ဝန်ထမ်းကောင်းတွေ ဘာကြောင့်အလုပ်ထွက်သွားကြတာလဲ

ဝန်ထမ်းကောင်းတွေ ဘာကြောင့်အလုပ်ထွက်သွားကြတာလဲ
သင့်အနေနဲ့ အဲဒီမေးခွန်းရဲ့အဖြေကိုသိချင်တယ်ဆိုရင် အဲဒါဟာသာမန်ဦးနှောက်နဲ့တောင်စဉ်းစားလို့ရနေတာပဲလို့ သင်ထင်ကောင်းထင်နေပါလိမ့်မယ်။ လစာနည်းလို့၊ တိုးတက်မှုမရှိလို့၊ အလုပ်ရှင်နဲ့မတည့်လို့ မန်နေဂျာကအလုပ်နင်းကန်ခိုင်းလို့၊ ဝန်ထမ်းနဲ့သူလုပ်ရတဲ့အလုပ်မကိုက်ညီလို့၊ ဝန်ထမ်းရဲ့အလုပ်နဲ့ သူ့မိသားစုဘဝနဲ့အချိုးမညီမမျဖြစ်နေလို့၊ ဝန်ထမ်းအချင်းချင်းဆက်ဆံရေးမပြေလည်လို့၊ ဌာနအရွှေ့အပြောင်းဖြစ်လို့၊ မိသားစုပြဿနာတွေရှိနေလို့၊ လုပ်ငန်းခွင်ထဲမှာ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိလို့၊ ဝန်ထမ်းကိုမလိုအပ်ဘဲ သေးသေးမွှားမွှားကအစ အသေးစိတ်ကြီးကြပ်နေလို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးရှိနေတတ်ပါတယ်။ ပြောလို့မဆုံးနိုင်အောင်လည်း ရှိနေနိုင်ပါတယ်။ သူတို့တစ်တွေ အလုပ်မြဲအောင် ဘာလုပ်ရမလဲ။ ကုမ္ပဏီတွေက အဲဒီအချက်တွေကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ ငကန်းသေ၊ ငစွေလာမယ်ဆိုတဲ့စိတ်နဲ့ ခပ်ပေါ့ပေါ့တွေးထားတတ်ကြပါတယ်။ တကယ်တော့ အဲဒါဟာဝန်ထမ်းတွေ ဆက်လက်တည်ရှိနေစေဖို့ အတွက်၊ အထူးသဖြင့် မိမိလုပ်ငန်းအတွက် အားကိုးရတဲ့ဝန်ထမ်းကောင်းတွေ၊ လူတော်တွေအတွက် ဒါဟာပိုအရေးကြီးပါတယ်။ ဒီအချက်ဟာ စီးပွားရေးမှာလိုအပ်တဲ့ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ရုံသာမက ဝန်ထမ်းကောင်းတွေ လုပ်ငန်းမှာဆက်လက်မြဲနေစေဖို့နဲ့ စီးပွားရေးလုပ်ငန်း ဆက်လက်ရှင်သန်နေဖို့ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ တကယ်တော့ အားလုံးကိုအနှစ်ချုပ်လိုက်ရင် ဝန်ထမ်းတွေဘာဖြစ်လို့လက်ရှိအလုပ်ကနေ ထွက်ခွာသွားကြတာလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကအချက်လေးချက်ပဲရှိပါတယ်။

