စမတ်ကျကျနဲ့ အလုပ်တွင်စေမယ့် နည်းလမ်း ၇ သွယ်

စမတ်ကျကျနဲ့ အလုပ်တွင်စေမယ့် နည်းလမ်း ၇ သွယ်
လူအများစုပြောကြတာက အလုပ်အလွန်အမင်းကြိုးစားရုံနဲ့ အားလုံးအဆင်ပြေပြီဆိုတာပါပဲ။ ဒီစကားမျိုး သင့်ကိုလာပြောရင် အလုံးစုံတော့ မမှန်နိုင်ဘူးဆိုတာ သိထားသင့်ပါတယ်။

တချို့လူတွေက အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားရုံနဲ့ အရာရာပြီးမြောက်အောင်မြင်နိုင်တယ်၊ ထင်ကြတယ်။ စီးပွားရေးအောင်မြင်မယ်၊ ရာထူးတိုးမယ်၊ စွမ်းဆောင်ရည်တွေ မြင့်လာမယ် စသဖြင့်ပေါ့။

အလုပ်ကို အင်တိုက်အားတိုက် ဖိလုပ်နေရုံနဲ့တင် မလုံလောက်ပါဘူး။ သက်သေပြရမယ်ဆိုရင် သင်ဘယ်လောက်ပဲကြိုးကြိုးစားစားနဲ့ အပင်ပန်းခံနိုင်ပါစေ၊ ကားဘီးကို ပါးစပ်နဲ ့လေမှုတ်သွင်းဖို့တော့ အဆင်မပြေနိုင်ပါဘူး။ မြက်ခင်းပြင်က မြက်ပင်ရှည်တွေကို အိမ်သုံးကတ်ကြေးလေးနဲ့ မနားမနေလိုက်ညှပ်နေမယ်ဆိုလည်း ထိုနည်းတူပါပဲ။ ဒီအရာတွေကို သင့်တော်တဲ့ပစ္စည်း၊ အားထုတ်မှု၊ လုပ်ဆောင်မှုတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ ဆိုလိုတာက လုပ်ရမယ့်အလုပ်ပြီးမြောက်ဖို့ ပျာယာခတ်ပြီး တအားအပင်ပန်းခံနေဖို့ မလိုဘဲ အလုပ်တွင်အောင် လုပ်ရမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သင့်တစ်နေ့တာလုပ်ငန်းခွင်မှာ အဆင်ပြေချောမွေ့ပြီး အကျိုးရှိစွာအလုပ်တွင်စေဖို့ နည်းလမ်းကောင်း ခုနစ်ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ လမ်းထွက်လျောက်ပါ။

စိတ်ရှုပ်ထွေးစရာအလုပ်ခွင်ကို ခေတ္တထားခဲ့ပြီး စိတ်ပြေလက်ပျောက် လမ်းလျောက်ထွက်လိုက်တာဟာ အလုပ်ကို လေးစားမှုမရှိဘူးလို့ ထင်ရကောင်းထင်ရတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုခဏတာအနားယူမှုက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို အများကြီးအကျိုးပြုပါတယ်။ ချက်ချင်းဆိုသလို စိတ်ဖိစီးမှုတွေ လျော့ကျစေနိုင်သလို ဦးနှောက်ကိုလည်း အနားပေးပြီးသား ဖြစ်ပါတယ်။ ဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာတစ်ခုကို ကိုင်တွယ်နေရတဲ့အခါ သိစိတ်က အနားယူဖို့ ကြိုးစားနေပေမယ့် မသိစိတ်မှာတော့ ပြဿနာကို ဖြေရှင်းဖို့ ဆက်ပြီးစဥ်းစားနေတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေမှာ ပြဿနာကို မေ့ထားပေမဲ့ အ့သြစရာကောင်းအောင် အလိုလိုအဖြေပေါ်လာတတ်တာဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးပြီး ကြည်လင်ရှင်ပျတဲ့စိတ်နဲ ့အလုပ်ခွင်ပြန်ဝင်မယ်ဆိုရင် အလုပ်ကိုပိုပြီး စိတ်နှစ်လုပ်ဆောင်နိုင်ပြီး အလုပ်တွင်စေမှာပါ။

