စွန့်ဦးတီထွင်အောင်မြင်သူတို့၏ အလေ့အကျင့် ၁၀ ခု

စွန့်ဦးတီထွင်အောင်မြင်သူတို့၏ အလေ့အကျင့် ၁၀ ခု
အောက်တွင် ထူးကဲစွာတီထွင်ဆန်းသစ်လေ့ရှိသူများ နေ့စဉ်လိုက်နာကြသော အောင်မြင်မှုသာဓကရှိပြီးသား အလေ့အကျင့်ဆယ်ခုကိုဖော်ပြလိုက်ပါသည်။

၁။ မိမိဆန္ဒပြင်းပြသည့်အတိုင်းလိုက်ပါလုပ်ဆောင်ခြင်း။

တီထွင်ဆန်းသစ်သူတို့သည် မွေးရာပါအရည်အချင်းများ၏ စေ့ဆော်မှုအပေါ် အခြေခံလေ့ရှိတတ်ကြသည်။ ဆိုလိုရင်းမှာ ယင်းတို့အားစေ့ဆော်ပေးသည့်တွန်းအားသည် ယင်းတို့၏စိတ်အတွင်းမှထွက်ပေါ်လာခြင်းဖြစ်သည်။ ဤအတွင်းစိတ်၏တောင့်တမှုက ယင်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်ဖို့ စေ့ဆော်ပေးခြင်းဖြစ်သည်။

တီထွင်ဆန်းသစ်သူတို့သည် ယင်းတို့ဝါသနာကြီးရာ၊ စွဲလမ်းရာနောက်သို့ လိုက်ပါလုပ်ဆောင်ဖို့ ဆန္ဒ ပြင်းပြလေ့ရှိသည်။ အခက်အခဲစိန်ခေါ်မှုများမှခွန်အားယူလေ့ရှိသည်။ ထူးခြားစွာ တီထွင်ဆန်းသစ်သူများ၊ အောင်မြင်သူများသည် ထူးချွန်ထက်မြက်သူများဖြစ်ဖို့ မလိုအပ်ပါ။ သို့သော် ထိုသူတို့သည် မိမိတို့၏ရည်မှန်းချက်များကို အောင်မြင်စွာဆုပ်ကိုင်နိုင်ရန် ဇွဲလုံ့လရှိစွာ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သူများဖြစ်ကြသည်။

အခြားသူများသည် ပြင်ပမှရရှိသည့် စေ့ဆော်မှုများ၊ တစ်နည်းအားဖြင့် ငွေကြေး၊ ကျော်ကြားမှု၊ အဆင့်အတန်းနှင့် မြှောက်စားခြင်းစသည်တို့၏ တွန်းအားများအားဖြင့် လှုပ်ရှားနေကြသူများဖြစ်သောကြောင့် လုပ်ကိုင် ဆောင်ရွက်မှုများတွင် လျော့ရဲသွားတတ်ကြသည်။ မိမိ၏ စိတ်တွင်းမှဖြစ်ပေါ်လာသည့် စေ့ဆော်မှုကြောင့် ကြိုးစားအားထုတ်ခြင်းမှန်သမျသည် အထိရောက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူတို့၏ ”အောင်မြင်မှုအတွက် ကြိုးစားအားထုတ်လိုသည့်ဆန္ဒ” ကြောင့်ဖြစ်သည်။ ဤအချက်သည် ”မိမိ၏အလုပ်အပေါ် ကိုယ်တိုင်ကျေနပ်အားရမှုရှိခြင်းက စေ့ဆော်ပေးသည့်အခါ တီထွင်ဆန်းသစ်လိုသည့်အလေ့အထကို ဖွံ့ဖြိုးလာစေသည်” ဆိုသည့်အချက်နှင့် အားကောင်းစွာဆက်နွှယ်လျက်ရှိသည်။