၁။ ညံ့ဖျင်းတဲ့ဆုပေးစနစ်

ဆုပေးစနစ်ဆိုတာဟာလစာအများကြီးပေးထားတာ ကိုပြောတာမဟုတ်ပါဘူး။ ဝန်ထမ်းတစ်ဦးကို ဆုချီးမြှင့်ပေးတယ်ဆိုတာ နည်းလမ်းအမျိုးမျိုးနဲ့ ထုတ်ဖော်ပြသလို့ရပါတယ်။ ကုမ္ပဏီရဲ့အတွင်းနဲ့အပြင်(ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာနဲ့သတင်းထုတ်ပြန် ကြေညာတာတွေစတဲ့)နှစ်မျိုးစလုံးဆိုင်ပါတယ်။ လစာဖြတ်တောက်တာမျိုးမပြုလုပ်ဘဲ အပန်းဖြေခရီးအငယ်စားလေးတွေ ထပ်မံစီမံပေးတာတွေ၊ စီမံချက်အသစ်တွေမှာ ဦးဆောင်လုပ်ဆောင်ခိုင်းတာတွေ၊ ရာထူးတိုးပေးတာတွေ၊ သူတို့ဆန္ဒရှိတဲ့ပရဟိတအဖွဲ့တွေမှာ အလှူငွေတွေကို ဝန်ထမ်းရဲ့နာမည်နဲ့တကွ ထည့်ဝင်ပေးတာတွေ၊ ရေပန်းအစားဆုံးဆုပေးစနစ်ဖြစ်တဲ့ လစာကို လျပ်တစ်ပြက်တိုးပေးလိုက်တာမျိုးတွေ၊ မျော်လင့်မထားတဲ့ အချိန်မှာ ဆုကြေးပေးလိုက်တာမျိုးတွေစတဲ့ နည်းလမ်းတွေဟာ အလုပ်ရှင်တွေက ဝန်ထမ်းတွေကိုဆုပေးနိုင်တဲ့ အချို့သောနည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒါတွေ အလုပ်တကယ်ဖြစ်ဖို့အတွက် အလွန်အရေးကြီးတဲ့အချက်တစ်ခုကတော့ မိမိဝန်ထမ်းနဲ့ဆက်ဆံရေးရှိနေဖို့ပါပဲ။ ဝန်ထမ်းတစ်ယောက်အတွက် ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ခံယူချက်ဟာ တခြားဝန်ထမ်းတစ်ယောက်အတွက် အရေးမပါလှတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အဓိကအချက်က ကိုယ့်ဝန်ထမ်းတစ်ဦးချင်းစီရဲ့ အရေးအကြီးဆုံး တန်ဖိုးထားမှုက ဘာလဲဆိုတာကို သိအောင်လုပ်ပြီး အဲဒီအချက်အပေါ်အခြေခံပြီးလုပ်ဆောင်ပေးသွားဖို့ပဲ ဖြစ်ပါတယ်။

၂။ စီမံခန့်ခွဲမှု

ဝန်ထမ်းတွေဟာ ကုမ္ပဏီကိုစွန့်ခွာသွားကြတာ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ရဲ့ မန်နေဂျာတွေကို စွန့်ခွာသွားကြတာဖြစ်ပါတယ်ဆိုတဲ့စကားကို သင်ကြားဖူးမှာပါ။ အဲဒါဟာ အမှန်ပါပဲ။ အကြောင်းရင်းက ဒီလိုပါ။ အလုပ်တွေလုပ်စရာရှိပြီး အဲဒါတွေပြီးမြောက်ဖို့ဆိုရင် စီမံခန့်ခွဲမှုအပိုင်းကတော့ တွန်းအားပေးမှုတွေ၊ ပူးပေါင်းလုပ်ဆောင်မှုတွေ၊ အချိန်ပေါ်မူတည်ပြီး ဆုပေးတဲ့စနစ်တွေနဲ့ ဝန်ထမ်းတွေရဲ့သစ္စာရှိမှုနဲ့ ကျေနပ်မှုတွေကို ထိန်းသိမ်းထားဖို့ဖြစ်ပါတယ်။ အလုပ်ကြပ်တွေ၊ အလယ်အလတ်ပိုင်းက မန်နေဂျာတွေ၊ အဖွဲ့ခေါင်းဆောင်တွေ စတဲ့သူတွေဟာ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ဝန်ထမ်းတွေ၊ အလုပ်အပေါ် တစ်နည်းနည်းနဲ့ကူညီခဲ့တဲ့ ဝန်ထမ်းအငယ်စားတွေကို အသိအမှတ်ပြုပေးဖို့လိုပါလိမ့်မယ်။ အဲဒါတွေက ဝန်ထမ်းတွေအလုပ်မှာဆက်ပြီး တည်မြဲနေအောင် အထက်ပိုင်းက စီမံခန့်ခွဲသူတွေရဲ့ပါဝင်အသိအမှတ်ပြုမှု၊ ဆုပေးတာမျိုးကိုတော့အစားထိုးပေးနိုင်မှာမဟုတ်ပါဘူး။

လူတစ်ဦးချင်းစီကတော့ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေအတွက်ဖြစ်စေ၊ လူတွေကို ဦးဆောင်နိုင်ဖို့အတွက်ဖြစ်စေ ကျွမ်းကျင်မှုလုံလုံလောက်လောက်ရှိကြမှာတော့ မဟုတ်ပါဘူး။