၂။ အနှောင့်အယှက်တွေကို သတိပြုပြီးရှင်းလင်းဖယ်ရှားပါ။

အနှောင့်အယှက်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမဲ့ သင်ကိုယ်တိုင် သတိမထားမိတဲ့ အနှောင့်အယှက်ကတော့ အန္တရာယ်အများဆုံးပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ကွန်ပျူတာမှာ အသစ်ဆွဲထားတဲ့ စျေးကွက်အစီအစဥ်တစ်ခုနဲ ့အလုပ်လုပ်နေရင်း စျေးကွက်သုတေသနလုပ်ဖို့ စာမျက်နှာတွေ ထပ်ဖွင့်ထားရတယ်။ ဒီလိုအလုပ်များပြီး ကွန်ပျူတာမှာ ဖွင့်ထားတဲ့စာမျက်နှာတွေများနေတာတောင် Facebook ပါ ဖွင့်ထားမိမယ်။ သင့်သူငယ်ချင်းတွေ Facebook မှာ သင်နဲ ့တွဲတင်ထားတာတွေကဖြစ်စေ၊ Facebook မှာ သင်တင်ထားတာတွေကဖြစ်စေ သတိပေးချက် (Noti) တွေလာမယ်။ ဒီ Noti တွေကိုလည်း စက္ကန့် ၂ဝ လောက်ကြည့်မိတယ်။ ကြာချိန် စက္ကန့် ၂ဝ လောက်ဆိုတာ မပြောပလောက်ပေမဲ့ အလုပ်အပေါ် အာရုံစိုက်မှုနဲ ့ အလုပ်အကြောင်းတွေးထားတဲ့ အတွေးတွေကို ပြန်ဆက်ဖို့ရာမှာ နှောင့်နှေးစေပါတယ်။ ဒီအနှောင့်အယှက်က ခဏတာပဲဖြစ်နိုင်သလို ကြာရှည်လည်း ဖြစ်နိုင်ပါတယ်။ အချိန်များစွာထိကို နှောင့်ယှက်လာပြီဆိုရင်တော့ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာစေနိုင်ပါတယ်။

၃။ အသေးအဖွဲ့ကိစ္စတွေကို လျစ်လျူရှုပါ။

အသေးအဖွဲ့ကိစ္စလေးတွေကို ဦးစားပေးနေမယ်ဆိုရင် လုပ်ဆောင်ရန်ဆိုတဲ့စာရင်း တိုးလာတာပဲ အဖတ်တင်သလို အရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုလည်း အဟန့်အတားဖြစ်စေပါတယ်။ ဥပမာ – သင်ကအလုပ်တာဝန် ကြီးကြီးမားမားယူထားပြီး လုပ်နေရတယ်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကုမ္ပဏီရဲ့ Website မှာ တစ်စုံတစ်ခုပြင်သင့်တယ်ဆိုတာမျိုး မေးလ်ပို့လာမယ်။ အဲဒါကိုလုပ်ဖို့ အချိန်အများကြီးမကုန်ပေမဲ့ သင့်ရဲ့အလုပ်မှာ အနှောင့်အယှက်ဖြစ်နိုင်သလို အဲဒါကိုလုပ်လို ့မပြီးမချင်းလည်း သင့်ကိုစိတ်ဖိစီးစေပါတယ်။ ဒီလိုအသေးအဖွဲ့ကိစ္စလေးတွေကြောင့် စိတ်အနှောင့်အယှက်မဖြစ်ချင်ရင် အရေးမကြီးတာတွေကို လျစ်လျူရှုထားရပါမယ်။ ဖြစ်နိုင်ရင် အင်တာနက်လိုင်းပိတ်ပြီး အလုပ်လုပ်ပါ။ အရေးတကြီးလုပ်စရာ မလိုသေးတဲ့အရာတွေကို လုပ်ဆောင်ရန်စာရင်းထဲမှာ ချမရေးထားမိစေဖို့ လိုပါတယ်။ (အရေးကြီးကိစ္စတွေကိုတော့ အထက်ပါနည်းအတိုင်း မလုပ်မိဖို့ သတိထားသင့်ပါတယ်)။

၄။ အလေ့အထကောင်းမွေးမြူပါ။

အကျင့်၊ အလေ့အထဆိုတာ တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်ပါတယ်။ အလေ့အထဖြစ်လာပြီဆိုရင် လုပ်မယ်ဆိုပြီး တွေးနေစရာမလိုဘဲ အလိုလိုလုပ်မိတတ်ပါတယ်။ ဥပမာပြောရရင် အလုပ်တစ်ခုကို နေ့စဥ်လုပ်ရမယ့် တာဝန်ရှိတယ်ဆိုရင် အဲဒီအလုပ်ကို သင့်မသိစိတ်ထဲအထိ စွဲထင်နေအောင် လုပ်ရပါမယ်။ အလေ့အထတစ်ခုဖြစ်လာဖို့ အစပိုင်းမှာ ခက်ခဲတတ်ပါတယ်။ နည်းလမ်းကောင်းတစ်ခုကတော့ အလေ့အထတစ်ခု အသားကျတဲ့အချိန်အထိ သင့်ကိုယ်သင် မပျက်မကွက် တွန်းအားပေးဖို့ပဲ ဖြစ်ပါတယ်။ (တချို့လူတွေပြောကြတာက အလေ့အထတစ်ခု အသားကျအောင် မိမိကိုယ်မိမိတွန်းအားပေးဖို့ ရက် ၃ဝ ပဲ လိုပါတယ်တဲ့)။