၂။ အကြံဉာဏ်များကို ရေးမှတ်သိမ်းဆည်းထားတတ်ခြင်း။

အောင်မြင်မှုအရှိဆုံး တီထွင်ဆန်းသစ်သူများသည် ရေးမှတ်လေ့ရှိသောသူများဖြစ်ကြသည်။ တဒင်္ဂဉာဏ်ကွန့်မြူးမှုကြောင့် ဖြစ်ပေါ်လာသည့် အကြံကောင်းတစ်ချက်ဖြစ်စေ၊ ဖတ်ရှုနေသည့်အကြောင်းအရာတစ်ခု၏ စိတ်ဝင်စားဖွယ်အချက်အလက်တစ်ခုဖြစ်စေ အရာရာကိုရေးမှတ်ထားတတ်သူများဖြစ်သည်။ စိတ်တွင်းမှဖြစ်ပေါ်လာသည့် အတွေးအခေါ်အကြံဉာဏ်တို့ကို မှတ်မိနိုင်သမျအတိုင်းအတာရှိသရွေ့ အမြဲတစေရေးသားသိမ်းဆည်းထားခြင်းဖြင့် တစ်ချိန်တွင် ပြန်လည်ဖတ်ရှုသုံးသပ်နိုင်ပေသည်။ တီထွင်ဖန်တီးလေ့ရှိသူများသည် ပုံကြမ်းဖြစ်စေ၊ စာရင်းပြုစုထားခြင်းဖြစ်စေ ရေးခြစ်မှတ်သားတတ်သူများလည်း ဖြစ်သည်။ လုပ်ဆောင်ရန်ရှိသည့် အချက်များ၊ သွားရောက် ကြည့်ရှုလိုသည့်နေရာများ၊ ဖတ်ရှုလိုသည့် စာအုပ်များ စသည်တို့ကို ရေးမှတ်ထားခြင်းဖြင့် တစ်ချိန်တွင် ပြန် လည်ကိုးကားနိုင်ကြသည်။

၃။ အတွေ့အကြုံဗဟုသုတများအားဖြင့် မိမိ၏အတွေးအခေါ် အကြံအစည်တို့ကို ဖြန့်ကြက်တတ်ခြင်း။

တစ်ခါတစ်ရံ အကြံကောင်းတစ်ချက်လက်ခနဲဖြစ်သွားပြီး အလွန်ကောင်းမွန်သည့် အကြံသစ်ဉာဏ်သစ်အပြည့်အစုံတစ်ခုပေါ်လာတတ်သည်။ သို့သော် ယင်းအချက်အပေါ် မျော်ကိုးမှီခိုနေ၍မရပါ။ တီထွင်ဖန်တီးတတ်သူများသည် အကြံကောင်းတစ်ချက်ကို စောင့်မျော်နေရင်း အများရှေ့မှ ဦးဆောင်နိုင်သည့်အဖြစ်ကို ထိန်းသိမ်းထားရန်မဖြစ်နိုင် ကြောင်းကို သိရှိကြသည်။ တီထွင်ဖန်တီးနိုင်ရန်အတွက် လောင်စာ၊ သို့မဟုတ် တွန်းအားလိုအပ်သည်။ ထိုတွန်းအားတွင် ”စာပေဖတ်ရှုခြင်း၊ အကြောင်းအရာသစ်များလေ့လာဆည်းပူးခြင်း စသည်တို့ဖြင့် အသိဉာဏ်ဗဟုသုတ များရှာဖွေသိုမှီးခြင်းနှင့်အတူ အတွေ့အကြုံသစ်များကို လက်ခံရယူ စုဆောင်းခြင်းများ” ပါဝင်သည်။

ဆန်းသစ်တီထွင်သူတို့သည် ခရီးသွားခြင်းအားဖြင့် အသိဉာဏ်ဗဟုသုတများတိုးပွားကြသည်။ နိုင်ငံရပ်ခြားနေထိုင်သူများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများအား လေ့လာခြင်းကို နှစ်သက်မြတ်နိုးကြသည်။ အနုပညာ ပြတိုက်များသို့ သွားရောက်လေ့လာကြသည်။ သဘာဝပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုတတ်ကြသည်။ ဂီတတူရိယာပစ္စည်းများတီးခတ်ရန်သင်ယူခြင်း၊ သို့မဟုတ် မိမိတို့၏ စိတ်ကူးစိတ်သန်းဖြန့်ကြက်နိုင်သည့် အခြားမည်သည့်နည်းလမ်းများဖြင့်မဆို လုပ်ဆောင်တတ်ကြသည်။ အတွေ့အ ကြုံ နှင့် ဗဟုသုတတို့ကို ပေါင်းစည်းလိုက်သောအခါ လိုက် လျောညီထွေပြောင်းလဲပေးနိုင်ခြင်း၊ ရှုပ်ထွေးခက်ခဲသော အတွေးအခေါ်အယူအဆများကို သဘောပေါက်နိုင်ခြင်း စသည့် မိမိ၏စိတ်ပိုင်းဆိုင်ရာအရည်အချင်းတို့ကို မြှင့် တင်ပေးမည်ဖြစ်သည်။

