သတင်းအချက်အလက် နည်းပညာတက္ကသိုလ် စတုတ္ထနှစ်သို့ တိုက်ရိုက်တက်နိုင်မည့် ဘွဲ့ကြိုဒီပလိုမာသင်တန်း ဖွင့်မည်

သတင်းအချက်အလက် နည်းပညာတက္ကသိုလ် စတုတ္ထနှစ်သို့ တိုက်ရိုက်တက်နိုင်မည့် ဘွဲ့ကြိုဒီပလိုမာသင်တန်း ဖွင့်မည်
သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်  (UIT) ၏ နေ့သင်တန်း စတုတ္ထနှစ်သို့ တိုက်ရိုက်တက်ခွင့်ရနိုင်မည့် သတင်းအချက်အလက် နည်းပညာဘွဲ့ကြို ဒီပလိုမာသင်တန်းကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုသင်တန်းအဖြစ် ပထမဆုံးအကြိမ် ဖေဖော်ဝါရီ ၁၈ ရက်၌ စတင်ဖွင့်မည်ဖြစ်ပြီး လျှောက်လွှာများ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

ယင်းဘွဲ့ကြိုသင်တန်းကိုအချိန်ပိုင်း ဖွင့်မည်ဖြစ်ပြီး Module ၁၀ ခု (၂၈ ဘာသာ) သင်ကြားမည်ဖြစ်သည်။ Module တစ်ခုလျှင် (ဘာသာရပ် ၃ ခုခန့်ပါမည်) စာသင်ကာလသီတင်း ၁၀ပတ်ကြာမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်အထိဆိုလျှင် ၃ နှစ်ခန့်အထိ ကြာနိုင်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဘာသာရပ်အလိုက် အခြေခံနှင့် အဆင့်မြင့်ဟူ၍ နှစ်ပိုင်းခွဲထားသည်။ အခြေခံအပိုင်းတွင် ဘာသာရပ် ၁၅ ခု သင်ကြားမည်ဖြစ်သည်။ ကာလအားဖြင့် တစ်နှစ်ခွဲခန့်ကြာမည်ဖြစ်ပြီးဂျပန်နိုင်ငံက ကျင်းပသည့် အာဆီယံ ၇ နိုင်ငံအသိ အမှတ်ပြု ITPEC စာမေးပွဲ၏ IT Passport ဖြေဆိုအောင်မြင်နိုင်မည့် ကျွမ်းကျင်မှုများ ရရှိသည်အထိ သင်ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆင့်မြင့်အပိုင်းတွင် ဘာသာရပ် ၁၃ ခုသင်ကြားပြီးပါက ITPEC စာမေးပွဲ၏ FE Exam ဖြေဆိုအောင်မြင်နိုင်မည့် ကျွမ်းကျင်မှုများရသည်အထိ သင်ပေးမည်ဖြစ်ပြီး FE Exam Preparation Training ကိုလည်း ပြုလုပ်ပေးမည်ဖြစ်သည်။ ဘွဲ့ကြိုဒီပလိုမာတန်းပြီးသည်အထိတက်ပြီး FE Exam ကိုလည်း အောင်မြင်လျှင် တက္ကသိုလ်၏ နေ့သင်တန်း စတုတ္ထနှစ်သို့ တိုက်ရိုက်တက်ခွင့်ပြုမည်ဖြစ်သည်။

ယင်းဘွဲ့ကြိုဒီပလိုမာသင်တန်းကို အထက်တန်းအောင်ပြီး လျှောက်လွှာ ပိတ်ရက်တွင် အသက် ၂၁ နှစ်ထက် မကြီးသူ၊ ကျောင်းခေါ်ချိန် ပြည့်အောင်တက်နိုင်သူဖြစ်ရန် သတ်မှတ်ထားပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရမှတ်စာရင်းနှင့် တက္ကသိုလ်တက်နေလျှင် နောက်ဆုံးဖြေခဲ့သည့် စာမေးပွဲရမှတ်စာရင်း ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝက်ဘ်ဆိုက် www.uit.edu.mm တွင် ဝင်ရောက်ရယူနိုင်ပြီး ဖေဖော်ဝါရီ ၁၃ ရက် နောက်ဆုံးထား လျှောက်ရမည်ဖြစ်သည်။

ဝင်ခွင့်စာမေးပွဲကိုဖေဖော်ဝါရီ ၁၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ အင်္ဂလိပ် စာကိုနံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ၊ ပင်ကိုစွမ်းရည်ကိုမွန်းလွဲ ၁၂ နာရီခွဲမှ ၂ နာရီအထိ စစ်ဆေးပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ရေးဖြေအောင်စာရင်း ကြေညာမည်ဖြစ်သည်။

ဘွဲ့ကြိုဒီပလိုမာသင်တန်းအတွက် သင်တန်းသား ၅၀ ဦးခန့်လက်ခံရန် ယင်းတက္ကသိုလ်က လတ်တလော လျာထားသည်။ သင်တန်းကြေးမှာ Module တစ်ခု (နှစ်လခွဲခန့်) အတွက် ကျပ်ငါးသိန်း သတ်မှတ်ထားပြီး စုစုပေါင်းကျပ်သိန်း ၅၀ ခန့် ကုန်နိုင်သည်။ သို့သော် တစ်ခါတည်း ပေးရမည်မဟုတ်ဘဲ Module တစ်ခုစီအလိုက် ပေးရမည်သာဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရသည်။

Credit: The Voice

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