အကြောင်းကတော့ တစ်စုံတစ်ယောက်ဟာ သူတို့အလုပ်မှာကျွမ်းကျင်တယ်ဆိုတိုင်း သူတို့ဟာ မန်နေဂျာကောင်းတွေ ဖြစ်လာလိမ့်မယ်လို့တော့ တစ်ထစ်ချယူဆလို့မရပါဘူး။ ဒါဟာ သဘာဝကျပါတယ်။ ခေါင်းဆောင်နေရာမှာ အံဝင်မှုမရှိတဲ့သူတစ်ယောက်ကို ခေါင်းဆောင်နေရာ ပေးလိုက်တဲ့အခါ အဲဒီလုပ်ရပ်ဟာ လုပ်ငန်းခွင်တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် ဖန်တီးလိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။ အဲဒီကတစ်ဆင့် ဝန်ထမ်းတွေကို မြန်မြန်အလုပ်ထွက်စေပြီး ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာမှုတွေကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ အဲဒါကြောင့် ဝန်ထမ်းကောင်းတိုင်းရဲ့နာမည်ဘေးမှာ မန်နေဂျာရာထူးအတွက် လျာထားတာကို ရပ်ဆိုင်းလိုက်ပါ။ ကုမ္ပဏီရဲ့မျော်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ့်၊ ဝန်ထမ်းတွေအပေါ် စီမံခန့်ခွဲအုပ်ချုပ်နိုင်ဖို့ လိုအပ်တဲ့ကိုယ်ရည်ကိုယ်သွေးမျိုးနဲ့ ပြည့်စုံတဲ့ ပြီးတော့ လုပ်ငန်းတွေအောင်မြင်ပြီးမြောက်ဖို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိတဲ့သူမျိုးကို အဲဒီနေရာမှာခန့်သွားရမှာဖြစ်ပါတယ်။

၃။ ဝန်ထမ်းများခန့်ထားခြင်းနှင့် ရာထူးတိုးပေးခြင်း

ဝန်ထမ်းတစ်ယောက်ဟာ အလုပ်လည်းကောင်းကောင်းမွန်မွန်၊ ဟုတ်တိပတ်တိမလုပ်ဘဲ၊ တချို့ဆို အလုပ်နည်းနည်းလေးပဲလုပ်ပြီး ဆက်ဆံရေးတော့ အလွန်အကျွံကျွမ်းကျင်ပြီး သူတို့နဲ့မထိုက်တန်တဲ့ နေရာဌာန၊ ရာထူးတွေရသွားကြတဲ့သူတွေကို ဝန်ထမ်းကောင်းတွေက သတိပြုမိတဲ့အခါ သူတို့ဟာ သူတို့ပါးကို သူတို့ ရိုက်ခံရသလိုအရှက်ရစေပါတယ်။ အထူးသဖြင့် သူတို့ဟာ အလုပ်ကို အသေအလဲကုန်းရုန်းလုပ်၊ ပြီးတော့ အားလပ်ရက်ခွင့်တွေလည်းမယူဘဲအဖွဲ့အတွက် ကြိုးစားပေးနေတဲ့သူတွေဖြစ်ပြီး သူတို့ထက်ရာထူးတစ်ဆင့် ကြီးတဲ့နေရာကိုကျတော့ အရည်အချင်းကလည်း မပြည့်မီတဲ့ မိုးကျရွှေကိုယ်တစ်ယောက်ကို ခန့်အပ်လိုက်တာကို သူတို့နောက်ဆုံးတွေ့လိုက်ရတယ်။ သင့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရဲ့ညီအစ်ကိုဝမ်းကွဲတစ်ယောက်ကို အတွေ့အကြုံရင့်ကျက်နေတဲ့ သင့်ရဲ့ဝန်ထမ်းကောင်းတွေရဲ့အပေါ်ကနေ သူ့ကို ခေါင်းဆောင်အဖြစ်ခန့်ဖို့ သင့်မှာ အခွင့်အာဏာရှိလို့ ဆုံးဖြတ်လိုက်တယ်ဆိုပါစို့။ ပြီးတော့ သင်အလုပ်ခန့်မယ့်သူကလည်း သူဘာလုပ်ရမယ်ဆိုတာကိုတောင် မသိတဲ့သူတစ်ယောက် ဖြစ်မယ် ဆိုရင် အဲဒီလိုဖြစ်ခဲ့ရင်တော့ သင့်ရဲ့ဝန်ထမ်းကောင်းတွေဟာ အလုပ်ကနေထွက်ကုန်ကြလိမ့်မယ်လို့ သင်မျော်လင့်ထားရမှာ ဖြစ်ပါတယ်။ သင်သိထားဖို့က ကိုယ့်ဘာသာ သဘောကျနှစ်သက်တဲ့သူကို ဝန်ထမ်း အဖြစ်ခန့်မယ်၊ ရာထူးတွေ တိုးပေးမယ်ဆိုရင် အဲဒါဟာ ဝန်ထမ်းကောင်းတွေကို အပြင်ထွက်သွားအောင် လုပ်လိုက်တဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။