၄။ အရာရာတိုင်းကို မေးခွန်းထုတ်ခြင်း။

တီထွင်ဆန်းသစ်မှုပြုသူတို့သည် သဘာဝအားဖြင့် သိလိုစိတ်ပြင်းပြပြီး ရှာဖွေစူးစမ်းတတ်သူများဖြစ်ကာ သာမန်အားဖြင့် အများကလက်ခံလိုက်သည့် အကြောင်းအရာများစွာကို အလွယ်တကူလက်မခံဘဲ မေးခွန်းထုတ်လေ့ရှိကြသည်။ မေးခွန်းများမေးမြန်းလေလေ၊ အခြားဖြစ်နိုင်ခြေများကို လက်ခံစဉ်းစားစေမည့် တွေးခေါ်မှုများကို နှိုးဆွပေးလေလေဖြစ်သည်။ ယင်းအချက်က ”တီထွင်ဆန်းသစ်သူများအနေနှင့် ယင်းတို့တီထွင်မှုများနှင့် ယင်းတီထွင်မှုများ၏ အရည်အသွေးများအပါအဝင် အရာရာတိုင်းကို အစဉ် မပြတ်စူးစမ်းလေ့လာစိစစ်နေစေသည့်” အကြောင်းရင်းဖြစ်သည်။

ယင်းတို့သည် မည်သည့်အကြောင်းကြောင့်ဖြစ်ရသနည်း၊ သို့မဟုတ် မည်သည့်အကြောင်းကြောင့်မဖြစ် ရသနည်းဆိုသည့် အချက်များကို မေးမြန်းရမှာ မကြောက်ရွံ့ကြပါ။ လက်ရှိအခြေအနေအပေါ်မေးခွန်းထုတ်ခြင်းအပါအဝင်အကြောင်းအရာများကို မတူညီသည့်ရှုထောင့်မှ ရှုမြင်သုံးသပ်ရန် အစဉ်မပြတ် ကြိုးစားလေ့ရှိကြပြီး ယင်းအချက်က ယင်းတို့အား ဖြစ်နိုင်ခြေအသစ်များတွေ့ရှိရန် လမ်းဖွင့်ပေးသည်။

၅။ တီထွင်ဖန်တီးမှုကို အထောက်အကူပြုသည့်ပတ်ဝန်းကျင်ဖန်တီးတည်ဆောက်ခြင်း။

ကျွနု်ပ်တို့ကိုဝန်းရံနေသည့် ပတ်ဝန်းကျင်သည် ကျွနု်ပ်တို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို ဖော်ထုတ်နိုင်သည့် အရည်အချင်းအပေါ် အကျိုးသက်ရောက်မှုရှိပေသည်။ ဆန်းသစ်တီထွင်လေ့ရှိသူများသည် မည်သည့်အချက်များက ယင်းတို့၏ စိတ်ကူးစိတ်သန်းများကို ဖော်ထုတ်ပေးနိုင်ကြောင်းကို သိရှိကြသည်။

ယင်းတို့သည် တီထွင်ဖန်တီးစိတ်ကိုနှိုးဆွပြီး အတွေးအခေါ်ယူဆချက်များ သဘာဝကျကျထွက်ပေါ်လာစေနိုင်မည့် သင့်လျော်မှန်ကန်သော ပတ်ဝန်းကျင်တစ်ရပ်ကို တည်ဆောက်ရန် မည်မျအရေးကြီးသည်ကို နား လည်သဘောပေါက်ကြသည်။ ယင်းတို့၏ လုပ်ငန်းခွင်နှင့် နေထိုင်သည့် ပတ်ဝန်းကျင်တို့ကို နေရာထိုင်ရာရှိ၍ သက်သောင့်သက်သာဖြစ်အောင် ဖန်တီးလေ့ရှိကြသည်။ ယင်းတို့ လွတ်လပ်စွာသက်သောင့်သက်သာ နေထိုင် စိတ်ကူးနိုင်မည့်နေရာကို ရှာဖွေလေ့ရှိကြသည်။

