောင် လျှောက်လှမ်းနိုင်မှာပါ” ဟု အကြံ ပြုလေသည်။

မောင်သာ
Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