၅။ အခန်းကဏ္ဍခွဲပြီးလုပ်ဆောင်ပါ။

အလုပ်တစ်ခုလုံးပြီးမြောက်ဖို့ တစ်ထိုင်တည်း မနားမနေ လုပ်တာထက် အပိုင်းခွဲပြီး တစ်ဆင့်ချင်းစီ အချိန်သတ်မှတ် လုပ်ဆောင်သင့်ပါတယ်။ အလုပ်တစ်ခုလုံး၊ ဒါမှမဟုတ် ရှုပ်ထွေးတဲ့အလုပ်တာဝန်တွေ ပြီးမြောက်ဖို့ သင့်ကိုယ်သင် တွန်းအားပေးလုပ်ဆောင်စေတာက စိတ်ဖိစီးမှုများစေသလို အလုပ်ပြီးမြောက်မှုမှာလည်း နှောင့်နှေးစေပါတယ်။ အဲဒီနည်းလမ်းအစား အလုပ်တစ်ခုလုံးရဲ့ အပိုင်းကဏ္ဍတစ်ခုချင်းစီခွဲပြီး စိတ်လက်တက်ကွစွာ၊ စိုးရိမ်ပူပန်မှုလျော့နည်းစွာ လုပ်ဆောင်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်စွမ်းဆောင်ရည်ကို အကောင်းဆုံးပုံဖော်ပြီး အလုပ်ပြီးမြောက်စေမှာပဲဖြစ်ပါတယ်။

၆။ တွဲဖက်လုပ်ဆောင်ပါ။

သင်ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ သင့်တစ်နေ့တာမှာ အကျိုးမဖြစ်ထွန်းလိုက်တဲ့အချိန်ခဏများစွာ ရှိနေတတ်ပါတယ်။ ဒီလိုအပ်ချက်တွေက သင့်မှာတွဲဖက်လုပ်ဆောင်တတ်တဲ့အကျင့်လိုနေပြီဆိုတာ ပြသနေပါတယ်။ အဲဒီအချိန်လေးတွေကို အကျိုးရှိတဲ့လုပ်ဆောင်မှုတွေနဲ့ဖြည့်ဖို ့ကြိုးစားကြည့်ပါ။ ထမင်းစားနားချိန်မှာ အီးမေးလ်စစ်တာမျိုး၊ အွန်လိုင်းကနေ ပို့ချမှုဗီဒီယိုကြည့်ပြီး သင်ယူတာမျိုး လုပ်ဆောင်ကြည့်ပါ။ အလုပ်သွားရင်း သင်ကြားမှုအသံဖိုင်နားထောင်တာမျိုးလည်း လုပ်လို့ရပါတယ်။ အလုပ်အားချိန်မှာ TED Talk လို အစီအစဥ်မျိုးကြည့်ပြီး အတုယူလုပ်ဆောင်တာမျိုးလည်း လုပ်သင့်ပါတယ်။ ဒီလိုအချိန်လေးတွေမှာ သင်ယူနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းကောင်းလာတာနဲ့အမျ အလုပ်ပြီးမြောက်မှုစွမ်းရည်လည်း မြင့်မားလာမှာ ဖြစ်ပါတယ်။

၇။ အားသာချက်၊ အားနည်းချက်တွေကို ထိန်းညှိလုပ်ဆောင်ပါ။

သင့်အကြောင်းကို သင်ကိုယ်တိုင်က အခြားသူတွေထက် ပိုသိပါတယ်။ သင့်မှာမွေးရာပါအားသာချက်၊ အားနည်းချက်တွေရှိပါတယ်။ အဲဒါတွေက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်မှာ အကျိုးသက်ရောက်စေပါတယ်။ ဒီတော့ သင့်ဘဝအတွက် အကျိုးရှိစေတဲ့အချက်တွေကိုသေချာစိစစ်ပြီး သင့်မှာဆက်လက်ရှိနေစေဖို့ လုပ်ဆောင်ရမှာဖြစ်သလို သင့်အတွက် အကျိုးယုတ်စေမယ့် အချက်တွေကို ချန်ထားခဲ့စေနိုင်ဖို ့ ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ သင်တစ်ဦးတည်းလုပ်တာထက် တခြားလုပ်ဖော်ကိုင်ဖက်တွေဆီက သင့်ရဲ့အားနည်းတဲ့ လုပ်ဆောင်ချက်တွေ၊ ကျမ်းကျင်မှုတွေနဲ ့ပတ်သက်ပြီး ပြင်ဆင်တဲ့နေရာမှာ အကူအညီယူသင့်ပါတယ်။ ပြီးတော့ အချိန်အများစုကို သင်လုပ်နိုင်သမျ အကောင်းဆုံးလုပ်ပြီး ဖြတ်သန်းသင့်ပါတယ်။

Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