၆။ တားဆီးကန့်သတ်ချုပ်ချယ်မှုများမှ ရုန်းထွက်ခြင်း။

ကျွနု်ပ်တို့၏ ယုံကြည်မှုသည် ကျွနု်ပ်တို့ဘဝကို ဖန်တီးပုံဖော်နိုင်စွမ်းရှိသည်။ ကျွနု်ပ်တို့ကို တုပ်နှောင်တားဆီးထားနိုင်သကဲ့သို့ ပိုမိုမြင့်မားသည့် အခြေအနေသစ်တစ်ရပ်သို့ လည်းမြှင့်တင်ပေးနိုင်သည်။ အမှန်တကယ် တီထွင်ဆန်းသစ်နိုင်ရေးအတွက် ကျွနု်ပ်တို့သည်တားဆီးချုပ်နှောင်ခြင်းများမှကင်းလွတ်နေရမည်ဖြစ်သည်။ ကျွနု်ပ်တို့ကိုချုပ်နှောင်ထားသည့် အတားအဆီးတို့ကို ဖယ်ရှားပစ်ရမည့်အပြင် အယူအဆဟောင်းများ၊ မိမိကိုယ်မိမိ ပိတ်ပင် ကန့်သတ်ထားသည့် ယုံကြည်မှုများကို စွန့်လွှတ်ရမည်ဖြစ်သည်။

ကန့်သတ်ချုပ်ချယ်သည့် ယုံကြည်ချက်များသည် ကြောက်ရွံ့စိုးရိမ်မှုတို့ကို အခြေခံ၍ ထွက်ပေါ်လာခြင်းဖြစ်ပြီး အနုတ်လက္ခဏာဆောင်သော ဆင်ခြေများဖြစ်လေ့ရှိသည်။ ကျွနု်ပ်မလုပ်နိုင်ပါ၊ ကျွနု်ပ်မလုပ်ပါ၊ ကျွနု်ပ်မဟုတ်ပါဟု ပြောလိုက်သည့်အခါတိုင်း ကျွနု်ပ်တို့ ကိုယ်ကျွနု်ပ်တို့ ဘောင်ခတ်လိုက်ပြီး အဆင်ပြေသက်သာသလိုနေထိုင်ခြင်းအတွက် ဆင်ခြေပေးနေခြင်းပင်ဖြစ်သည်။ အမှန်တကယ် တီထွင်ဆန်းသစ်လိုသည့် သူများသည် အတားအဆီးအချုပ်အနှောင်များမှ ရုန်းထွက်နိုင်မည့်နည်းလမ်းများကို သဘာဝအလျောက် မသိစိတ်က ရှာဖွေနေကြသူများဖြစ်သည်။ နည်းလမ်းဟောင်းများတွင် နစ်မနေရန် ကြိုးစားလေ့ရှိကြသည်။ မိမိတို့ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ကို အစဉ်အမြဲစိန်ခေါ်၍ ရှေ့သို့ဆက်လက် တက်လှမ်းနိုင်သည့် သတ္တိနှင့်ယုံကြည်မှုအပြည့်ရှိကြသူများဖြစ်သည်။

၇။ တီထွင်ဖန်တီးသည့် လုပ်ငန်းစဉ်ကို ပြုစုပျိုးထောင်ခြင်း။

တီထွင်ဆန်းသစ်မှုပြုလိုသူတို့သည် တီထွင်ဖန်တီးခြင်း လုပ်ငန်းစဉ်ကို ဆက်လက်ရှင်သန်နေစေရမည်ဆိုသည့် အချက်အားနားလည်သဘောပေါက်ကြသည်။ အကြံအစည်များကို အကောင်အထည်ဖော်ရန် အချိန်ယူသည်ဆိုသည့်အချက်ကိုလည်း သိရှိထားကြသည်။ အကြံဉာဏ် များသည် မသိစိတ်တွင် ခိုအောင်းနေတတ်ပြီး အပြည့်အ၀ပုံပေါ်လာရန် အချိန်ယူပြုပြင်မွမ်းမံပေးရန်လိုအပ်သည်။