 ၄။ အလုပ်ပိခြင်း

ဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းခွင်ကျင့်ဝတ်ကို လိုက်နာတတ်တယ်၊ ဒါမှမဟုတ် စွမ်းဆောင်ရည်ရှိတယ်၊ ဒါမှမဟုတ် အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ အဲဒီလိုဝန်ထမ်းမျိုးကို အလုပ်ရှင်တွေက သတိပြုမိပြီဆိုရင် သူတို့အပေါ်အလုပ်တွေ၊ စီမံချက်တွေ ပိုပိုပြီးပေးလာတတ်ပါတယ်။ သူတို့ ကိုတာဝန်ပေးရင်၊ တာဝန်တွေယူနိုင်မယ်လို့ ယုံကြည်တဲ့သူမျိုးကိုလည်း တာဝန်တွေပိုပြီးပေးနေတတ်ပါတယ်။ ဝန်ထမ်းကောင်းတစ်ယောက်ဟာ အလုပ်တွေကိုပိုပြီး လုပ်ဆောင်နိုင်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီဝန်ထမ်းဟာ သူ့ကိုပေးအပ်လာတဲ့ တာဝန်တွေရယ်၊ စီမံခန့်ခွဲမှုစနစ်က သူ့အပေါ်ဂရုပြုမိမှုကို သူသိရှိလက်ခံလာရတဲ့အခါမှာ သူဟာ အလုပ်ကနေ ထွက်ပြေးလို့မရအောင် ချည်နှောင်ထားခံရပြီလို့ ခံစားမိလာပြီဆိုရင် အဲဒီအခြေအနေဟာ ပြဿနာတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ အလွန်ကောင်းမွန်တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ခြင်းဟာ အလွန်ကောင်းမွန်တဲ့ကိစ္စတစ်ရပ်ဖြစ်သလို ကျိန်စာသင့်သလိုလည်း ဖြစ်နိုင်ပါ တယ်။ အလုပ်ရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေအလုပ်အကိုင်ကောင်းကောင်းလုပ်တယ်ဆိုတာကို အသိ အမှတ်ပြုမိတာဟာ ကောင်းမွန်လှပါတယ်။ အဲဒီအတွက် ဆုလာဘ်ကတော့ အမြဲတမ်း အလုပ်အသစ်တွေ၊ တာဝန်အသစ်တွေ အထပ်ထပ် သွန်ချပေးနေတာမျိုး တော့ မဖြစ်သင့်ပါဘူး။ ဝန်ထမ်းကောင်းတစ်ယောက်မှာ တာဝန်တွေ၊ အလုပ်တွေ ပိုပြီး များပြားနေနိုင်ပါတယ်။ သူတို့ကိုယ်သူတို့ အလုပ်တွေပိရာကနေ လုပ်ချင်ကိုင်ချင်စိတ်တွေ ကုန်ခန်းသွားတာမျိုးအထိ မဖြစ်သွားဖို့ကတော့ အလွန်အရေးကြီးလှပါတယ်။

နောက်ဆုံးအနေနဲ့ ပြောရရင်

အဖွဲ့အစည်းတစ်ခုရဲ့အပြုအမူဓလေ့ထုံးစံတွေက ဝန်ထမ်းတွေ အလုပ်မှာမြဲစေမယ့်လုပ်ဆောင်မှုတွေရဲ့ အတိုင်းအတာအပေါ် ဆုံးဖြတ်ချက်ပေးနေပါတယ်။ အဲဒီ အလုပ်ဟာ နည်းဗျူဟာမြောက်ဆုံးဖြတ်ချက်တွေ၊ စီမံ ချက်တွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ဝန်ထမ်းတွေ မိမိအလုပ်မှာမြဲဖို့ဆိုရင် ဒါဟာ ခက်ခက်ခဲခဲကြီးတော့ မဟုတ်ပါဘူး။ ရှင်းပါတယ်။ သူတို့ကိုသာ မေးကြည့်လိုက်ပါ။ ဘယ်လိုဆိုရင် သူတို့အလုပ်မှာ မြဲနေမှာလဲလို့။ အကယ်၍ အလုပ်ကိုကောင်းကောင်း မွန်မွန်နဲ့ ကြိုးကြိုးစားစားလုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို သင်တွေ့တယ်ဆိုရင် သူ့ကိုအသိအမှတ်ပြုပါ။ ဆုလာဘ်ပေးပါ။ ပြီးတော့ သူတို့ အခုထက်ပိုပြီးတောင့်တင်း ကြံ့ခိုင်လာဖို့သင့်အနေနဲ့ ဘယ်လိုနည်းတွေနဲ့ဆက်ပြီး စဉ်ဆက်မပြတ် မျဝေပေးသွားနိုင်မလဲဆိုတာကို ရှာဖွေသွားဖို့ကိုတော့ မမေ့လိုက်ပါနဲ့ဦး။

Credit: CEO Myanmar

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