ထူးကဲစွာတီထွင်ဆန်းသစ်လိုသူတို့သည် ဖြစ် နိုင်ခြေမှန်သမျကို ချရေးရန်နှင့် တည်ငြိမ်စွာဆင်ခြင်သုံးသပ်ရန် အချိန်များကို အပတ်စဉ်သတ်မှတ်အချိန်ပေးထား လေ့ရှိသည်။ ယင်းတို့သည် တီထွင်ဖန်တီးမှုများ အပြည့် အဝပုံပေါ်လာရန် အချိန်နှင့်နေရာပေးရမည်ဆိုသည်ကို လက်ခံသဘောပေါက်ကြသည်။ ဤဖြစ်စဉ်သည် တီထွင် ဖန်တီးမှုလုပ်ငန်းစဉ်အတွက် အဓိကကျသည့်အဆင့်ဖြစ်ပြီး အကြံဉာဏ်အယူအဆများကို အသေးစိတ်စိစစ်ချေ မှုန်းရန် အခွင့်ရစေသည်။

၈။ ပုံပန်းသဏ္ဌာနှင့်ဆက်နွှယ်မှုများကိုမနားမနေပြင်းပြင်းထန်ထန်ရှာဖွေခြင်း။

ကမ္ဘာလောကကြီးသည် စိတ်ဝင်စားဖွယ် ပုံပန်းသဏ္ဌာန်၊ ဆက်နွှယ်မှုတို့ဖြင့် ပြည့်လျက်ရှိသည်။ တီထွင်ဆန်းသစ် သူတို့ကဤအပြင်အဆင်များကို သတိထားမိကြသည်။ နေရာဒေသနှင့် လူတို့ကြားဆက်နွှယ်ပတ်သက်မှု၊ အချက်အလက်တစ်ခုနှင့်တစ်ခုတို့ကြား ဆက်နွှယ်မှုတို့ကို တွေ့ရှိကြသည်။ အရာရာတိုင်းသည် မည်သည့်အတွက်ကြောင့် လက်ရှိအတိုင်းဖြစ်ပျက်နေကြသနည်း၊ တိုးတက်ကောင်းမွန်အောင် မည်ကဲ့သို့ပြုနိုင်မည်နည်းဆိုသည့် အချက်များ ကို သိနိုင်ရန် အရာဝတ္ထုတို့၏ အတွင်းဖြစ်စဉ်များကို အဓိပ္ပာယ်ရှာဖွေဖော်ထုတ်ကြသည်။ လူတို့ မည်ကဲ့သို့ ကျင့်ကြံပြုမူနေကြသနည်း၊ မည်သည့်အချက်များက ဤ ကဲ့သို့ ဖြစ်စေသနည်း၊ မည်သည့်အရာများက ယင်းတို့ကို ပျော်ရွှင်အောင်၊ ဝမ်းနည်းအောင် ပြုနေသနည်း စသည် ဖြင့် အဖြစ်အပျက် အသေးစိတ်တို့ကို သတိပြုမှတ်ထား တတ်ကြသည်။ လူတို့ တစ်ဦးနှင့်တစ်ဦးသော်လည်း ကောင်း၊ ပတ်ဝန်းကျင်နှင့်သော်လည်းကောင်း မည်ကဲ့သို့ အပြန်အလှန် ပြုမူဆက်ဆံနေကြသနည်းဆိုသည်ကို အာရုံ စိုက်လေ့လာကြသည်။ ဤအချက်များအားလုံးက အကြံ ဉာဏ်အတွေးအခေါ်များ ထွက်ပေါ်ထွန်းတောက်လာစေသည့် လောင်စာများဖြစ်ပြီး ဤဖြစ်စဉ်များကို ပိုမိုနက်ရှိုင်း စွာ လေ့လာကြည့်ရှုရန်လည်း တွန်းအားပေးသည်။

၉။ စိတ်ဝင်စားစရာနယ်ပယ်မျိုးစုံကြား အဆင်ပြေစွာကူးလူးပြောင်းလဲတတ်ခြင်း။

စစ်မှန်သော ကြီးကျယ်အောင်မြင်သည့် တီထွင်ဆန်းသစ် သူတို့သည် စီမံကိန်းတစ်ခုတည်းပေါ်တွင် ကျေနပ်ရောင့်ရဲ လေ့မရှိကြပေ။ တစ်ချိန်တည်းဖြစ်ပျက်၍ တစ်ခုနှင့်တစ် ခုအပြန်အလှန်ကြီးထွားစေသည့် စိတ်ဝင်စားဖွယ် စွန့် စားလုပ်ကိုင်ရခြင်း အမျိုးမျိုးကို လိုက်လံရှာဖွေလုပ်ကိုင် လိုသည့်ဆန္ဒ ဖြစ်ပေါ်တတ်ကြသည်။ ယင်းတို့သည် အရည်အချင်းမျိုးစုံကို ပိုင်ဆိုင်သူများ၊ သို့မဟုတ် နယ်ပယ်ပေါင်းစုံတွင် ထူးချွန်သည့် အရည်အချင်းကို ပိုင်ဆိုင်သူ များ ဖြစ်ကြသည်။

တီထွင်ဖန်တီးတတ်သူအချို့သည် အလွယ်တကူစိတ်ပြောင်းလဲတတ်ကြပြီး လုပ်ငန်းတစ်ခုမှအခြားတစ်ခုသို့ တစ်ချိန်လုံးကူးလူးနေကြသည်ဟု ထင်ရတတ်သည်။ အဖြစ်မှန်မှာ ယင်းတို့သည် အကြောင်းအရာများစွာကို စိတ်ဝင်စားရခြင်းအပေါ် စိတ်လှုပ်ရှားကြခြင်းသာဖြစ် သည်။ ယင်းတို့၏ ကျယ်ပြန့်လှသည့် တီထွင်မှုနယ်ပယ်အတိုင်းအတာအပေါ် စိတ်ဝင်စားခြင်းက လုပ်ငန်းမျိုးစုံကို တစ်ပြိုင်တည်းလုပ်ဆောင်လိုသည့်ဆန္ဒကို ပေါ်ပေါက်စေ ခြင်းဖြစ်သည်။

ယင်းတို့သည် လုပ်ငန်းတစ်ခုတည်းအား လိုက် လံလုပ်ဆောင်ရခြင်းကို မကျေနပ်ကြပေ။ အသက်မွေး လုပ်ငန်းတစ်ခုတည်းကို အတင်းအကျပ်ရွေးချယ်ခိုင်းမည်ဆိုလျင် ခက်ခက်ခဲခဲ ကြိုးစားရမည်ဖြစ်ပြီး စိတ်ကျဉ်း ကြပ်မှုခံစားကြရမှာဖြစ်သည်။

၁၀။ စိတ်ဖြာဆန်းစစ်ပြီး ပြုပြင်မွမ်းမံတီထွင်တတ်ခြင်း။

တီထွင်ဆန်းသစ်သူတို့သည် အရာဝတ္ထုများ အလုပ်လုပ်ပုံကို ပိုမိုသိနားလည်လိုတတ်ကြသည်။ ယင်းတို့သည် ပစ္စည်းများကို တစ်စစီဖြုတ်၍ ပြန်လည်တပ်ဆင်ခြင်းပြုနိုင် မပြုနိုင်သိလိုသည့် အထူးသဖြင့် မိမိတို့၏ ကိုယ်ပိုင်ပြုပြင်မွမ်းမံမှုအချို့ ထည့်သွင်း၍ရမရသိလိုကြသည့်ဖြုတ်တပ်ပြုပြင်ရန် ကြိုးစားတတ်ကြသူများ၊ စမ်းသပ်လို ကြသူများဖြစ်ကြသည်။

တီထွင်ဖန်တီးမှုအလွန်အားကောင်းသူတို့သည် အရာဝတ္ထုပစ္စည်းများ မည်ကဲ့သို့အလုပ်လုပ်သည်၊ မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့အလုပ်လုပ်သည် စသည်တို့ကို နားလည်ရန် ကြိုးစားကြသူများဖြစ်သည်။ ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ လိုက်ခြင်းအားဖြင့်၊ ထိုအစိတ်အပိုင်းများ မည်သို့ဆက်စပ်နေကြသည်၊ ပိုမိုကောင်းမွန်အောင် မည်ကဲ့သို့ ပြုလုပ်နိုင်မည် စသည့်အချက်များကို မြင်တွေ့နိုင်ကြပေသည်။

Credit: CEO Myanmar Facebook Page

မှတ်ချက်အသစ် ရေးသားရန်

 သင့်ရဲ့မှတ်ချက် ပေးပို့မှုကို လက်ခံရရှိပါသည်။ ကျေးဇူးတင်ပါသည်။   အသစ်တဖန်
ဝမ်းနည်းပါတယ်− ကျေးဇူးပြု၍ ထပ်မံကြိုးစားပါ